Sunday, July 31, 2016

ဧရာဝတီတံတား(ထီးချိုင့်) ချဉ်းကပ်လမ်းရေကျော်၍ ယာယီပိတ်ဆို့ထား အဝေးပြေးယာဉ်များဖြတ်ကူးနိုင်ရေး စောင့်ဆိုင်းလျက်ရှိ


ထီးချိုင့် ဇူလိုင် ၃ဝ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့်ဧရာဝတီတံတား (ထီးချိုင့်) ချဉ်းကပ်လမ်း ထီးချိုင့်ဘက်အပိုင်းတွင် လမ်းရေကျော်လျက်ရှိရာ အဝေးပြေးယာဉ်များ ဖြတ်သန်း နိုင်ရေး ဇူလိုင် ၃ဝ ရက်တွင် စောင့်ဆိုင်းနေရကြောင်း သိရသည်။ 

''ထီးချိုင့်ဘက်အပိုင်း ချဉ်းကပ်လမ်းမှာ ဇူလိုင် ၂၆ ရက်က စတင်ပြီး သုံးပေခွဲခန့်ရေကျော်နေလို့ မြို့နယ်က တာဝန်ရှိသူတွေနဲ့ ဆောက်လုပ်ရေးဌာနတို့ညှိနှိုင်းကာ အန္တရာယ်ရှိနိုင်တယ်လို့ယူဆပြီး လမ်းကို ဖြတ်သန်းသွားလာခြင်းမပြုဖို့ ယာယီလမ်းပိတ်ထားပါတယ်။ ယနေ့ညနေ ၃ နာရီလောက်မှာ မန္တလေး- မြစ်ကြီးနား အဝေးပြေးယာဉ်ကြီးတချို့က ကုန်စိမ်းတွေပါရှိတဲ့အတွက် ပျက်စီးမှာစိုးရိမ်ပြီး ရေကျော်လမ်း ကို ဇွတ်ဖြတ်သန်းကြတဲ့အတွက် သက်ဆိုင်ရာ ဆောက်လုပ်ရေးဌာနကယာဉ်နဲ့ ကန့်လန့်ခံ တားဆီး ပိတ်ဆို့ထားရပါတယ်။ မော်တော်ယာဉ်တွေနှင့် ခရီးသွားပြည်သူတွေ မလိုလားအပ်တဲ့ အန္တရာယ်မဖြစ်ပေါ် စေဖို့အတွက် သက်ဆိုင်ရာက ယာယီပိတ်ဆို့ထားတာဖြစ်ပါတယ်။ စိတ်ချရတဲ့အခြေအနေမှာ ပုံမှန် ပြန်လည် ဖြတ်သန်းခွင့်ပြုပေးသွားမယ်''ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ချဉ်းကပ်လမ်းရေကျော်နေမှုဖြစ်စဉ်ကြောင့် အဆိုပါလမ်းပိုင်းမှတစ်ဆင့် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်းမြို့များသို့ သွားရောက်ကြမည့် ကုန်တင်ယာဉ်ကြီးများ ရပ်တန့်စောင့်ဆိုင်း နေရကြောင်း သိရသည်။
ဇွဲမာန်(ထီးချိုင့်)

No comments:

Post a Comment