Friday, July 1, 2016

အစ္စတန်ဘူလ်လေဆိပ် အကြမ်းဖက်မှုကျူးလွန်သူများအား ဖော်ထုတ်




The Mirror Daily's photo.


အစ္စတန်ဘူလ် ဇွန် ၃ဝ

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ အာတာတပ် လေဆိပ်တွင် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုနှင့် အသေခံဗုံးပေါက်ကွဲမှုများ ကျူးလွန်ခဲ့သူ သုံးဦးသည် ရုရှား၊ ဥဇဘက်ကစ္စတန်နှင့် ကာဂျစ္စတန်နိုင်ငံတို့မှဖြစ်ကြောင်း တူရကီအစိုးရတာဝန် ရှိသူတစ်ဦးက ယနေ့ထုတ်ဖော်ပြောကြားခဲ့သည်။

ဥရောပ၏တတိယအကြီးဆုံးသော လေဆိပ်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါအကြမ်းဖက်မှုတွင် လူပေါင်း ၄၂ ဦးသေဆုံးခဲ့ပြီး ၂၃၉ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ယင်းအကြမ်းဖက်မှုသည် တူရကီနိုင်ငံ၏ ယခုနှစ်အတွက် သေဆုံးမှုအရေအတွက် များပြားဆုံးသော အကြမ်းဖက်မှု လည်းဖြစ်သည်။

ဗုံးဖောက်ခွဲသူသုံးဦးသည် လေဆိပ်အပြင်ဘက်တွင် သေနတ်ပစ်ခတ်ပြီးနောက် ၎င်းတို့အနက် နှစ်ဦးက လေဆိပ်အထဲသို့ဝင်ရောက်ပြီး အသေခံဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ ကျန်တစ်ဦးသည် ဝင်ပေါက်တွင် ဗုံးများဖောက်ခွဲ ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဗုံးဖောက်ခွဲသူများနှင့် ပတ်သက်ပြီး ၎င်းတို့သည် မည်သည့်နိုင်ငံသား ဖြစ်သည်ကလွဲပြီး အခြားမည်သည့် အချက်အလက်ကိုမျှ တာဝန်ရှိသူများက ပြောကြားခြင်း မရှိပေ။ စုံစမ်းစစ်ဆေးသူများက သေဆုံးသွားသော ဗုံးဖောက်ခွဲသူများနှင့် ပတ်သက်သည့် အချက်အလက်များ ရရှိစေရန် ၎င်းတို့၏အလောင်းများကို စစ်ဆေးလျက်ရှိကြသည်။

ထို့အတူ ဆရာဝန်များကလည်း ဗုံးဖောက်ခွဲသူများကို သိရှိဖော်ထုတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

အဆိုပါအကြမ်းဖက်မှုနှင့်ပတ်သက်ပြီး နိုင်ငံခြားသား များအပါအဝင် သံသယရှိသူ ၁၃ ဦးကို တူရကီရဲအရာ ရှိများက ဖမ်းဆီးထားသည်။

ယင်းလေဆိပ်တိုက်ခိုက်မှုတွင် အိုင်အက်စ် စစ်သွေးကြွများက ကြိုးကိုင်လှုပ်ရှားခဲ့ခြင်း ဖြစ်သည်ဟု တူရကီအာဏာပိုင်များက ယုံကြည်ကြသည်။
ရိုက်တာ။

No comments:

Post a Comment