လူမှုဘဝလုံခြုံစိတ်ချမှုရှိရေး
မြန်မာနိုင်ငံအတွင်း မှုခင်းဖြစ်စဉ်များဖြစ်ပေါ်ခဲ့သည့်အနက် သက်ငယ်၊ သက်ကြီးအမျိုးသမီးများဘဝ လုံခြုံစိတ်ချရေး၊ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိစေရေးတို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ များ၏ဦးဆောင်မှုဖြင့် မြို့နယ်အလိုက်အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့နယ် အလိုက်ရဲတပ်ဖွဲ့များနှင့် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲများ ကျင်းပပေးနေသည်ကို မြင်တွေ့လာပါသည်။
ထိုသို့ဆောင်ရွက်ခြင်းသည် ထိရောက်သောရည်ရွယ်ချက်ကောင်းတစ်မျိုးဖြစ်ပြီး ကြိုတင်ကာကွယ်ရေးအတွက် ရှေးဦးလုပ်ဆောင်ချက်ဟု ဆိုရမည်ဖြစ်သည်။ အမျိုးသမီးများနှင့်ပတ်သက်သည့် မှုခင်းဖြစ်စဉ်များမှာ များသောအားဖြင့် အသိပညာဗဟုသုတအားနည်းခြင်းကြောင့် အများဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်သည်ကို ပေါ်ပေါက်ခဲ့သော မှုခင်းဖြစ်စဉ်များက မီးမောင်းထိုးပြလျက်ရှိသည်။ မဖြစ်ခင်ကရှောင်ရှားနိုင်ရေးတွင် အသိပညာ ဗဟုသုတရှိရေးမှာ အရေးအကြီးဆုံးဖြစ်၍ ယခုကဲ့သို့အသိပညာပေးပွဲများကို အားပေးကြရမည်ဖြစ်သည်။
ပြီးခဲ့သည့်ရက်က ရေဦးမြို့တွင် မုဒိမ်းမှု၊ လူမှောင်ခိုနှင့်လူကုန်ကူးမှုဖြစ်စေနိုင်သော အသိပညာပေး ဟောပြောပွဲလုပ်ခဲ့ရာ သက်ကြီးသက်ငယ် အမျိုးသမီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်၍ အသိပညာများရယူခဲ့ကြပြီး ရေဦးမြို့နယ်မှတာဝန်ရှိသူတို့က မှုခင်းဖြစ်ပွားစေနိုင်သည့် အခြေခံအချက်များကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားသွားခဲ့သည်မှာ အမျိုးသမီးနှင့် ကလေးသူငယ်များအတွက် စိတ်ဝင်တစား မှတ်သားလိုက်နာသင့်သော အချက်များပင်ဖြစ်သည်။
အမျိုးသမီးများလိုက်နာသင့်သည့် ကျန်းမာရေးဆိုင်ရာအချက်များ၊ မိန်းကလေးများ တစ်ဦးတည်းနေထိုင်မှုကြောင့် စော်ကားခံရခြင်း၊ အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် ဖြစ်ပွားရခြင်း၊ ညစ်ညမ်းဗီဒီယိုများကြည့်ရှုခြင်းကြောင့် ဖြစ်ပွားရခြင်း၊ သမီးရည်းစားများ ချိန်းဆိုတွေ့ရှိရာမှ ကျူးလွန်မှုများနှင့် ထိမ်းမြားမှုမပြုလုပ်သောကြောင့် ဖြစ်ပွားရခြင်း၊ သွေးဆောင်၍ သူစိမ်းယောက်ျားလေးများနှင့်စေလွှတ်ပေးရာမှ ဖြစ်ပွားရခြင်း၊ အရွယ်မရောက်မီ ကလေးများအား ယောက်ျားလေးများနှင့်ရင်းနှီးစွာနေထိုင်ရာမှ ဖြစ်ပွားရခြင်း၊ မယားပါသားသမီးများ၊ ဇနီးမှပါသော တူမ၊ ခယ်မများ၊ ပထွေး၊ ခဲအို၊ ဦးလေးများနှင့် ရင်းရင်းနှီးနှီးနေထိုင်ပြီး တစ်ဦးတည်းထားခဲ့ရာမှ ဖြစ်ပွားခြင်း၊ မိန်းကလေးများ တစ်ဦးတည်းအဖော်မဲ့စွာဖြင့် ဆိတ်ကွယ်ရာအရပ်သို့ သွားလာခြင်း၊ မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏သမီးမိန်းကလေးများအား လယ်တောသို့ တစ်ဦးတည်းစေလွှတ်ခြင်း၊ ပျော်ပွဲ ရွှင်ပွဲ ပွဲလမ်းသဘင်ပွဲများသို့ အဖော်မဲ့စွာသွားလာခြင်း၊ ဘိုးတော်တု၊ ဆရာတုများအား ယုံကြည်မှုလွန်ကဲခြင်း စသည့်အချက်များမှာ မှတ်သားလိုက်နာသင့်သောအချက်များဖြစ်သည်။
ထို့အပြင် လူကုန်ကူးမှုဖြစ်ပွားစေသော အဓိကအကြောင်းအချက်များဖြစ်သည့် နိုင်ငံရပ်ခြားသို့ တရားမဝင်အလုပ်သွားရောက်လုပ်ကိုင်ခြင်း၊ တရားမဝင်အလုပ်လုပ်ကိုင်ရာမှ ဘေးဒုက္ခအန္တရာယ်နှင့်ကြုံတွေ့ရခြင်း၊ ဖြတ်လမ်းနည်းဖြင့် ကြီးပွားချမ်းသာလိုခြင်း၊ ဆင်ခြင်တုံတရားနည်းပါးခြင်း၊ ဗဟုသုတနည်းပါးခြင်း၊ အယုံလွယ်ခြင်း၊ မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ အုပ်ချုပ်မှုမပြည့်ဝခြင်း၊ မိသားစုအိမ်ထောင်ရေးအဆင်မပြေခြင်း၊ ကလေး သူငယ်များအား မေတ္တာအပြည့်ဖြင့် မျက်ခြည်မပြတ်စောင့်ရှောက်မှု အားနည်းခြင်း၊ လူပွဲစားများအပါအဝင် မည်သူ့ကိုမျှ မယုံကြည်မိစေခြင်း၊ မိမိမကျွမ်းကျင်သည့်ဒေသသို့ အလွယ်တကူမသွားရောက်စေခြင်း၊ စိတ်ချရသည့် တရားဝင်အလုပ်အကိုင်ရှာဖွေပေးသူနှင့်သာ လုပ်ကိုင်ခြင်း၊ မိမိ၏ကလေးငယ်များအား အခြားသူများထံတွင် စိတ်ချယုံကြည်စွာ မအပ်နှံသင့် ခြင်း၊ အမျိုးသမီးနှင့်ကလေးသူငယ်များအား ကား၊ ရထားများဖြင့် အစုလိုက် ခေါ်ဆောင်သွားမှုများကို တွေ့ရှိပါက အချိန်မီသတင်းပေးပို့ခြင်းတို့သည် ကျေးလက်နေပြည်သူများအတွက် သတိပြုမှတ်သားရမည့်အချက်များ ပင်ဖြစ်သည်။
ထို့ကြောင့် မှုခင်းကျဆင်းရေး၊ အမျိုးသမီးနှင့်ကလေးသူငယ်များ သားကောင်များအဖြစ် ဘေးဒုက္ခ မကျရောက်စေရေးအတွက် အသိပညာ ပေးဆွေးနွေးမှုများကို ကျယ်ကျယ်ပြန့်ပြန့်လှုံ့ဆော်ပညာပေးပြီး သိရှိမှတ် သားလိုက်နာ ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါသည်။ ။
No comments:
Post a Comment