Wednesday, August 3, 2016

ရုပ်ရှင်ရိုက်ကူးရန် ဟိုချီမင်းမြို့သို့ရောက်ရှိနေသည့် ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံဟောင်း မိုက်တိုင်ဆန်




The Mirror Daily's photo.
ဟိုချီမင်း သြဂုတ် ၂

ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံဟောင်း မိုက်တိုင်ဆန်မှာ ဟောင်ကောင် အမျိုးသမီးဒါရိုက်တာ ဘာဘရာဝေါင် ရိုက်ကူးသော ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင်ရန် ဟိုချီမင်းမြို့တော်သို့ရောက်ရှိနေကြောင်း ဒေသန္တရ မီဒီယာများက သြဂုတ် ၂ ရက်တွင် ရေးသားဖော်ပြသည်။

အမေရိကန် လက်ဝှေ့သမားဟောင်း မိုက်တိုင်ဆန်သည် လူဆိုး ဂိုဏ်းခေါင်းဆောင်တစ်ဦးအဖြစ် အဓိကအခန်းကဏ္ဍမှ ပါဝင် သရုပ်ဆောင်သူ နာမည်ကျော် ဗီယက်နမ်သရုပ်ဆောင် ထရန် ဘောင်ဆန်ထုတ်လုပ်သော ဟာသရုပ်ရှင်ကား “Girls 2”တွင် ဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်နေကြောင်း အွန်လိုင်းသတင်းစာ Nguoi Lao Dong ကဆိုသည်။ မိုက်တိုင်ဆန်သည် အဆိုပါရုပ်ရှင်ကား၌ လူဆိုးဂိုဏ်း ခေါင်းဆောင်လက်မှ ရုပ်ရည်ချောမော လှပသော ဟောင်ကောင်မိန်းမပျို သုံးဦး လွတ်မြောက်စေရန် ကူညီသည့် ဇာတ်ကောင် ဒရာဂွန်အဖြစ် သရုပ်ဆောင်ထားသည်။

''မိုက်တိုင်ဆန်က ဖော်ရွေမှုကင်းပြီး ကြမ်းကြုတ်တဲ့ပုံပေါ်ပေမယ့် တကယ်တော့ သူက ချစ်စရာကောင်းသူပါ'' ဟု ထရန်ဘောင်ဆန်က ပြောကြားသည်။ မိုက်တိုင်ဆန်မှာ ဗီယက်နမ် နိုင်ငံ၌ ရက်သတ္တပတ်ကြာနေထိုင်မည် ဖြစ်သော်လည်း မလှုပ်သာသော အချိန်ဇယားကြောင့် ရှုခင်းများ လှည့်ပတ်ကြည်ရှုရန် အချိန်ရရှိမည် မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ဟောင်ကောင်နှင့် တရုတ်(တိုင်ပေ)မင်းသမီးများစွာ ပါဝင်သရုပ်ဆောင်မည့်“Girls 2” ရုပ်ရှင်ကားကို ဗီယက်နမ်နိုင်ငံမတိုင်မီ ဟောင်ကောင်နှင့် အခြားအာရှဈေးကွက်များသို့ ခရစ္စမတ်ကာလအတွင်း ဖြန့်ချိသွားမည်ဖြစ်သည်။

၂ဝ၁၅ ခုနှစ်ကလည်း မိုက်တိုင်ဆန် သည် ဒွန်နီယန်း ဇာတ်ကောင် Ip Man အဖြစ်သရုပ်ဆောင်ထားသည့် အောင်မြင်သော တရုတ်ရုပ်ရှင်ကား “IpMan 3”တွင် ဧည့်သည် သရုပ်ဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ “Girls 2” ရုပ်ရှင်ကားတွင် မိုက်တိုင်ဆန်မှာ အချိန်ပိုမိုကြာမြင့်စွာ ပါဝင်သရုပ်ဆောင်မည်ဟု ထရန်ကဆိုသည်။
ဆင်ဟွာ။

No comments:

Post a Comment