Friday, July 1, 2016

ဖိလစ်ပိုင်နိုင်ငံ၏ ၁၆ ဦးမြောက်သမ္မတအဖြစ် ရိုဒရစ်ဂို ဒူတာတေး ကျမ်းသစ္စာကျိန်ဆို




The Mirror Daily's photo.
မနီလာ ဇွန် ၃ဝ


ဖိလစ်ပိုင်နိုင်ငံ၏ ၁၆ ဦးမြောက် သမ္မတအဖြစ် ရိုဒရစ်ဂို ဒူတာတေး ဇွန် ၃ဝ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။

ဒုစရိုက်သမားများနှင့် လူဆိုးလူယုတ်တို့အပေါ် သက်ညှာထောက်ထား ခြင်းမရှိဘဲ တရားဥပဒေစိုးမိုးရေး ဘက်တော်သားအဖြစ် ရပ်တည်ခဲ့ပြီး ပြည်နယ် မြို့တော်ဝန်ဘဝမှ နိုင်ငံတော်သမ္မတအဖြစ် တက်လှမ်းနိုင်ခဲ့သူ ဒူတာတေးသည် မေလက ကျင်းပသော ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပြီးနောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်းဖြစ်သည်။

အသက် (၇၁) နှစ်ရှိ ဒါဗာအိုမြို့တော်ဝန်ဟောင်း ဒူတာတေးသည် နိုင်ငံရေးအရ လူ့မလိုင်အလွှာမှ ပြိုင်ဘက်များအပေါ် အနိုင်ရရှိခဲ့ပြီး ရွေးကောက်ပွဲတွင် အောင်ပွဲခံခဲ့သည်။

ရာဇဝတ်မှုခင်း တားဆီးနှိမ်နင်းရေးလုပ်ငန်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းတို့ကို အစွမ်းကုန်ဆောင်ရွက်သွားမည်ဟု ကတိကဝတ်ပြုထားသူ ဒူတာတေးသည် ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံရေးစနစ်ကို အောက်ခြေသိမ်း ပြုပြင်ပြောင်းလဲသွားမည်ဟု သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားရာတွင် ဖော်ပြသည်။

မိမိအနေဖြင့် သမ္မတအာဏာစက်၏ ကန့်သတ်ချက်ဘောင်အတွင်းမှသာ လုပ်ဆောင်နိုင်မည်ကို သိရှိကြောင်း ဒူတာတေးက ပြောကြားသည်။

အဂတိလိုက်စားမှုများ၊ ရာဇဝတ်မှုခင်းများနှင့် ဥပဒေမဲ့မူးယစ်ဆေးဝါးမှောင်ခိုမှုများကို စဉ်ဆက်မပြတ်တိုက်ဖျက်နိုင်ရေးအတွက် မိမိအစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒူတာတေးက ကတိပြုပြောကြားသည်။

မိမိနိုင်ငံ၏ ခေါင်းဆောင်များအပေါ် ပြည်သူတို့၏ယုံကြည်မှု ပျက်ပြားနေသည်ဟု မိမိရှုမြင်မိကြောင်း၊ မိမိတို့နိုင်ငံ၏ တရားစီရင်ရေးစနစ်အပေါ်တွင်လည်း ပြည်သူတို့၏ယုံကြည်မှု နည်းပါးနေကြောင်း၊ ပြည်သူတို့၏လူနေမှုဘဝ ပိုမိုတိုးတက်စေရေး၊ ပြည်သူတို့ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေး၊ ပြည်သူတို့ ပိုမိုကျန်းမာကြံ့ခိုင်စေရေးတို့အတွက် ဆောင်ရွက်ပေးရမည့် ပြည်သူ့ဝန်ထမ်းများ၏ စွမ်းပကားအပေါ်တွင်လည်း ပြည်သူ့ယုံကြည်မှု ယိုင်နဲ့နေကြောင်း ဒူတာတေးက သုံးသပ်ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment