Friday, July 29, 2016

မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွင် ရောက်ရှိနေသော မြန်မာအလုပ်သမားများအားပြန်လည်ခေါ်ဆောင်ရေးနှင့် နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ



The Mirror Daily's photo.
တွေ့ဆုံမေးမြန်း - ရှင်မင်း၊ ဓာတ်ပုံ - ရွှေကိုလေး

မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွင် ရောက်ရှိနေသော မြန်မာအလုပ်သမားများအား ပြန်လည်ခေါ်ဆောင်ရေးနှင့် နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ဇူလိုင် ၂၆ ရက်တွင်ကျင်းပခဲ့သည့် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီအစည်းအဝေး၌ ဆွေးနွေးခဲ့ကြောင်းသိရပြီး မည်ကဲ့သို့သော အစီအစဉ်များဖြင့် ပြန်လည်ခေါ်ဆောင်မည်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်အား မြန်မာ့သတင်းစဉ်မှ တွေ့ဆုံမေးမြန်းခဲ့သည်။
မေး။ ။ မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသားများ ပြန်လည်ခေါ်ယူမယ့် အစီအစဉ်တွေရှိတယ်လို့ သိရပါတယ်။ ဘယ်လိုအစီအစဉ် တွေနဲ့ ပြန်ခေါ်မယ်ဆိုတာ ပြောပြပေးပါရှင့်။
ဖြေ။ ။ အကြောင်းအမျိုးမျိုးကြောင့် မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်း ၁၁ ခုမှာ ရောက်ရှိနေပြီး ပြန်လာဖို့ အခက်အခဲအမျိုးမျိုးရှိနေတဲ့ မြန်မာအလုပ် သမား ၂၂၉၄ ဦး ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒီလို ကိုယ့်နိုင်ငံကလူတွေကို ပြန်ခေါ်တဲ့ကိစ္စရပ်တွေကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက အရင်ကတည်းက ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။
အခု ထိန်းသိမ်းရေးစခန်းတွေမှာရှိတဲ့ မြန်မာနိုင်ငံသား ၂၂၉၄ ဦး နေရပ် ပြန်နိုင်ဖို့ နိုင်ငံတော်ရဲ့ အထူးအစီအစဉ်တစ်ရပ်အနေနဲ့ ပြန်လည်ခေါ်ယူရေးကို နိုင်ငံတော်အဆင့် ဖွဲ့စည်းပေးထားတဲ့ ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီရဲ့ လမ်းညွှန်မှုနဲ့ ကျွန်တော်တို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ဦးဆောင်ပြီး ကော်မတီအဖွဲ့ဝင်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ပါဝင်တဲ့ ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး အမြန်ဆုံး ပြန်လည် ခေါ်ဆောင်နိုင်ရေးကို ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို မြန်မာအလုပ် သမားတွေကို စင်းလုံးငှားလေယာဉ် ၁ဝ စင်းနဲ့ ပြန်လည်ခေါ်ယူဖို့ စီစဉ် ဆောင်ရွက်တဲ့နေရာမှာ လက်ရှိမှာ KBZ Brighter Furture Myanmar Foundation မှ ဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းနဲ့ Mother Trading Co.,Ltd. မှ ဦးအောင်မြတ်တို့က အဓိကလှူဒါန်းသူများဖြစ်ပြီး ကျန်အလှူရှင် ၄ဝ ခန့် ပါဝင်လှူဒါန်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ပြန်ခေါ်ဖို့စီစဉ်တဲ့ စင်းလုံးငှားလေယာဉ်တစ်စင်းမှာ လူဦးရေ ၁၃၇ ဦး လိုက်ပါနိုင်ပြီး တစ်ဦးကို လေယာဉ်ခက အမေရိကန်ဒေါ်လာ ၂၈ဝ ခန့် ကုန်ကျမှာဖြစ်ပါတယ်။ အလှူရှင်တွေအနေနဲ့ ပြန်လည်ခေါ်ယူမယ့် အလုပ် သမားတွေကို ထောက်ပံ့ကြေးအနေနဲ့ ကျပ် ၃ဝဝဝဝ ခန့် ပေးနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။ ဒါကတော့ ပြန်လည်ခေါ်ယူမယ့် လုပ်ငန်းစဉ် မူကြမ်း ဖြစ်ပါတယ်။
လုပ်ငန်းဆောင်ရွက်မှုတွေကို မြန်မာနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့မှာ လုပ်ဆောင်ရမယ့် အပိုင်းခွဲခြားပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ မလေးရှားနိုင်ငံဘက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာန မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက အဓိကတာဝန်ယူဆောင်ရွက်မှာဖြစ်ပြီးတော့ မြန်မာနိုင်ငံသား မှန်ကန်တဲ့ အလုပ်သမားတွေကို ထိန်းသိမ်းရေးစခန်းများအလိုက် ပြန်လည်ပို့ဆောင် နိုင်ရေးကို စီစဉ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီအစီအစဉ်မှာ စင်းလုံးငှားလေယာဉ် ဖြစ်တဲ့အတွက် သံအမတ်ကြီး အတည်ပြုထားတဲ့ မြန်မာအလုပ်သမားတွေကို ထိန်းသိမ်းရေးစခန်းတွေနဲ့ နီးစပ်တဲ့လေဆိပ်တွေကနေတစ်ဆင့် စီစဉ်ဆောင် ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ပြန်ပို့မယ့် အလုပ်သမားတွေစာရင်းကို သုံးရက် (သို့မဟုတ်) မြန်မာသံရုံးအနေနဲ့ သင့်တော်အဆင်ပြေမယ့်နေ့ရက်ကို ကြိုတင်အကြောင်းကြားပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးညှိနှိုင်းထားပြီး ဖြစ်ပါတယ်။
အလုပ်သမားတွေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိချိန်မှာလိုအပ်တဲ့ စိစစ်မှုတွေပြုလုပ်ပြီးတော့ နေရပ်ပြန်လည်ပို့ဆောင်ရေးကို ကျွန်တော်တို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ဆက်စပ် ဝန်ကြီးဌာနတွေက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အလုပ် သမားတွေကို လေဆိပ်ကြိုဆိုရေးကအစ စားသောက်ရေး၊ တည်းခိုနေထိုင်ရေး၊ နေရပ်ပြန်ဖို့ လိုအပ်တဲ့ ခရီးစဉ်တွေအတွက်ကိုပါ စီစဉ်ဆောင်ရွက်ထားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ကိုယ်ရေးအချက် အလက်တွေကို ကောက်ခံသွားဖို့ရှိပါတယ်။ ကိုယ့်နိုင်ငံကို ပြန်လာတဲ့ နိုင်ငံသား တွေမှာ ထိုက်သင့်တဲ့ ကျွမ်းကျင်မှုပါလာတဲ့ အလုပ်သမားတွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။ သူတို့ရဲ့ကျွမ်းကျင်မှုအလိုက် ပြည်တွင်းမှာ အလုပ်လုပ်ကိုင်လိုရင် ပြည်တွင်း အလုပ်ရှင်တွေနဲ့ ချိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြည်တွင်း အလုပ်ရှင်တွေ လိုချင်တဲ့ ကျွမ်းကျင်မှု အမျိုးအစားအလိုက် အလုပ်နေရာတွေကို နေရာချထားဖို့ ရည်ရွယ်ပြီးတော့ အလုပ်ရှင်တွေနဲ့ မိတ်ဆက်ပေးသွားမှာဖြစ်ပါ တယ်။
အခု ပြန်ခေါ်မယ့်သူတွေကို နိုင်ငံတော်အဆင့်အနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်ဖို့ ရည်မှန်းထားတာပါ။ အလုပ်လုပ်တာ၊ မလုပ်တာကတော့ ဆန္ဒရှိသလိုပေါ့။ ကိုယ့်နိုင်ငံကို ပြန်လာတဲ့အခါ တတ်မြောက် လာတဲ့ ကျွမ်းကျင်မှုတွေကို အသုံးချနိုင်အောင် တတ်နိုင်သလောက် ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။
ဒီလို နိုင်ငံတော်အနေနဲ့ စီစဉ်ပေးတဲ့အခြေအနေမှာ ကြားသိနေရတာက နေရပ်ပြန်ဖို့ ခက်ခဲတဲ့သူတွေအတွက် ကြားကတစ်ဆင့်ခံ ဝန်ဆောင်စရိတ်ရယူပြီး ဆောင်ရွက်ပေးနေတဲ့ ကိစ္စရပ်တွေ ပေါ်ပေါက်နေတဲ့အတွက် အလုပ်သမားများ အနေနဲ့ မလိုအပ်တဲ့ ကုန်ကျစရိတ်တွေ ကျခံနေရကြောင်း သိရှိနေရပါတယ်။ ဒါကြောင့် နိုင်ငံတော်အဆင့် အစီအစဉ်နဲ့ အခက်အခဲမရှိ ပြန်နိုင်ဖို့အတွက် ဆောင်ရွက်ပေးခြင်းဖြစ်တဲ့အပြင် မလေးရှားနိုင်ငံဘက်မှာ ကုန်ကျမယ့် ဒဏ်ကြေးအပါအဝင် အထွေထွေကုန်ကျစရိတ်တွေကို အလှူရှင်တွေက ကျခံ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြောချင်တာက အလုပ်သမားတွေကို ကုန်ကျစရိတ် လုံးဝမရှိစေဘဲ ပြန်လည်ခေါ်ဆောင်သွားမှာဖြစ်တယ်ဆိုတာကို ပြောကြားလိုပါတယ်။
မေး။ ။ မလေးရှားနိုင်ငံ မြန်မာသံရုံးကနေ အလှူရှင်ဘက်က နေရပ်ပြန်ဖို့ အခက်အခဲဖြစ်နေတဲ့ ထိန်းသိမ်းခံ နိုင်ငံသားတွေအတွက် အစီအစဉ်ဖျက်သိမ်း လိုက်တယ်လို့ ထုတ်ပြန်ချက်တစ်ခုရှိပါတယ်။ ဒါကတော့ နိုင်ငံတော်က စီစဉ်တဲ့ နေရပ်ပြန်ဖို့ စီစဉ်ပေးမယ့် နိုင်ငံသားတွေထဲကပဲလား။
ဖြေ။ ။ မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေ ပြန်လည်ပို့ဆောင်ရေးကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက အရင်ကတည်းက ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။
အလုပ်သမားတွေ ပြန်လည်ပို့ဆောင်ရေးကိစ္စတွေနဲ့ပတ်သက်ပြီး မြန်မာသံအမတ်ကြီးမှာ အတွေ့အကြုံများစွာရှိတဲ့အတွက် လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ သံအမတ်ကြီးရဲ့ ဦးဆောင်မှုက အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာသံရုံးမှ ဆောင်ရွက်လျက်ရှိတဲ့အပိုင်း ကလည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီးတော့ အခုအစီအစဉ်ကတော့ ဝန်ကြီးဌာနကို လာရောက်ဆက်သွယ်တဲ့ အလှူရှင်တွေနဲ့ သီးသန့်ပူးပေါင်းပြီး ပိုမိုစနစ်ကျတဲ့ ရေရှည်လုပ်ငန်းစဉ်တစ်ခုအဖြစ် နိုင်ငံတော်အဆင့် စီစဉ် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။
မေး။ ။ နိုင်ငံတော်အဆင့် စီစဉ်ဆောင်ရွက်ပေးတဲ့ အစီအစဉ်က ဘယ်တော့လောက် စဖြစ်မလဲရှင့်။
ဖြေ။ ။ အလုပ်သမားတွေရဲ့ နိုင်ငံသားစိစစ်မှုကိစ္စရပ်တွေကို ပြုလုပ်ပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး စာရင်းပေးပို့လာမှုအပေါ်မူတည်ပြီး အလုပ်သမားတွေကို ပြန်လည်ခေါ်ယူသွားမှာဖြစ်ပါတယ်။ လှူဒါန်းမယ့် အလှူရှင်တွေအနေနဲ့က အဆင်သင့်ဖြစ်နေပါတယ်။
မေး။ ။ တစ်ဆက်တည်း မေးလိုတာက ဝန်ကြီးဌာနအနေနဲ့ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေအတွက် စွမ်းရည်မြှင့်သဘောနဲ့ ဆောင်ရွက်ပေးတာမျိုး ရှိပါသလား။
ဖြေ။ ။ အခု ကျွန်တော်တို့နိုင်ငံက ပြည်ပကိုအထွေထွေအလုပ်သမားတွေက အများဆုံး သွားရောက်ကြပါတယ်။ ကျွမ်းကျင်အလုပ်သမားတွေကတော့ စင်ကာပူနိုင်ငံကို အဓိကထားသွားနေကြပါတယ်။ စင်ကာပူနိုင်ငံကတော့ သူတို့သတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပြီးတော့ သူတို့ ကိုယ်တိုင် ရွေးချယ်ခေါ်ယူနေတာဖြစ်ပါတယ်။ မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံကို သွားရောက်မယ့် အလုပ်သမားတွေကို လုပ်ငန်းခွင်အကြိုသင်တန်းများ ပြုလုပ်ပေးလျက်ရှိပြီး အခြားနိုင်ငံတွေကို သွားရောက်မယ့်သူတွေကိုလည်း လိုအပ်တဲ့ မှာကြားမှုတွေကို ပြုလုပ်ပေးလျက်ရှိပါတယ်။ လုပ်ငန်းခွင်အကြိုသင်တန်းမှာ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေတွေ၊ လုပ်ငန်းခွင်သုံး ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေ၊ ဆောင်ရန်ရှောင်ရန်တွေကို ပြောကြားပေးတာဖြစ်ပါတယ်။
မေး။ ။ ပြည်ပကို သွားရောက်လုပ်ကိုင်တဲ့ အလုပ်သမားတွေ အခက်အခဲနဲ့ တွေ့ကြုံနေရတာတွေကို ကြားသိရပါတယ်။ ဝန်ကြီးဌာနအနေနဲ့ လက်တွေ့မှာ ဒီလိုအခက်အခဲတွေ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး သိပါရစေ။
ဖြေ။ ။ သွားရောက် အလုပ်လုပ်တဲ့ အလုပ်သမားတွေက အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက်စာချုပ်ကို များသောအားဖြင့် နှစ်နှစ်ချုပ်ဆိုကြပါတယ်။ ဒါပေမယ့် အလုပ်သမားတွေက အလုပ်ရှင်ရဲ့ခွင့်ပြုချက်မရဘဲ အလုပ်ပြောင်းလဲ လုပ်ကိုင်တာကြောင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ပါ နေရာမှာ အလုပ်လုပ်ကိုင် မှု မရှိတာကြောင့် အရေးယူခံရခြင်းများကိုလည်း တွေ့ကြုံရပါတယ်။
ဒါ့အပြင် အလုပ်သမားလက်ခံနိုင်ငံရဲ့ အေဂျင်စီများနဲ့ မြန်မာနိုင်ငံက စေလွှတ်တဲ့ အေဂျင်စီတွေက ချမှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ပြီး စာချုပ်ပါ အလုပ်နေရာကို စေလွှတ်ခြင်းမပြုဘဲ နေရာလွဲမှားပို့ဆောင်ခြင်း၊ အလုပ်နေရာမရှိဘဲ အလုပ်သမားများအားခေါ်ယူပြီး နေရာအသီးသီးသို့ ဖြန့်ခွဲပေးပို့ခြင်းတို့ကြောင့်လည်း အလုပ်သမားများ အရေးယူခံရမှုများရှိပါတယ်။ ဒီလိုဖြစ်စဉ်မျိုး ပေါ်ပေါက်လာရင် လိုအပ်တဲ့ စုံစမ်းစိစစ်မှုများ ပြုလုပ်ပြီး တော့ အရေးယူမှုများကို ပြုလုပ်နေပါတယ်။
အလုပ်သမားတွေ အရေးယူခံရမှုတွေအနက် နောက်ထပ်တစ်ခုအနေနဲ့ကတော့ အလည်အပတ်ဗီဇာနဲ့ ပွဲစားတွေက လိမ်ညာစေလွှတ် အလုပ်လုပ်ကိုင်စေခြင်းဖြစ်ပါတယ်။
အလုပ်သမားတွေအနေနဲ့ မိမိရဲ့ ပြည်ဝင်ဗီဇာနဲ့ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် နှစ်မျိုးလုံး သက်တမ်းရှိ၊ မရှိကို သတိပြုရမှာ ဖြစ်ပါတယ်။ အလုပ်ခွင်ထဲမှာ ခိုက်ရန်ဖြစ်ပွားခြင်း၊ မူးယစ်သောက်စားခြင်းတို့ကို ရှောင်ကြဉ်ရန်နဲ့ သတ်မှတ်ထားတဲ့ လုပ်ငန်းခွင်စည်းကမ်းတွေကို လိုက်နာရမှာ ဖြစ်ပါတယ်။
မေး။ ။ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေကိုရော ဘယ်လို ကြီးကြပ်ကွပ်ကဲမှုတွေရှိပါသလဲ။ အရေးယူမှုရှိရင်လည်း သိပါရစေ။
ဖြေ။ ။ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေက တစ်ဆင့် သွားတဲ့အလုပ်သမားတွေအတွက် အလုပ်ရှင်နဲ့ အလုပ်သမား၊ အလုပ်သမားနဲ့ အေဂျင်စီချုပ်ဆိုလုပ်ဆောင်တဲ့ အချက်အလက်တွေ ကျွန်တော် တို့မှာရှိတယ်။ အကယ်၍ အလုပ်သမားက တရားဝင်သွားရောက်ပြီး အခက်အခဲ ရှိခဲ့ရင် ဆက်သွယ်ပြောကြားရမယ့် လိပ်စာအတိုင်း ဆက်သွယ်စေပြီး စာချုပ်ပါ အခွင့်အရေးတွေရရှိအောင် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။
ဒီနေ့အထိ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီ ၂၅၃ ခု ရှိပါတယ်။ အေဂျင်စီတွေအနေနဲ့ မိမိတို့ စေလွှတ်တဲ့ အလုပ်သမားတွေရဲ့ အရေးကိစ္စတွေပေါ်ပေါက်ပါက အချိန်မီဖြေရှင်းဆောင်ရွက်စေပါတယ်။ အေဂျင်စီတွေကို လိုအပ်တဲ့ စိစစ်မှုတွေ ပြုလုပ်ပေးတဲ့အချိန်မှာ စည်းကမ်းဖောက်ဖျက်မှုအလိုက် အရေးယူမှုတွေကို ပြုလုပ်နေပါတယ်။ ယာယီပိတ်ထားတဲ့ အေဂျင်စီရှစ်ခုနဲ့ တိုင်ကြားလို့ အမှုစစ်ဆေးဆဲကာလအတွင်း လုပ်ကိုင်ခွင့် ရပ်ဆိုင်းထားတဲ့ အေဂျင်စီသုံးခု ရှိပါတယ်။ အပြီးရုပ်သိမ်းတဲ့ အေဂျင်စီ ၁၃ ခုအနက် အလုပ်သမားစေလွှတ်တဲ့ အလုပ်ကို မလုပ်ချင်တော့လို့ ပြန်အပ်တဲ့ အေဂျင်စီကိုးခုနဲ့ အရေးယူပြီး ပိတ်သိမ်းတဲ့ အေဂျင်စီလေးခုရှိပါတယ်။
မေး။ ။ အိန္ဒိယနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့က ပြန်လာတဲ့ မြန်မာနိုင်ငံသား အလုပ် သမားတွေလည်း ရှိပါတယ်။ ဒီအပေါ်မှာရော အလုပ်အကိုင်တွေ ဆောင်ရွက်ပေးတာမျိုး ရှိပါသလား။
ဖြေ။ ။ ကျွန်တော်တို့ကတော့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် ဆောင်ရွက်ပေးနေပါတယ်။ အရင်ကလည်း မလေးရှား ကနေပြန်လာတဲ့ အလုပ်သမားတွေအတွက်လည်း ဆောင်ရွက်ပေးခဲ့ပါတယ်။
အခုကတော့ ရွှေ့ပြောင်းလုပ်သားတွေ သတင်းပို့နေရာကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖွင့်ထားတာရှိပါတယ်။ ပြန်လည်ရောက်ရှိတဲ့ အလုပ်သမားတွေအနေနဲ့ လိုအပ်ရင် မေးမြန်းစုံစမ်းနိုင်ဖို့အတွက် ရည်ရွယ် ထားရှိခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဆက်သွယ်ဆောင်ရွက်တဲ့သူ နည်းတယ်။ ပြန်ရောက်တာနဲ့ နေရပ်တန်းပြန်တဲ့သူများတယ်။ တချို့အလုပ်သမားတွေက နေရပ်ရောက်မှ ပြန်ဆက်သွယ်တာလည်းရှိတယ်။
မေး။ ။ ထိုင်းနိုင်ငံမှာ အခုလပိုင်း၊ ရက်ပိုင်းအတွင်း အလုပ်သမားအရေး ကိစ္စတွေ ပိုရှုပ်ထွေးလာတယ်လို့ ဝေဖန်သံတွေ ရှိပါတယ်။
ဖြေ။ ။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား သုံးသန်းနီးပါးလောက် ရောက်နေတာရယ်၊ အားလုံးက ဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ ဖြစ်နေတာရယ်၊ တစ်ခုခုဆို သူ့ဘာသာသူ ဆောင်ရွက်နေကြတာများတယ်။ ထိုင်းမှာတော့ အလုပ်ရှင်၊ အလုပ်သမားပြဿနာတို့၊ ရဲကဖမ်းတာတို့ အစောကြီးကတည်းက ဖြစ်နေတာပါ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ်အပြီးမှာ မြန်မာတွေအပေါ် ထိုင်းနိုင်ငံဘက်မှ ပိုမိုအလေးထားလာပါတယ်။ ဖြစ်စဉ်တွေမှာ အလုပ်သမားတွေရဲ့ မှားယွင်းမှုတွေရှိသလို ထိုင်းနိုင်ငံဘက်က လုပ်နည်းမမှန်တာတွေလည်း ရှိပါတယ်။
အလုပ်သမားတွေ ထိုင်းနိုင်ငံကို ရောက်ရှိပြီး ရက်ပေါင်း ၉ဝ မှာ တစ်ကြိမ် လူဝင်မှုကြီးကြပ်ရေးရုံးမှာ သတင်းပို့ရမှာကို အလုပ်သမားတွေ မသိတာတွေလည်း ရှိနေပါတယ်။ ဒီလိုသတင်းပို့တဲ့ကိစ္စရပ်က အလုပ်သမားတွေအတွက် အခက်အခဲရှိနေတာကြောင့် နှစ်နိုင်ငံအစည်းအဝေးတွေမှာ ဆွေးနွေးညှိနှိုင်း ထားပါတယ်။
မေး။ ။ အလုပ်သွားလုပ်မယ့်သူတွေအတွက်ရော၊ ပြန်လာတဲ့သူတွေ အလုပ် အကိုင်အခွင့်အလမ်းတွေအတွက်ရော သိရှိစေဖို့ သတင်းစကားပြောကြား ပေးပါ။
ဖြေ။ ။ ပြည်ပနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်မယ့် အလုပ်သမားတွေကို အသိပညာပေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ အလုပ်သမားတွေ သိရှိသင့်တဲ့ အချက်အလက်တွေကို လက်ကမ်းစာစောင်တွေနဲ့ ဖြန့်ဝေပေးလျက်ရှိပါတယ်။ ဒီစာစောင်ထဲမှာ မသွားခင်စဉ်းစားဖို့၊ မသွားခင်မှာ လုပ်ရမယ့်လုပ်ငန်းစဉ်တွေလည်း ရေးထားတယ်။ အခက်အခဲရှိပါက ဆက်သွယ်နိုင်မယ့် လိပ်စာတွေကို ထည့်သွင်းပေးထားပါတယ်။ တရားဝင်လမ်းကြောင်းကနေ သွားရောက်အလုပ် လုပ်ကိုင်ရေးကိုလည်း အသိပညာပေးလျက်ရှိပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောကြားချင်တာရှိရင်လည်း ပြောကြားပေးပါ။
ဖြေ။ ။ မလေးရှားနိုင်ငံမှာရှိတဲ့ ထိန်းသိမ်းရေးစခန်းမှာ ရောက်ရှိနေတဲ့ အလုပ်သမားအချို့က မိသားစုနဲ့ အဆက်အသွယ်မရရှိဘဲ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့အတွက် သူတို့ကို နေရပ်ကိုပြန်လည်ပို့ဆောင်ပေးတဲ့ လုပ်ငန်းစဉ်ကို ဆောင်ရွက်ခြင်းဟာ မုဒိတာပွားရပြီး ကုသိုလ်ရတဲ့အလုပ်ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံသားတွေကို ကူညီဆောင်ရွက်ပေးရတာ သူတို့ဆီကနေတစ်ဆင့် ပျော်ရွှင်မှုက ကူးစက်ပါတယ်။ နိုင်ငံတော်အနေနဲ့ ပြည်ပရောက် မြန်မာအလုပ် သမားတွေကို ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းတွေကို စဉ်ဆက်မပြတ် ရေရှည်စီမံချက်နဲ့ ဆောင်ရွက်ပေးသွားမယ်ဆိုတာကို ပြောကြားလိုပါတယ်။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ။

No comments:

Post a Comment