Friday, July 29, 2016

နှစ်ပွဲဆက် အနိုင်ရခဲ့သည့် ဗီယက်နမ်နှင့် လက်ရှိချန်ပီယံ ထိုင်း ဆီမီးတက်



The Mirror Daily's photo.
မန္တလေး ဇူလိုင် ၂၈
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂ဝ၁၆ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (က) ဒုတိယနေ့ပွဲများကို ယနေ့ညနေပိုင်းက မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပသည်။
(ပထမပွဲ)
ဗီယက်နမ် - လေးဂိုး
ဖိလစ်ပိုင် - ဂိုးမရှိ

အုပ်စု(က)၏ အသင်းကြီးတစ်သင်းဖြစ်သည့် ဗီယက်နမ်အသင်းသည် အမှားအယွင်းမရှိ နှစ်ပွဲဆက် နိုင်ပွဲရယူကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီ ဖြစ်သည်။ ဖိလစ်ပိုင်အသင်း ခံစစ်ပိုင်းကြောင့် ဗီယက်နမ်အသင်း အနည်းငယ် ရုန်းကန်ခဲ့ရသော်လည်း ဂိုးပြတ်နိုင်ပွဲ ထပ်မံရယူနိုင်ခဲ့ပြီး ထိုင်းနှင့် ဗီယက်နမ်ကို နှစ်ပွဲဆက်ရှုံးခဲ့သည့် ဖိလစ်ပိုင်အသင်းမှာ အုပ်စုမှ ထွက်ခဲ့ရပြီဖြစ်သည်။
ဗီယက်နမ်အသင်းသည် ၎င်းတို့အားသန်သည့် အလယ်ကြောမှ အဓိကတိုက်စစ်ဆင်ခဲ့ပြီး ဖိလစ်ပိုင်ခံစစ်ကလည်း အလယ်ကြောကို စနစ်တကျပိတ်ဆို့ခဲ့သည့် အပြင် ဂိုးသမားကလည်း အမှားနည်းသောကြောင့် ဂိုးရရန် ပုံမှန်ထက်အားပိုထုတ်ခဲ့ရသည်။ ပွဲအစ ခုနစ်မိနစ်တွင် ငုယင်သီဟောင်က ဗီယက်နမ်အတွက် အဖွင့်ဂိုးသွင်း ယူခဲ့ပြီး ၂၉ မိနစ်တွင် ငုယင်သီသူယက်က အဝေးကန်ချက် ဖြင့် ဒုတိယဂိုးသွင်းယူပေးခဲ့သောကြောင့် ပထမပိုင်းအပြီး တွင် နှစ်ဂိုးအသာဖြင့် ဦးဆောင်နေသည်။ဒုတိယပိုင်းတွင် လည်း ဗီယက်နမ်ကသာ ပွဲကိုဆက်လက် စိုးမိုးထားခဲ့သော်လည်း မိနစ် ၇ဝ နောက်ပိုင်းမှ ဂိုးထပ်ရခဲ့သည်။ ဗီယက်နမ် အတွက် အနိုင်ဂိုးများကို မိနစ် ၇ဝ တွင် ငုယင်သီသူယက်၊ ၇၉ မိနစ်တွင် အသင်းခေါင်းဆောင် ငုယင်သီမင်ငုယက်တို့ က သွင်းယူခဲ့သည်။
ဒုတိယပွဲတွင် လက်ရှိချန်ပီယံထိုင်းအသင်းက စင်ကာပူအသင်းကို ရှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ထိုင်းအသင်းသည် ခြေစွမ်းပိုင်းကွာဟသောကြောင့် အမာခံကစားသမားအများစုကို အနားပေးထားပြီး အရန် ကစားသမားများဖြင့် ပွဲထွက်ခဲ့သည်။ စင်ကာပူအသင်းသည် ပထမပွဲထက် ကစားပုံပိုကောင်းခဲ့ပြီး ၂၅ မိနစ်အထိ ထိုင်းတိုက်စစ်ကို ထိန်းချုပ်နိုင်ခဲ့သည်။ ၂၆ မိနစ်တွင် မိုင်ဂျာရန်၏ပြစ်ဒဏ်ဘောဂိုးဖြင့် ထိုင်းအသင်း ဂိုးစရခဲ့ပြီး ၂၉ မိနစ်တွင် စင်ကာပူနောက်ခံလူကိုယ့်ဂိုးကိုယ်သွင်းမိခဲ့၍ ပထမပိုင်းတွင် ထိုင်းအသင်း နှစ်ဂိုးပြတ်အနိုင်ရခဲ့သည်။ ဒုတိယပိုင်းတွင် ထိုင်းအသင်းဂိုးဆက်တိုက်ရခဲ့ပြီး ခြောက်ဂိုးထပ်မံသွင်းယူသောကြောင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ယနေ့ပွဲအပြီးတွင် အုပ်စု(က)၌ လက်ရှိချန်ပီယံ ထိုင်းနှင့် ဗီယက်နမ်အသင်းက နှစ်ပွဲနိုင်၊ ခြောက်မှတ်စီ ဖြင့် ဆီမီးဖိုင်နယ်တက်ရောက်သွားပြီဖြစ်ပြီး နောက်ဆုံးပွဲ တွင် ပထမနေရာအတွက်သာ ကစားရမည်ဖြစ်သည်။ နှစ်ပွဲစလုံးရှုံးခဲ့သည့် ဖိလစ်ပိုင်နှင့်စင်ကာပူအသင်းအုပ်စု အဆင့်မှထွက်ခဲ့ရပြီဖြစ်သည်။
ယနေ့ပွဲ
ညနေ ၃ နာရီ
သြစတြေးလျ ယူ-၂ဝ -တီမော

ညနေ ၆ နာရီ
မြန်မာ - မလေးရှား

သတင်းနှင့်ဓာတ်ပုံ-ရှိုင်းထက်ဇော်

No comments:

Post a Comment