Saturday, July 30, 2016

ပထမအကြိမ် နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ်ဈေးရောင်းပွဲ ဖွင့်ပွဲကျင်းပ



The Mirror Daily's photo.


ရန်ကုန် ဇူလိုင် ၂၉

ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ပထမအကြိမ် နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟို ပုံနှိပ်စက်ရုံ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်လှိုင် (လယ်တွင်းသားစောချစ်)နှင့် မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း ဘဏ္ဍာရေးမှူး ဒေါ်နန်းအိအိဇာတို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များသည် မိုးရာသီ စာအုပ်ဈေးရောင်းပွဲရှိ စာအုပ်အရောင်းဆိုင်များကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲကို ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကားပြောကြားရာ၌ ပြန်ကြားရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များထဲတွင် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးကို အရေးကြီးသည့် လုပ်ငန်းတာဝန်တစ်ရပ်အဖြစ် ခံယူထားကြောင်း၊ ထို့ကြောင့် စာပေသမားများ၊ စာအုပ်ထုတ်ဝေသူများ၊ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းတိုင်ပင်၍ သုံး၊ လေးလတစ်ကြိမ် စာပေဆွေးနွေး ပွဲ၊ စာတမ်းဖတ်ပွဲများနှင့် စာအုပ်ဈေးရောင်းပွဲများ ပူးတွဲကျင်းပသည့် အစီအစဉ်တစ်ရပ် ပုံမှန်အကောင်အထည်ဖော်ရန် ညှိနှိုင်းတိုင်ပင်ခဲ့ကြောင်း၊ ပွဲဦးထွက်အဖြစ် ယနေ့ နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်း၊ ယခင် အစဉ်အဆက် စာတမ်းဖတ်ပွဲများကျင်းပခဲ့ပါကြောင်း။

ခေါင်းစဉ်အမျိုးမျိုးနှင့် စုံစုံလင်လင်လုပ်ခဲ့သည်ကို တွေ့ရကြောင်း၊ ဘာသာပြန်စာတမ်းဖတ်ပွဲ၊ သိပ္ပံစာပေ နှီးနှောဖလှယ်ပွဲစသည်ဖြင့် ဝတ္ထုတို၊ ဝတ္ထုရှည်၊ သုတစာပေ စသည်ဖြင့် ကဏ္ဍစုံလင်စွာ စာတမ်းဖတ်ပွဲများ ကျင်းပခဲ့ပါ ကြောင်း၊ ယနေ့ကျင်းပသည့် စာတမ်းဖတ်ပွဲ၊ စာပေဆွေးနွေးပွဲသည် နိုင်ငံရေးအရ ပိုပြီးပွင့်လင်းမှု လွတ်လပ်မှုရှိလာသည့် အနေအထားကို ထင်ဟပ်ပေါ်လွင်စေသောသဘောဖြင့် ကျင်းပခြင်းဖြစ်ပါကြောင်း၊ စာတမ်းဖတ်ပွဲတွင် နိုင်ငံရေးစာပေကဏ္ဍကို ပြန်လည်သုံးသပ် ဆွေးနွေးကြရန်ရှိကြောင်း၊ မြန်မာစာပေနယ်ထဲတွင် နိုင်ငံရေးနှင့်ပတ်သက်သည့် စာပေမည်မျှရှိပြီး မည်သည့်ကဏ္ဍတွင် မည်မျှထွန်းကား၍ မည်သည့်ကဏ္ဍများတွင် လစ်ဟာမှုနှင့် ဖြည့်တင်းရန်လိုအပ်သည်ကို သုံးသပ်ဆွေးနွေးကြလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ စာတမ်းဖတ်ပွဲများပြုလုပ်သည့် ရည်ရွယ်ချက်သည် မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးဟု ပြော၍ရကြောင်း။
မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြရာတွင် အစဉ်အဆက်ရှိခဲ့သည့် လမ်းညွှန်စကားတစ်ခုရှိကြောင်း၊ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင် ကာလကတည်းက ရှိခဲ့သည့် စာပေပညာရှင်ကြီးများပြောခဲ့ဆိုခဲ့သည့် စကားတစ်ခုဖြစ်ကြောင်း၊ ကမ္ဘာကို မြန်မာကသိဖို့၊ မြန်မာကို ကမ္ဘာကသိဖို့နှင့် မြန်မာကို မြန်မာတို့ သိဖို့ဖြစ်ကြောင်း။

အဆိုပါကဏ္ဍ သုံးရပ်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးကိုလည်း မိမိတို့၏တာဝန်အနေဖြင့် အလေးအနက် ခံယူပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများ အသိပညာ ဖွံ့ဖြိုးရေးကို အထောက်အကူပြုမည့် မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ကဏ္ဍသုံးရပ်၊ သိမှုသုံးရပ်ကို ဖြည့်ဆည်းနိုင်ရန် မိမိတို့အနေဖြင့် မြန်မာစာပေ သမားများ၊ စာပေဆိုင်ရာ အသင်းအဖွဲ့များ၊ စာအုပ်ထုတ်ဝေသူ၊ ပုံနှိပ်သူစသည်ဖြင့် လုပ်ငန်းရှင်အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသော အားပေးကူညီလိုသော တစ်ဦးချင်းသောပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးနှင့် လက်တွဲပူးပေါင်းသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

စာတမ်းဖတ်ပွဲ ပထမနေ့ နံနက်ပိုင်းတွင် သဘာပတိများအဖြစ် ဦးတင်လှိုင် (လယ်တွင်းသား စောချစ်)၊ ဦးအောင်ရှင် (မုံရွာအောင်ရှင်)နှင့် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)တို့က ဆောင်ရွက်ကြသည်။
ထို့နောက် အလှည့်ကျသဘာပတိ ဦးတင်လှိုင် (လယ်တွင်းသားစောချစ်)က စာတမ်းဖတ်ကြားကြမည့် စာတမ်းရှင်များနှင့် မိတ်ဆက်ပေးသည်။

ဆက်လက်၍ စာတမ်းရှင် ဒေါက်တာ တင်လှိုင်(ဘိုးလှိုင်)က '' နဂါးနီ၏ နိုင်ငံရေး စာပေ''၊ ဒေါက်တာကျော်ဝင်း(ပါမောက္ခ-ငြိမ်း)က '' ၁၉၄၇ ခုနှစ် အခြေခံဥပဒေနှင့် ခွဲထွက်ခွင့် ပြဿနာများ''နှင့် ဦးဇော်သက်ထွေး (ဇော်သက်ထွေး)က '' အာဏာရှင်ခေတ်တွင် ပြည်ပရောက်သွားသော စာရေးဆရာများ ထုတ်ဝေရေးသားခဲ့သည့် နိုင်ငံရေးစာပေ စာအုပ်များ'' စာတမ်းတို့ကို ဖတ်ကြားကြပြီး တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားကြသည်။
မွန်းလွဲပိုင်းတွင် သဘာပတိများအဖြစ် ဦကိုလေး (ကိုလေး-အင်းဝဂုဏ်ရည်)၊ ဒေါက်တာကျော်ဝင်း(ပါမောက္ခ-ငြိမ်း)နှင့် ဦးအေးချို(ဦးအေးချို-မဟာဝိဇ္ဇာ)တို့က ဆောင်ရွက်ကြသည်။

ထို့နောက် စာတမ်းရှင်ဦးအောင်ရှင် (မုံရွာအောင်ရှင်)က ''၁၉၆၂ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ်အထိ နိုင်ငံရေးကဗျာများ''၊ ဦးမြင့်ဆွေ (မြင့်ဆွေဦး)က ''နိုင်ငံရေးစာပေအစ နဂါးနီက'' နှင့် ဦးကျော်မင်းယု (ကိုဂျင်မီ)က ''ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအပါအဝင် နိုင်ငံရေးစာပေများ ရှင်သန်ဖွံ့ဖြိုးရေးဆိုင်ရာ စာတမ်း''တို့ကို ဖတ်ကြားကြပြီး တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားကြကာ ပထမနေ့ စာတမ်းဖတ်ပွဲကို ရပ်နားသည်။

စာတမ်းဖတ်ပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော်သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ စာတမ်းရှင်များ၊ နိုင်ငံရေး နှင့် စာပေနယ်ပယ်များမှ ပညာရှင်များ၊ စာပေ ဝါသနာရှင်များ၊ နိုင်ငံရေးနှင့် နိုင်ငံရေးစာပေ စိတ်ဝင်စားသူများ၊ ဖိတ်ကြားထာသူများနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဇူလိုင် ၃ဝ ရက် နံနက်ပိုင်းတွင် ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ)က ''ရှေးခေတ်မြန်မာ့နိုင်ငံရေးစာပေ''၊ ဦးသန်းဌေး (သင့်နော်)က ''လက်လှမ်းမီသမျှ မြန်မာ့ နိုင်ငံရေးစာပေအင်အားစုသို့ ချဉ်းကပ်ခြင်း''၊ ဦးအောင်မြင့်ဦး (အောင်မြင့်ဦး-လူထု)က ''ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ မိန့်ခွန်းများထဲမှ နိုင်ငံရေးအဘိဓမ္မာ'' စာတမ်းကို လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဦးအေးမောင် (အေးမောင်ကျော်)က ''လစ်ဘရယ်ဒီမိုကရေစီ ကောက်ကြောင်းနှင့် မြန်မာ့အကူးအပြောင်း''၊ ဦးမိုးမြင့်ဝင်း (မိုးမြင့်ဝင်း-နည်းပညာ)က ''ဖဆပလဝန်ကြီးချုပ် သခင်နု၏ ပြည်တွင်း ငြိမ်းချမ်းရေးဆောင်ရွက်မှုကို လေ့လာသုံးသပ်ချက်''၊ ဦးကျော်ဇံလှ(ညီစေမင်း)က ''နိုင်ငံရေး စာပေများကပြောတဲ့ တိုင်းရင်းသား လက်နက်ကိုင် လှုပ်ရှားမှုများ'' စာတမ်းများကို လည်းကောင်း ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲနှင့် မိုးရာသီ စာအုပ်ဈေးရောင်းပွဲတော်ကို ဇူလိုင် ၃ဝ ရက်နှင့် ၃၁ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
သတင်း- ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ - ဇော်မင်းလတ်

No comments:

Post a Comment