Saturday, July 2, 2016

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ(NCA)စာချုပ် လက်မှတ်ရေးထိုးထားခြင်းမပြုရသေးသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တွေ့ဆုံမည်




The Mirror Daily's photo.


သတင်း - ရဲခေါင်ညွန့်
ဓာတ်ပုံ - ဖိုးထောင်
ရန်ကုန် ဇူလိုင် ၁

ကချင်ပြည်နယ် မိုင်ဂျာယန်တွင်ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးပါဝင်သည့် ညီလာခံမတိုင်မီ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ(NCA)စာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိ သေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တွေ့ဆုံသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) အကြို ပြင်ဆင်ရေးကော်မတီနှင့် UNFC က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN)တို့ တွေ့ဆုံသည့် အစည်းအဝေးမှ သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) အကြိုပြင်ဆင်ရေး ကော်မတီနှင့် UNFC က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေး ရေးကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN)တို့သည် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ(၂၁ ရာစုပင်လုံ)တွင် NCA လက်မှတ်ထိုးမထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်လာနိုင်ရေးအတွက် ယနေ့နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရန်ကုန်ရုံးခွဲတွင် တွေ့ဆုံဆွေးနွေးကြသည်။

ဆွေးနွေးပွဲမစတင်မီ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ) အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စား လှယ်အဖွဲ့(DPN) အဖွဲ့ခေါင်းဆောင် ခူးဦးရယ်တို့က အဖွင့်အမှာစကားပြောကြားသည်။

ဒေါက်တာတင်မျိုးဝင်းက ရှေ့ဆက်လုပ်ဆောင်သွားမည့် ငြိမ်းချမ်းရေး ဖြစ်စဉ်သည် တိုင်းပြည်နှင့် လူမျိုးအတွက် များစွာအကျိုးရှိမည့်အလုပ် တစ်ခုဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်သည် တစ်ဦးတစ်ယောက်တည်း ကိစ္စမဟုတ်ဘဲ အများနှင့်သက်ဆိုင်သော ဘုံရည်မှန်းချက်တစ်ခုဖြစ်ကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံမှုအပေါ် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အဖွဲ့လိုက် ခေါင်းဆောင်တစ်ဦးတစ်ယောက်ချင်းစီအလိုက် စိတ်ဝင်တစား မေးမြန်းကြောင်း၊ ငြိမ်းချမ်းရေး ရရှိပြီး ဖက်ဒရယ်ပြည်ထောင်စုကြီးတစ်ရပ်ပေါ်လာရေးအတွက် တိုင်းရင်းသားများနှင့် အစိုးရအကြား လိုလားချက်၊ လိုအပ်ချက်နှင့် အခြားကိစ္စရပ်များအား အစိုးရအနေဖြင့် ရယူဖို့ထက် ပေးဆပ်မှုများဖြင့် ညှိနှိုင်းသွားမည်ဖြစ်ပြီး ယနေ့တွေ့ဆုံဆွေးနွေးမှု များသည် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အရေးပါကြောင်း၊ ယခုကဲ့သို့ ညီရင်း အစ်ကိုပမာ တွေ့ဆုံဆွေးနွေးမှုများမှ ပြဿနာကိုအကောင်းဆုံးအဖြေရှာလျှင် ငြိမ်းချမ်းရေးသည် မဝေးတော့ပါကြောင်း ပြောကြားသည်။

ခူးဦးရယ်က မိမိတို့အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးညီလာခံနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် သိလိုသည်များကို စာဖြင့်တင်သွင်းမေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပေးစေလိုကြောင်း၊ မိမိတို့ တိုင်းရင်းသားအဖွဲ့များ အနေဖြင့် ငြိမ်းချမ်းရေးရရှိရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည် အဓိကအခြေခံအချက်ဖြစ်ကြောင်း၊ တိုင်းပြည်ကို အတူတကွပိုင်ဆိုင်ခဲ့ကြ ပြီး အတူတကွတည်ဆောက်ခဲ့ကြကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းရေးရရှိရေး တပ်မတော်နှင့် ပူးပေါင်းပါဝင်တည်ဆောက်သွားရန် မိမိတို့နားလည်ထားကြောင်း၊ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအနေဖြင့် ယခုသွားနေသော ငြိမ်းချမ်းရေးဖြစ်စဉ်ကို လက်ခံထားသည့်အတွက် အနာဂတ်ကာလတွင် ငြိမ်းချမ်းရေးရရှိရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု ကြီးတစ်ရပ် ပေါ်ပေါက်လာစေရေး တစ်ဖက်နှင့်တစ်ဖက် စေတနာထားကာ ညီရင်းအစ်ကိုပမာ ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) အကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေနှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) အဖွဲ့ခေါင်းဆောင် ခူးဦးရယ်တို့က ပြည်တွင်းနှင့် ပြည်ပအခြေစိုက် သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားခဲ့သည်။

ဦးလှမောင်ရွှေက " UNFC ဥက္ကဋ္ဌနဲ့တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြိုဆိုတယ်။ ရက်ကတော့ နှစ်ဖက်ခေါင်းဆောင်တွေ အဆင်ပြေမယ့်ရက်ကို ညှိနှိုင်းဖို့ပဲလိုပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ လလယ်ပိုင်းမှာတွေ့ဖို့ မူအားဖြင့် သဘောတူပါတယ်။ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့မယ်ဆိုတာကို နှစ်ဖက်လုံးက သဘောတူပါတယ်။ ရန်ကုန်မှာတွေ့ဖို့လည်း နှစ်ဖက်ခေါင်းဆောင်တွေက မူအားဖြင့်သဘောတူပါတယ်''ဟု ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ)မစတင်မီ ကချင်ပြည်နယ် မိုင်ဂျာယန်တွင် တိုင်းရင်းသားညီလာခံတစ်ခုပြုလုပ်လိုပြီး အစိုးရအနေဖြင့် တရားဝင်ညွှန်ကြားချက် ထုတ်ပေးရန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ)အကြိုပြင်ဆင်ရေးကော်မတီအနေဖြင့် သဘောတူညီခဲ့ကြောင်း အဆိုပါအစည်းအဝေးမှ သိရသည်။

ခူးဦးရယ်က ''ကျွန်တော်တို့ မကြာခင်တုန်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ လာရောက်တုန်းက UNFC က ခေါင်းဆောင်တွေရဲ့ မေတ္တာရပ်ခံချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကျွန်တော်တို့ဘက်ကခေါင်းဆောင်တွေ တွေ့ဆုံနိုင်မယ့် ကိစ္စရပ်တွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် ဒီခရီးစဉ်မှာလည်းပဲ ကျွန်တော်တို့ ဘက်က ခေါင်းဆောင်တွေ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက်လည်း လာရောက်ညှိနှိုင်းတဲ့အထဲမှာ ကိစ္စရပ် တစ်ခုအနေနဲ့ပါပါတယ်။ နောက်ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ (၂၁ ရာစု ပင်လုံ)ညီလာခံ ကျင်းပမယ်ဆိုရင် ကျွန်တော် တို့ဘက်က ဘယ်လိုပူးပေါင်းပါဝင်နိုင်မလဲဆိုတဲ့ အခြေခံကိစ္စရပ်တွေကို တိတိကျကျ ပြင်ဆင်နိုင်ဖို့အတွက် တိုင်းရင်းသားညီလာခံလုပ်ဖို့ကိစ္စကို အကြမ်းဖျင်း စဉ်းစားကြတာဖြစ်ပါတယ်။ ဒီညီလာခံကျင်းပနိုင်ဖို့အတွက်လည်း အစိုးရကို မေတ္တာရပ်ခံပြီး တရားဝင်ခွင့်ပြုချက်ရယူမှာဖြစ်ပါတယ်''ဟု ပြောသည်။

ယနေ့ဆွေးနွေးသည့် ဆွေးနွေးမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ရာစုပင်လုံ)အကြိုပြင်ဆင်ရေးကော်မတီအဖွဲ့ဝင် ဒေါ်ဒွဲဘူက ''အားလုံးပါဝင်ရေးမူကို တိုင်းရင်းသားတွေဘက်က တိတိကျကျ ပြန်ရှင်းပေး စေချင်တယ်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွေကို သူတို့က (၂၁ ရာစု ပင်လုံ)ညီလာခံမတိုင်ခင် ပြန်လည်သုံးသပ်ချင်တယ်။ ဒါမှ (၂၁ ရာစု ပင်လုံ)မှာ အားလုံးပါဝင်ပြီး အတူတူဆွေးနွေးနိုင်ဖို့၊ တရားဝင်ဖြစ်နိုင်ဖို့ကိုမေးမြန်းတယ်။ နောက် (၂၁ ရာစုပင်လုံ)ဆိုတဲ့ သဘောသဘာဝနဲ့ ရည်ရွယ်ချက်ကို သူတို့ သိချင်တယ်။ သူတို့ခွင့်တောင်းတာက (၂၁ ရာစုပင်လုံ)ညီလာခံမလုပ်ခင် မိုင်ဂျာယန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး ပါဝင်တွေ့ဆုံပြီး တိုင်းရင်းသားညီလာခံလုပ်မယ်။ မတွေ့ခင် တိုင်းရင်းသားခေါင်းဆောင်တွေက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဖို့ရက်ညှိတယ်။ လက်မှတ်ထိုးတဲ့သူနဲ့ မထိုးတဲ့သူတွေတွေ့ဆုံရေး အဆင်မပြေစရာမရှိဘူး''ဟု ဖြေကြားသည်။

ယနေ့ပြုလုပ်သည့်ဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ)အကြိုပြင်ဆင်ရေးကော်မတီမှ ဒေါက်တာတင်မျိုးဝင်း၊ ဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)၊ ဦးနိုင်ငံလင်း၊ ဦးခက်ထိန်နန်၊ ဒေါ်ဒွဲဘူ၊ ဦးမိုးဇော်ဦး၊ ဦးလှမောင်ရွှေ၊ ဦးကျော်လင်းဦးတို့တက်ရောက်ပြီး UNFC က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation–DPN)မှ ခူးဦးရယ်၊ ဦးစိုင်းထူး (SSPP)၊ ဒေါက်တာနိုင်ရွှေသိန်း(NMSP)၊ ဦးဆော်လမွန် (LDU)၊ ဦးမင်းထွန်း(ANC)၊ တာ့ညီလူ ( WNO )၊ နိုင်ဗညားမွန်နှင့် ဦးဆန်အောင်တို့ တက်ရောက်ဆွေးနွေးသည်။

No comments:

Post a Comment