Saturday, July 2, 2016

အနုပညာရှင်များပူးပေါင်းပါဝင်မည့် MAZE ကုမ္ပဏီမှ ရုပ်ရှင်ရုံ ၁ဝဝ နှစ်နှစ်အတွင်းဆောက်လုပ်မည်




The Mirror Daily's photo.


ရန်ကုန် ဇူလိုင် ၁

မြန်မာ့ရုပ်ရှင်လောက တိုးတက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် သရုပ်ဆောင် လွင်မိုးဦးစီးဆောင်ရွက်ကာ ဖွဲ့စည်းလိုက်သည့် MAZE ကုမ္ပဏီမှ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရုပ်ရှင်ရုံ ၁ဝဝ ကို နှစ်နှစ်အတွင်း ဆောက်လုပ်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရုပ်ရှင်ရုံ ဆောက်လုပ်မည့်အကြောင်း သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ပုလဲကွန်ဒိုအနီး စတူဒီယို ၃၅ တွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နာယကများ၊ ဥက္ကဋ္ဌနှင့် အနုပညာရှင်များ တက်ရောက်ကာ ဆွေးနွေးခဲ့ကြသည်။ ရုပ်ရှင်ရုံ ၁ဝဝ စီမံကိန်းအတွက် ဆောင်ရွက်မည့် MAZE ကုမ္ပဏီတွင် ဥက္ကဋ္ဌ မန်နေဂျင်းဒါရိုက်တာအဖြစ် ဦးလွင်မိုး၊ စီအီးအို ဒါရိုက်တာအဖြစ် ဦးတင်မောင်ဝင်းနှင့် ဒါရိုက်တာ ဦးသူရ (ဇာဂနာ)တို့က အဓိက ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။ ရုပ်ရှင်ရုံ ၁ဝဝ ဆောက်လုပ်မည့်စီမံကိန်းအတွက် ကမ္ဘောဇဘဏ်မှ ငွေကြေးပိုင်းဆိုင်ရာ ထောက်ပံ့ကူညီ ပေးမည်ဖြစ်ပြီး ဥက္ကဋ္ဌ ဦးလွင်မိုးက မိမိအနုပညာလောကမှ ရင်းနှီးသည့် သူ ၁၇ ဦးကို ရှယ်ယာထည့်ဝင်စေခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ စိတ်ကူးယဉ်မှုတစ်ခုကို အကောင်ထည်ဖော်ဖြစ်တယ်လို့ပဲ ပြောရမှာပါပဲ။ ရုပ်ရှင်ရုံ ၁ဝဝ ကိစ္စက ကျွန်တော်နဲ့ ကျွန်တော့်ရဲဘော်ရဲဘက် ဦးတင်မောင်ဝင်းတို့ တူတူလုပ်ခဲ့ကြတာပါ။ ကျွန်တော်ကိုယ့်အနုပညာ လောကက ရင်းနှီးတဲ့ ၁ဝ ယောက်ကို ရွေးပြီးတော့ ရှယ်ယာနဲ့ထည့်ခဲ့ပါ တယ်။ မြေကိုတော့ ငှားရမ်းတဲ့စနစ်နဲ့ပဲ သွားမယ်။ ရုပ်ရှင်ရုံဆောက်မယ့် အစီအစဉ်ကို ကြည့်လိုက်မယ်ဆိုရင် မြို့ကြီး တွေကို ကျွန်တော်တို့ကနောက်မှ လုပ်မှာပါ။ နယ်ကနေစမယ်။ ရုပ်ရှင် ရုံမရှိတဲ့ မြို့တွေမှာ ကျွန်တော်တို့ ရုပ်ရှင်ရုံစပြီးတော့ ဆောက်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်ကလည်း ရုပ်ရှင်ရုံဆီမလာနိုင်တဲ့ ပရိသတ်တွေအတွက် ရုပ်ရှင်ရုံတွေက သူတို့ဆီကိုသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ကျွန်တော်တို့ရုံ ၁ဝဝ က တော့ နှစ်နှစ်စီမံကိန်းဖြစ်တယ်။ ရုံကိုတစ်ပုံစံတည်း ဆောက်မှာဖြစ်ပါ တယ်။ ရုံမှာထိုင်ခုံကတော့ ၃၁၆ ခုံရှိပါမယ်။ ပုံစံတွေ အကုန်လုံးက တော့ တူတူပါပဲ'' ဟု ဦးလွင်မိုးက ပြောသည်။

အဆိုပါရုပ်ရှင်ရုံ ၁ဝဝ စီမံကိန်း ထဲမှလက်ရှိတွင် အောင်ပန်းနှင့် တိုက်ကြီးတို့တွင် ရုပ်ရှင်ရုံနှစ်ရုံကို သုံးလအတွင်း အပြီးဆောက်လုပ်ရန် အကောင်အထည်ဖော်နေပြီ ဖြစ်ပြီး ရုပ်ရှင်ရုံလက်မှတ်များကို တစ်ထောင်၊ တစ်ထောင့်ငါးရာ၊ နှစ်ထောင်၊ နှစ်ထောင့်ငါးရာသာ သတ်မှတ်ထားကြောင်း သိရသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆောက်လုပ်မည့် ရုပ်ရှင်ရုံ ၁ဝဝ ကို ရန်ကုန်တိုင်းဒေသကြီးတွင် ၂၄ ရုံ၊ ပဲခူးတိုင်းဒေသ ကြီးတွင် ၁၂ ရုံ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၉ ရုံ၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၅ ရုံ၊ မကွေးတိုင်းဒေသကြီးတွင် ကိုးရုံ၊ ရှမ်းပြည်နယ်တွင် ၁၂ ရုံ၊ မွန်ပြည်နယ်တွင် ခြောက်ရုံ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရှစ်ရုံ၊ ရခိုင်ပြည်နယ်တွင် ခြောက်ရုံ၊ တနင်္သာရီတိုင်းဒေသကြီးတွင် နှစ်ရုံ၊ ကချင်ပြည်နယ်တွင်တစ်ရုံ၊ ကရင် ပြည်နယ်တွင်တစ်ရုံ၊ ချင်းပြည်နယ်တွင် တစ်ရုံနှင့် ကယားပြည်နယ်တွင် တစ်ရုံဆောက်လုပ်သွားမည်ဖြစ်သည်။

သတင်း-ခင်ဇာလီ
ဓာတ်ပုံ-မီချီကိုဟန်

No comments:

Post a Comment