Sunday, July 31, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်




 
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လိုအပ်သောအရင်းအနှီးကို စုဆောင်းခြင်း

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဟုဆိုလိုက်သည်နှင့် (ငွေကြေး)ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ သဘာဝသယံဇာတနှင့် လူ့စွမ်းအားအရင်းအမြစ် စသော အခြေခံအကြောင်းအရာများကို ကနဦးတွေးမြင်မိကြသည်။ လက်တွေ့ အားဖြင့်လည်း ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် ရှေးဦးစွာ ရင်ဆိုင်ကြရသည်မှာ ငွေကြေးအရင်းအနှီး ချို့တဲ့မှုပြဿနာပင်ဖြစ်သည်။  နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်သောအရင်းအနှီးကို မည်သို့ရှာဖွေမည်နည်းဟူသော ပ္ဆုာအတွက်မူ အဖြေများအမျိုးမျိုးရှိသည်။
''အရင်းသည် ချွေတာစုဆောင်းမှုကြောင့်  တိုးပြီး သုံးဖြုန်းခြင်း ကြောင့် လျော့ပါးသည်။ လူတစ်ယောက်၏ဝင်ငွေထဲမှ စုဆောင်းမှုသည် အရင်းအစုအပုံကိုတိုးစေပြီး နောက်ထပ်အလုပ်လုပ်မည့်လက်များကို ကျွေးမွေးခန့်ထားနိုင်သည်။ သို့မဟုတ် ထိုသို့ပြုလုပ်သူတို့ကို ထုတ်ချေးခြင်း ဖြင့် ထိုသူ၏အမြတ်ထဲမှ ဝေစုတစ်စုကို အတိုးတစ်ခုအဖြစ်ရရှိစေနိုင်သည်။ ပုဂ္ဂလိကတစ်ဦးချင်း၏ အရင်းသည် သူ၏နှစ်စဉ်ဝင်ငွေ သို့မဟုတ် တိုးပွား မှုများ  gains  ထဲမှ စုဆောင်းဖြစ်ပေါ်ရသလို လူ့အဖွဲ့အစည်းတစ်ခုတွင် လည်း ထိုပါဝင်သော ပုဂ္ဂလိကတစ်ဦးချင်းတို့၏ စုဆောင်းမှုအားလုံးအပေါ် တည်မည်''ဟူ၍   ကျမ်းရိုးဘောဂဗေဒပညာရှင်   အဒမ်စမစ်က ၎င်း၏ ''နိုင်ငံများ၏ဥစ္စာဓန''  (Wealth of Nations) စာအုပ်တွင် ဖော်ပြ ခဲ့သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး သို့မဟုတ် ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ရေး အတွက်  အားထုတ်မှုပြုရမည်မှာ   မလွဲမသွေလိုအပ်ချက်ပင်ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သောအရင်းအနှီးစုဆောင်းမှု ကို ပြုလုပ်ရာတွင်  အမျိုးသားဝင်ငွေ၏ ၁ဝ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်း အထိ ရင်းနှီးမြှုပ်နှံသင့်ကြောင်း၊  နိုင်ငံတစ်ခု၏  စီးပွားရေးတိုးတက်မှု ဖြစ်စဉ်ဆိုသည်မှာ ၅  ရာခိုင်နှုန်းစုဆောင်းသည့်  နိုင်ငံတစ်ခုအဖြစ်မှ ၁၂ ရာခိုင်နှုန်းအထိ   စုဆောင်းသည့်  နိုင်ငံတစ်ခုအဖြစ်  ကူးပြောင်းသည့် ဖြစ်စဉ်ပင်ဖြစ်ကြောင်း   အမေရိကန်စီးပွားရေးပညာရှင်    အာသာလူးဝစ်က ပြောကြားခဲ့သည်။
ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ (သို့မဟုတ်) နိုင်ငံ့လူဦးရေ၏ ၂၆ ရာခိုင်နှုန်း ဆင်းရဲမွဲတေနေသည့် နိုင်ငံတစ်ခုအနေဖြင့် အမျိုးသားဝင်ငွေ၏ ၁ဝ ရာခိုင်နှုန်းကို စုဆောင်းရန် မဖြစ်နိုင်ဟု ယူဆနိုင်ကြစေကာမူ အရင်းအနှီး စုဆောင်းနိုင်မှုသည် လူတို့၏ပျမ်းမျှဝင်ငွေ အဆင့်အတန်းပေါ်တွင် မတည် ကြောင်း စီးပွားရေးပညာရှင်များက ဆိုထားကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အရင်းအနှီးချို့တဲ့ရခြင်းမှာ ပြည်သူများ၏စုဆောင်းလိုစိတ် နိမ့်ကျခြင်း (Low propensity to save) နှင့် ရင်းနှီးမြှုပ်နှံမှုပြုရန် ဆွဲဆောင်မှု အားနည်းခြင်း (Weak inducement to save)  တို့ကြောင့်ဖြစ် ကြောင်း ပြောကြားထားသည်ကိုလည်း သတိမူကြရမည်ဖြစ်သည်။
နိုင်ငံအတွက် အရင်းအနှီးစုဆောင်းမှုဟုဆိုရာတွင် အစိုးရက ထိရောက် သော အခွန်ကောက်ခံမှုစနစ်ကို ကျင့်သုံးခြင်း၊ ထိရောက်သောဘဏ္ဍာ ရေးအဆောက်အအုံများကို ဖွဲ့စည်းတည်ဆောက်ခြင်းနှင့် ပုဂ္ဂလိက အရင်း အနှီးများကို ထိထိရောက်ရောက် စုစည်းခြင်း  စသည့်နည်းလမ်းများကို ကျင့်သုံးသွားရမည်ဟု ဆိုထားသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပိုလျှံသော အရင်းအနှီးအများစုမှာ    ကုန်ထုတ်အစွမ်းသတ္တိမဲ့သော   နေရာများ (အထူးသဖြင့် ပကာသနစားသုံးမှုများ)သို့ စီးဝင်နေသည်ဟုဆိုရာ မိမိတို့ နိုင်ငံတွင်လည်း ယင်းသို့သော သာဓကများစွာကို နေ့စဉ်မျက်မြင်တွေ့ရှိနိုင် သည်။ မြန်မာနိုင်ငံတွင် Lamborghini  ကဲ့သို့သော တန်ဖိုးကြီးက္ဘာ ကျော်ကားသုံးစွဲနိုင်မှုကို တွေ့ရ၍ အံ့သြသွားခဲ့ရသော နိုင်ငံခြားသားများ၊ နောက်ဆုံးပေါ် တီဗွီအမျိုးအစားသစ်တစ်မျိုးကို မြန်မာ့ဈေးကွက်တွင် မူလမျှော်လင့်ထားသည်ထက်  အဆများစွာ  ပိုမိုရောင်းချနိုင်ခဲ့သဖြင့် မတွေးတတ်အောင်ဖြစ်ခဲ့ရသော အရောင်းကိုယ်စားလှယ်များ၊ က္ဘာကျော် ကြက်ကြော်ဆိုင်တွင် တန်းစီတိုးဝှေ့ဝယ်ယူစားသောက်ကြသည့် သာဓက အချို့က မိမိတို့နိုင်ငံတွင် ပိုလျှံနေသော  အရင်းအနှီးများရှိနေသည်ကို ထင်ထင်ရှားရှား ပြသနေခြင်းဖြစ်သည်ဟု ဆိုချင်ပါကြောင်း။         ။

No comments:

Post a Comment