Friday, July 29, 2016

ပြည်ပခရီးစဉ်များအတွက် လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးလျက်ရှိ လိုင်စင်မရှိဘဲ ပြည်ပခရီးစဉ်လုပ်ငန်းဆောင်ရွက်မှုများ ဥပဒေနှင့်အညီ အရေးယူမည်



The Mirror Daily's photo.
ရန်ကုန် ဇူလိုင် ၂၈
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပခရီးစဉ် (Outbound Tour) များအတွက် လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးလျက်ရှိရာ လိုင်စင် မရှိဘဲ ပြည်ပခရီးစဉ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေ၊ မြန်မာနိုင်ငံ ခရီးသွားလာရေး ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ပခရီးစဉ် (Outbound Tour) လုပ်ငန်းကို စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လုပ်ငန်းလိုင်စင်များကို ခွင့်ပြုချထားပေးလျက်ရှိပြီး ဇူလိုင် ၂၁ ရက်အထိ လိုင်စင် ၂၅၅ ခု ခွင့်ပြုချထားပေးခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။ ယင်းအပြင် ဆက်လက်တင်ပြလာသော ပြည်ပခရီးစဉ်လုပ်ငန်း လိုင်စင်များကို စိစစ်ခွင့်ပြုပေးသွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် ပြည်ပခရီးစဉ် (Outbound Tour)များ ကို လိုင်စင်စိစစ်ခွင့်ပြုပေးနေခြင်းနှင့်အတူ လိုင်စင်မရှိဘဲ တရားမဝင် လုပ်ငန်းလုပ်ကိုင်နေခြင်းများကိုလည်း ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားသည်။ ပြည်ပခရီးစဉ် (Outbound Tour)လိုင်စင် လျှောက်ထားရယူခြင်းမရှိဘဲ သတင်းစာများ၊ အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် ကြော်ငြာကာ လုပ်ငန်းဆောင်ရွက်နေမှုများရှိနေသည့်အတွက် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဥပဒေပုဒ်မ ၂၃ တွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းတစ်ခုခုကို ဥပဒေအရ ထုတ်ပေးထားသော လိုင်စင်မရှိဘဲ လုပ်ကိုင် ဆောင်ရွက်ခြင်းမပြုရန် ပြဋ္ဌာန်းထားရှိသဖြင့် ပြည်ပခရီးစဉ် (Outbound Tour) လုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက လုပ်ငန်းလိုင်စင်လျှောက်ထားရယူရန် လိုအပ်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ယင်းသို့ ပြည်ပခရီးစဉ် (Outbound Tour)လုပ်ငန်း လိုင်စင်မရှိဘဲ ပြည်ပခရီးစဉ် ပို့ဆောင်ပေးမည်ဟုဆိုကာ လူမှုကွန်ရက်စာမျက်နှာတွင် ကြော်ငြာခဲ့သည့် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်အတွင်းရှိ ခရီးသွားကုမ္ပဏီတစ်ခုမှာ ခရီးသွားပြည်သူများထံမှ ငွေကျပ် သိန်းရာနှင့်ချီ လိမ်လည် ခဲ့မှု ယခုလအတွင်းဖြစ်ပေါ်ခဲ့သည်။ အင်တာနက် လူမှု ကွန်ရက် ကျယ်ပြန့်စွာ အသုံးပြုလာမှုများကြောင့်လည်း မှန်ကန်စွာ အသုံးပြုနေသူများရှိသလို လိမ်လည်မှုများလည်း ရှိနေသည့်အတွက် သတိပြုစရာပင်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ခရီးသွားများအနေဖြင့်လည်း တရားဝင်ခွင့်ပြုချက်ရထားသော ခရီးသွားကုမ္ပဏီများ ဖြင့်သာ သတိပြု ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်သော်လည်း သက်ဆိုင်ရာမှ တရားဝင် ခွင့်ပြုထားသော လိုင်စင်ရကုမ္ပဏီများကို ကြေညာပေးထားပါက အလွယ်တကူ သိရှိနိုင်မည်ဟုလည်း ဝေဖန်သုံးသပ်နေမှုများရှိသည်။
''ဖေ့စ်ဘွတ်က လူတိုင်းသုံးလာတော့ ဒီမှာကြော်ငြာတာက အတော်ကိုထိရောက်တယ်။ စားသောက်ဆိုင်ပဲ ဖြစ်ဖြစ်၊ ခရီးသွားပဲဖြစ်ဖြစ် ဒီမှာ ကြော်ငြာလိုက်ရင် ရှဲယ် (Share))တဲ့ သူတွေများတာနဲ့အမျှ လူသိများလာတယ်။ ခရီးသွားတွေအတွက်ကတော့ ဘယ်ကုမ္ပဏီက လိုင်စင်ရှိ လား၊ မရှိလား သေချာမသိနိုင်ဘူးပေါ့။ လုပ်သက်ကြာတဲ့ နာမည်ကြီး ကုမ္ပဏီကြီးတွေကတော့ လူသိပိုများသလို ပိုစိတ်ချရတယ်။ ဒါပေမယ့် တရားဝင်လိုင်စင်လျှောက်ပြီး အခုမှစလုပ်တဲ့ လုပ်ငန်းလေးတွေအနေနဲ့ကလည်း လူသိများအောင် စလုပ်ကာစဆိုတော့ ဒီလိုသတင်းထွက်လာတော့ စိန်ခေါ်မှု ပိုများလာတဲ့သဘောပေါ့။ ဝန်ကြီးဌာနအနေနဲ့ ကလည်း အခုဆိုရင် လိုင်စင်လျှောက်ရလွယ်အောင် အွန်လိုင်းဝန်ဆောင်မှုလည်း ပေးနေပြီ။ လာမယ့် အောက်တိုဘာကစပြီး လိုင်စင်ကြေးတွေလည်း လျှော့ချ ပေးမယ်ဆိုတော့ တရားဝင်ဆောင်ရွက်တာ အာမခံချက်ရှိပါတယ်။ တစ်ခုခုဖြစ်တဲ့အခါလည်း ဖြေရှင်းရလွယ်ပါတယ်''ဟု ဧည့်လမ်းညွှန် မနီနီဝင်းက သုံးသပ်သည်။
(ဆုနှင်းလဲ့)

No comments:

Post a Comment