Sunday, July 31, 2016

မြန်မာပြည်ချန်ပီယံဖြစ်ရေးဟာ ကျွန်တော့်ရဲ့ အိပ်မက်ကမ္ဘာဟုဆိုလာတဲ့ ပထမတန်းလက်ဝှေ့ကျော် တူးတူး


အမေး၊ အရေး- မောင်စိန်လွင်(မြန်မာ့အလင်း)ဓာတ်ပုံ- မင်းထက်

ယနေ့ မြန်မာ့ရိုးရာလက်ဝှေ့လောကဟာဟတစ်ချိန်က ရိုးရာလက်ဝှေ့လောကနဲ့ မတူတာ ကတော့ အမှန်ပဲဖြစ်ပါတယ်။ ဘက်ပေါင်းစုံက ပြုပြင်ပြောင်းလဲ မက်မောစရာတွေ ရှိသလို ပြုပြင်ပြောင်းလဲတိုးတက်လာမှုမရှိသေးတဲ့ အပိုင်းတွေလည်းရှိနေသေးတယ်။ သိသိသာသာပြုပြင်ပြောင်းလဲမှုကို ပြောရရင် ယနေ့ခေတ်ရိုးရာ လက်ဝှေ့လောက သားတွေရဲ့ ငွေကြေး (ထိုးသတ်ကြေး)က လက်ရှိ ရိုးရာလက်ဝှေ့လောကသားတွေ အတွက် မက်လုံးတစ်ခုပင်ဖြစ်နေပါတယ်။ တစ်ချိန်က ရိုးရာလက်ဝှေ့လောကထိုး သတ်ကြေးနဲ့ ယနေ့ခေတ်ရိုးရာလက်ဝှေ့ထိုးသတ်ကြေးတို့ မတူညီပြောင်းလဲလာမှုဟာ သူ့ခေတ်သူ့အခါလို့ဆိုသော်လည်း မတူပြောင်းလဲတိုးတက်လာတာကတော့ အမှန်ပဲဖြစ် ပါတယ်။ ဒါ့ကြောင့်လည်း ရိုးရာလက်ဝှေ့လောကက နှစ်ရှည်လများ စွန့်ခွာသွားကြ တဲ့ ရိုးရာလက်ဝှေ့လောကသားတွေ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပါတယ်။ ယနေ့ ခေတ် ရိုးရာလက်ဝှေ့လောကမှာ လက်ဝှေ့သမားတွေရပ်တည်မှု အဆင့်အတန်း မတူညီသလို ငွေကြေးရရှိမှုလည်းကွာဟနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီကွာဟမှု က ရိုးရာလက်ဝှေ့လောကသားတွေရဲ့ တိုးတက်ပြောင်းလဲချင်စိတ်ကို ဖြစ်ပေါ်စေ တယ်ဆိုရင် မှားမှာမဟုတ်ပါဘူး။ ပြောရရင် ဒီနေ့ခေတ် ရိုးရာလက်ဝှေ့လောကမှာ မြန်မာပြည်အလွတ်တန်းချန်ပီယံနဲ့ ပထမတန်းလက်ဝှေ့ကျော်တွေထိုးသတ်ကြေးရရှိမှုဟာ ခြားနားမှုသိပ်များနေတယ်။ ခြားနားမှု ဘာလို့များနေတယ်ဆိုတာကလည်း ရိုးရာလက်ဝှေ့လောကရဲ့ လက်ဝယ်ကိုင်စွဲနေတဲ့ မူဘောင်သတ်မှတ်မှုမရှိတာက ထင်ဟပ်ပေါ်လွင်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ထိုးသတ်ကြေး မတူကွာဟမှုဟာ လက်ဝှေ့သမားတွေကို ကြိုးစားချင်စိတ်ဖြစ်ပေါ်စေတာတော့ အမှန်ပါပဲ။ အခု ရိုးရာ လက်ဝှေ့လောကမှာ ပထမတန်းလက်ဝှေ့ကျော်တွေ မြန်မာပြည်အလွတ်တန်း ချန်ပီယံဖြစ်ရေးအပြိုင်ကြိုးစားရုန်းကန်နေကြတာတွေကို တွေ့ရပါတယ်။ အဲဒီအထဲ မှာ မြန်မာပြည်ချန်ပီယံဖြစ်ရေးဟာ ကျွန်တော့်ရဲ့ အိပ်မက်က္ဘာလို့ပြောလာတဲ့ နဂါးမာန်ရိုးရာလက်ဝှေ့ကလပ်က ပထမတန်းလက်ဝှေ့ကျော် တူးတူးဟာလည်း ချန်ပီယံ ဖြစ်ရေးအချိန်ယူလေ့ကျင့်နေတယ်လို့ ကြားသိခဲ့ရပါတယ်။ ဒါကြောင့် မြန်မာပြည် အလွတ်တန်းချန်ပီယံဖြစ်ရေး အိပ်မက်က္ဘာဆီသို့သွားမယ့် ပထမတန်းလက်ဝှေ့ကျော် တူးတူးနဲ့ တွေ့ဆုံမေးမြန်းမှုတွေကို ရေးသားဖော်ပြလိုက်ပါတယ်။ 

မေး။ ။ တူးတူးအနေနဲ့ ဒီရိုးရာလက်ဝှေ့လောကထဲကို ဘယ်တုန်းက၊ အသက် ဘယ်လောက်က စတင်ခြေချဖြစ်ခဲ့တာလဲ။ ဘာကြောင့်ခြေချဖြစ်တယ်
ဆိုတာကိုပြောပြပေးပါဦး။
ဖြေ။ ။ ကျွန်တော်ကငယ်ငယ်ကတည်းက အတိုက်အခိုက် ဝါသနာပါတာပါ။ ပြောရရင် ၁ဝ တန်းတက်နေတဲ့ အချိန်ကစပြီးတော့ ဒီရိုးရာလက်ဝှေ့
လောကထဲကို စတင်ခြေချဖြစ်တာပေါ့။ အဲဒီတုန်းကငယ်ရွယ်တဲ့သူဆိုတော့ ခဏခဏ ပြဿနာလေးတွေဖြစ်ခဲ့တယ်။ ပြဿနာဖြစ်ပါများလာတော့ ကျွန်တော့်ဆရာကမင်း ဒီလောက် အထိုးအကြိတ်ဝါသနာပါနေရင် လက်ဝှေ့သမားလုပ်ပါလား၊ လက်ဝှေ့ထိုးပါ လားဆိုပြီးပြောတယ်။ ကျွန်တော်လည်း ဆရာတကယ်လား၊ တကယ်ထိုးရမှာလားလို့ မေးတော့ ထိုးလို့သူကပြောတယ်။ ဒါနဲ့ အဲဒီတုန်းက တောင်တွင်းကြီးမှာလုပ်တဲ့ လက်ဝှေ့ ပွဲမှာ ကျွန်တော့်ကို ပထမဆုံး ဝင်ထိုးခိုင်းတယ်။ အဲဒီ ပထမပွဲမှာပဲ ကျွန်တော် က တောင်တွင်းကြီးသားကို အလဲထိုးနဲ့နိုင်ခဲ့တာ။ ဒီလိုနဲ့ ဒီရိုးရာလက်ဝှေ့လောကထဲကို စရောက်လာတယ်လို့ပြောရမှာပါ။ အဲဒီတုန်းကအသက် ၁၇နှစ်အရွယ်။ ၂ဝဝ၈ လောက် ကပေါ့။
မေး။ ။ အဲဒီအသက် ၁၇ နှစ်အရွယ် ၁ဝတန်းကတည်းက ခုချိန်ထိတစိုက်မတ်မတ်ထိုး တာလား။ ဘယ်အရွယ်လောက်ကစပြီး တစိုက်မတ်မတ်ထိုးခဲ့တာလဲ။လက်ဦး
ဆရာရော ပြောပြပေးပါဦး။ 

ဖြေ။ ။ ကျွန်တော် ဒီရိုးရာလက်ဝှေ့လောကထဲကိုအရင်ကရံဖန်ရံခါပဲ ဝင်ထိုးဖြစ် ခဲ့တာပါ။ တစိုက်မတ်မတ် ထိုးဖြစ်တာကတော့ အခု ကျွန်တော့် ဆရာဖြစ်
တဲ့ ကဘော်မြေကိုကျော်စိုးနဲ့တွေ့မှ ထိုးဖြစ်တာ။ လုံးဝ လက်ဝှေ့သမားဘဝခံယူပြီး
တစိုက်မတ်မတ်ထိုးဖြစ်တာကတော့ သိပ်မကြာသေးဘူး။ ငါးနှစ်လောက်ပဲရှိသေးတယ်။
မေး။ ။ အခုလက်ရှိပွဲပေါင်းဘယ်လောက်ထိုးပြီးပြီလဲ။ အနိုင်၊ အရှုံးရောပြောပြ လို့ရမလား။ နောင်အနာဂတ်မှာရော ရိုးရာလက်ဝှေ့အပေါ်မှာ ဘယ်လောက်
အထိမှန်းထားသလဲ။ ဘယ်လိုခံယူချက်မျိုးထားလဲ။
ဖြေ။ ။ အခု လက်ရှိပွဲပေါင်း ၄ဝ ထိုးသတ်ထားပါတယ်။ ရှုံးပွဲကတော့မရှိသေးပါဘူး။ သရေ ၁ဝ ပွဲ ၊ နိုင် ပွဲ ၃ဝပါ။ ရိုးရာလက်ဝှေ့ထဲကို စတင်ခြေချကတည်းက
ကျွန်တော့်ရဲ့ အိပ်မက်က္ဘာ မျှော်လင့်ချက်က မြန်မာပြည်အလွတ်တန်းချန်ပီယံ
ဖြစ်ရေးပါ။ ဒါဟာ ရိုးရာလက်ဝှေ့သမားတိုင်းရဲ့ မျှော်လင့်ချက်လို့လည်း ထင်ပါတယ်။
ဘယ်လက်ဝှေ့သမားမဆို အလွတ်တန်းချန်ပီယံတော့ ဖြစ်ချင်ကြတာပဲ။ ဒါပေမယ့်
ခုတော့ မြန်မာပြည် အလွတ်တန်းချန်ပီယံက ကျွန်တော့်သူငယ်ချင်းဖြစ်နေတော့
ချန်ပီယံဖြစ်ရေးအိပ်မက်ကို ခဏရပ်ဆိုင်းထားရသလိုမျိုးဖြစ်နေတယ်။ ဒါပေမယ့်
အသက်အပိုင်းအခြားကလည်း စကားပြောလာပြီဖြစ်တာကြောင့် ချန်ပီယံဖြစ်ရေး
စိတ်ကူးအိပ်မက် ကို စတင်အကောင်အထည်ဖော်ရတော့မှာပါ။ နည်းပြဆရာကလည်း
ထိုးရမယ်၊ ကျေးဇူးရှင် ကလပ်ပိုင်ရှင်ကလည်း ထိုးရမယ်ဆိုလို့ ပွဲစီစဉ်သူရှိရင် ထိုးဖို့
စိတ်ကူးထားပါတယ်။

မေး။ ။ အရင်က ငါ့ညီတို့ နှစ်ဦးကိုပွဲစီစဉ်ပေးတယ်လို့သိရတယ်။ ဘာကြောင့်မထိုးဖြစ်ခဲ့ တာလဲ။ ပြောပြလို့ရမလား။
ဖြေ။ ။ ဟုတ် အရင်နှစ်ကနဲ့တူတယ်။ ကျွန်တော်နဲ့ ခုလက်ရှိချန်ပီယံထွန်းထွန်းမင်း နဲ့ကိုပွဲတည်ပေးဖို့ စီစဉ်တဲ့သူကလာပြောပါတယ်။ ဒါပေမယ့် နှစ်ဦးစလုံးက
ငြင်းဆန်ခဲ့တာပါ။ ကျွန်တော်တို့က သူငယ်ချင်းတွေ၊ မထိုးဘူးဆိုပြီးတော့၊ အဲဒီလို
ငြင်းဆန်လိုက်တဲ့အချိန်မှာ အွန်လိုင်း ကနေ ကျွန်တော်တို့ကို ပရိသတ်တွေ အများစုက ပုံစံအမျိုးမျိုးနဲ့ ဝေဖန်ခဲ့ကြ
တယ်။ ပထမတော့ ကျွန်တော်သူတို့ ဝေဖန်မှုကို ဒေါသထွက်မိတယ်။ နောက်
ပိုင်း တဖြည်းဖြည်း စဉ်းစားကြည့်တော့
သူတို့စေတနာကို နားလည်လာတယ်။
ငါ့ကိုဖြစ်စေချင်လို့ ပြောဆိုရေးသားကြ တာ နေမှာပါလေဆိုပြီး ဖြေသိမ့်မိပါ
တယ်။ ခုတော့ အဲဒီ ပရိသတ်ကြီးရဲ့
စေတနာကို တုံ့ပြန်တဲ့အနေနဲ့ သူတို့
ဖြစ်စေချင်တဲ့ ချန်ပီယံကိုရယူပြီး ကျေးဇူး
ဆပ်မယ်လို့ ဆုံးဖြတ်လိုက်ပါပြီ။
မေး။ ။ တကယ်လို့ ခုလက်ရှိ ချန်ပီယံ ထွန်းထွန်းမင်းနဲ့ တူးတူးတို့
ပွဲစီစဉ်သူရှိလို့ တကယ်ထိုးဖြစ်ခဲ့ရင်
ဘယ်လိုခံယူထားလဲ။ ဘယ်လောက်ထိ
မျှော်မှန်းထားလဲ။ 

ဖြေ။ ။ ကျွန်တော်တို့ ထိုးဖြစ်မယ် ဆိုရင်တော့ ကျွန်တော်တို့ပွဲက
ဘယ်ချန်ပီယံလု ပွဲနဲ့မှ တူမှာမဟုတ်
ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပထမ
အချက်က တစ်နိုင်ငံလုံး ရိုးရာလက်ဝှေ့ ချစ်ပရိသတ်တွေက ကျွန်တော်တို့ပွဲကို
စိတ်ဝင်စားနေကြတာဖြစ်လို့ပဲ။
အရင်က လည်းမထိုးဘူးလို့ နှစ်ဦးစလုံးက ငြင်းဆန်ထားတာရှိတော့ ထိုးဖြစ် ခဲ့မယ်ဆိုရင် ပရိသတ်အထင်မှား၊ အမြင်မှားစေမယ့် ပုံစံမျိုးတော့ လုံးဝအဖြစ်ခံမှာ မဟုတ်ပါဘူး။
ပြောရရင် ကျွန်တော်တို့ပွဲက သရေကျလို့ လုံးဝမရပါဘူး။ တစ်ဦးတစ်ယောက်က
လုံးဝကို အပြတ်အသတ်နိုင်မှ ချန်ပီယံဆုနဲ့ ထိုက်တန်သလို ပရိသတ်ကလည်း
အားရကျေနပ်မှာဖြစ်ပါတယ်။ သူငယ်ချင်းနှစ်ယောက်ဖြစ်ပေမယ့် တစ်ယောက်နဲ့
တစ်ယောက် ညှာထိုးတာတွေ၊ အနိုင်၊ အရှုံးမပေါ်အောင် ထိုးတာတွေကို လုံးဝအဖြစ်ခံ
မှာ မဟုတ်ပါဘူး။

တူးတူး (နဂါးမာန်)သည် ယခုလက်ရှိတွင် အသက် ၂၆ နှစ်ရှိပြီဖြစ်ပြီး ဝိတ်တန်း အနေဖြင့် ၇၅ ကီလို ဝိတ်တန်းရှိသူဖြစ်ကာ လက်ရှိချန်ပီယံထွန်းထွန်းမင်းနှင့် ငါးကီလို ကွာခြားမှုရှိနေသည်။
ရိုးရာလက်ဝှေ့လောကသို့ ခြေချသည်မှ ယခုချိန်ထိရှုံးပွဲမရှိစံချိန်ပိုင်ဆိုင်ထား ပြီး၂ဝ၁၂ ခုနှစ် အာရှ(မွေ)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရှင်နှင့် ၂ဝ၁၃ ဆီးဂိမ်း(မွေ)တွင် ရွှေတံဆိပ် ဆုရှင်ဖြစ်ခဲ့ကာ လက်ရှိတွင် မြန်မာပြည်ပထမတန်း လက်ဝှေ့ကျော်တစ်ဦး အဖြစ် ရပ်တည်နေသူတစ်ဦးဖြစ်သည်။ တူးတူးကို ဖခင်ဦးမြင့်သူနှင့် မိခင် ဒေါ်ချိုတို့က မကွေးတိုင်းဒေသကြီး ဗူးကျွန်းကျေးရွာ၌ မွေးဖွားခဲ့ပြီး မွေးချင်းသုံးဦးရှိသည့်အနက်
အလတ်ဖြစ်ပြီး အစ်မတစ်ဦးနှင့် ညီမတစ်ဦးရှိသည်။ ၂ဝ၁၄ ခုနှစ်က အိမ်ထောင်ကျခဲ့ ပြီးသားတစ်ယောက် ဖခင်ဖြစ်သည်။

No comments:

Post a Comment