Friday, July 29, 2016

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး ဆက်လက်ကျင်းပ



 
 
 
သတင်း-ရဲခေါင်ညွန့်၊ ဓာတ်ပုံ-ဖိုးထောင်

မိုင်ဂျာယန် ဇူလိုင် ၂၈
 
ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ပြုလုပ် လျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်း အဝေးတတိယနေ့ကို ယနေ့နံနက် ၈ နာရီခွဲတွင် ဆက်လက်ကျင်းပသည်။

ယနေ့အစည်းအဝေးတွင် ချင်း အမျိုးသားတပ်ဦး(CNF) ၏ ‘ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက အလှည့်ကျသဘာပတိ အဖြစ် ဆောင်ရွက်သည်။
ယနေ့ပြုလုပ်သည့် အစည်းအဝေး တွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ၏ကာကွယ်ရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အခြေခံမူများတင်သွင်းခြင်း၊ အုပ်စုဖွဲ့ ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့သည်။
အလှည့်ကျသဘာပတိ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ''မနက်ဖြန် ကျရင် နိုင်ငံရေးဆိုင်ရာဆွေးနွေးမှု မူဘောင်သုံးသပ်ချက် (Political
Framework Review)အတွက် ဆွေးနွေးဖို့ရှိတယ်။ ဆပ်ကော်မတီနှစ်ခု လုပ်ထားပါတယ်။ ဆပ်ကော်မတီ တစ်မှာ ကတော့ ကျွန်တော်တို့ NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေ ပါပါတယ်။ ကျွန်တော်တို့ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ Review လုပ်ထားတာကို မူကြမ်းအဖြစ် တင်သွင်းမယ်။ အဲ့ဒီအပေါ် မှာ အားလုံးရဲ့ခံယူချက်လိုလားချက်ကို ကျွန်တော်တို့ ဆောင်ရွက်နိုင်ဖို့ ကြိုးစား သွားမှာဖြစ်ပါတယ်။

အားလုံးပေါင်းလိုက် ရင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံကို တက်ရောက်နိုင်ဖို့ လုံလောက်တဲ့ ပြင်ဆင်မှုတော့ရှိလိမ့်မယ် လို့မြင်ပါတယ်''ဟု သြဂုတ်လဆန်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစု ပင်လုံကျင်းပနိုင်ရန်အတွက် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်သုံးသပ်ချက်နှင့် ပတ်သက်၍ ပြောသည်။

ဆွေးနွေးလျက်ရှိသည့် အကြောင်း အရာများအားလုံး ဘုံသဘောတူညီမှုများ ချမှတ်နိုင်ရန်အတွက် အစည်းအဝေးကို မူလက ဇူလိုင် ၂၆ မှ ၂၉ ရက်အထိ လေးရက်တာကျင်းပရန် သတ်မှတ်ထား သော်လည်း ဇူလိုင် ၃ဝ ရက်အထိ ရက်တိုး ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။


No comments:

Post a Comment