Friday, July 1, 2016

မြေပြင်မှ ဝေဟင်ပစ် တာလတ်ပစ်ဒုံးကျည်သစ် အိန္ဒိယ စမ်းသပ်ပစ်ခတ်မှုအောင်မြင်




The Mirror Daily's photo.


နယူးဒေလီ ဇွန် ၃ဝ

မြေပြင်မှ ဝေဟင်ပစ် တာလတ်ပစ်ဒုံးကျည် အမျိုးအစားသစ်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း အိန္ဒိယစစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားကြသည်။

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ပင်လယ်ကမ်းရိုးတန်းဒေသမှ သြရိဿပြည်နယ်ရှိ စစ်အခြေစိုက် စခန်းတစ်ခုတွင် ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အမ်အာရ်အက်စ်အေအမ်ဟု အမည်ပေးထားသည့် တာလတ်ပစ်ဒုံးကျည်ကို အိန္ဒိယနှင့် အစ္စရေးနိုင်ငံတို့က ပူးတွဲထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ဇွန် ၃ဝ ရက် နံနက်ပိုင်းတွင် ချန်ဒီပူရ်ရှိ စုပေါင်းစမ်းသပ်ရေးကွင်း၌ ရွှေ့ပြောင်းနိုင်သော ဒုံးကျည်ပစ် စင်တင်ယာဉ်တစ်စီး အသုံးပြုကာ စမ်းသပ်ပစ်ခတ်ခြင်းဖြစ်ပြီး ပစ်မှတ်အားလုံးကို ထိမှန်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။

အဆိုပါ ဒုံးကျည်အမျိုးအစားသစ်ကို နိုင်ငံပိုင်ကာကွယ်ရေး သုတေသန ဖွံ့ဖြိုးရေးအဖွဲ့နှင့် အစ္စရေးလေကြောင်း အာကာသစက်မှုလုပ်ငန်းတို့က ပူးတွဲ ထုတ်လုပ်ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံ၌ ယင်းဒုံးကျည် အစင်းရေ ၁ဝဝ ခန့်ကို နှစ်စဉ် ထုတ်လုပ်သွားမည်ဖြစ်သည်။

အမ်အာရ်-အက်စ်အေအမ် အမျိုးအစား ဒုံးကျည်သည် ကီလိုမီတာ ၇ဝ အထိဖြစ်သော အကွာအဝေးအတွင်း ရန်သူ့ဒုံးကျည်များကို ကြားဖြတ် ဟန့်တားနိုင်ကြောင်း၊ အိန္ဒိယကြည်းတပ်၊ ရေတပ်နှင့် လေတပ်တို့တွင် ယင်း ဒုံးကျည်များကို ဖြန့်ကြက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။
ဆင်ဟွာ။

No comments:

Post a Comment