Saturday, July 30, 2016

စီးပွားရေးမူဝါဒကို အခြေခံသည့် အခြေခံအုတ်မြစ်များထဲတွင် အရေးအကြီးဆုံးတစ်ခုမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား


 နေပြည်တော် ဇူလိုင် ၂၉

ပြည်ထောင်စုတစ်ဝန်းလုံး၌ တတ်နိုင်သမျှ ညီတူညီမျှဖွံ့ဖြိုးမှုရရှိရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို အခြေခံသည့် စီးပွားရေးမူဝါဒကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး အလုပ်အကိုင်ဖန်တီးရေးကို စီးပွား ရေးမူဝါဒ၏ အခြေခံဖြစ်ရမည်ဟု ဆုံးဖြတ်ထားကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒများ ရှင်းလင်းပြောကြားခြင်း အခမ်းအနားတွင် ပြောကြားလိုက်သည်။
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့နိုင်ငံရေးအရ သွားနေသည့်လမ်းသည် စီးပွားရေးအရ သွားနေသည့် လမ်းနှင့် လိုက်လျောညီထွေရှိရမည်ဖြစ်ကြောင်း၊ စီးပွားရေးမူဝါဒကိုအခြေခံသည့် အခြေခံအုတ်မြစ်များထဲတွင် အရေး အကြီးဆုံးတစ်ခုမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စဖြစ်ပါကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးမရရှိဘဲ ရှေ့ဆက်သွား၍မရနိုင်ပါကြောင်း၊ တစ်ချိန်က မိမိတို့နိုင်ငံသည် ဒေသတွင်းနိုင်ငံများထက် စီးပွားရေး အခြေအနေကောင်းမွန်ခဲ့ကြောင်း၊
သို့သော် နိုင်ငံရေးကျဆင်းသွားသည့်အခါ စီးပွားရေးပါကျဆင်းသွားပါကြောင်း။
ထို့ကြောင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အင်မတန်အလေးထား ပါကြောင်း၊ ညီညီညွတ်ညွတ်ရှိမှသာ မိမိတို့လုပ်ကိုင်လိုသည့် အလုပ်များကို အောင်မြင်အောင် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ ညီညီညွတ်ညွတ် လုပ်ကိုင် နိုင်ရန်အတွက် အမျိုးသားပြန်လည်ရင် ကြားစေ့ရေးသည် အင်မတန်အရေးကြီး ကြောင်း၊ စီးပွားရေးအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ညီညီမျှမျှ ဖွံ့ဖြိုး တိုးတက်ရေးကို စဉ်းစားရမည်ဖြစ် ကြောင်း ဆက်လက်ပြောကြားသည်။
ထို့ပြင် မိမိတို့နိုင်ငံတွင် ၇ဝ ရာခိုင် နှုန်းသော ပြည်သူများသည် လယ်ယာ စိုက်ပျိုးရေးကို မှီတင်းနေထိုင်ကြသူများဖြစ်ကြောင်း၊ စက်မှုကဏ္ဍကို ဦးတည် ဆောင်ရွက်လိုသော်လည်း လယ်ယာ စိုက်ပျိုးရေးကို လျစ်လျူရှုထား၍မရပါ ကြောင်း၊ ယနေ့ခေတ် ကမ္ဘာကြီးတွင် အစားအသောက်ဖူလုံရေး (Food Security)ကို ပြောဆိုကြသော်လည်း လက်တွေ့ကျကျ ဆောင်ရွက်မှုနည်းပါး ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏အခြေ အနေကို အားသာချက်ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများကို ဘက်ညီတိုးတက်စေရန် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။
ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့်အတူ မြို့ပြဖွံ့ဖြိုးမှုရရှိစေရန်လည်း ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ သယံဇာတ များကို ထုတ်ယူသုံးစွဲရာတွင် ပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ လူမှုရေး၊ နိုင်ငံရေး ကိုပါ အားလုံးပူးတွဲဆောင်ရွက်မှသာ ရေရှည်တွင် အောင်မြင်မှုရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိ ရေးကို ညီမျှစွာ ဒေသခံပြည်သူများ လက်ခံနိုင်သည့်အခြေအနေဖြင့် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံ မှုအခန်းကဏ္ဍနှင့် အခြေခံအဆောက် အအုံ ဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍများသည် အရေးကြီးသည့်အတွက် မူဝါဒ သီးခြားထုတ်ပြန်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒများ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီး များနှင့် သံရုံးတာဝန်ခံများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အခွန်ထမ်းကြီးများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အပြည်ပြည် ဆိုင်ရာမိတ်ဖက် အဖွဲ့အစည်းများ တက် ရောက်ခဲ့ကြသည်။
ရှင်းလင်းပွဲ၌ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက နိုင်ငံတော်၏စီးပွားရေး မူဝါဒတွင် အခြေခံမည့် မူဝါဒ ၁၂ ချက် အား ရှင်းလင်းခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment