Saturday, July 30, 2016

တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်းကို တစ်ဦးနှင့်တစ်ဦးနားလည်မှုရှိစွာ လက်တွဲလုပ်ဆောင်

နေပြည်တော် ဇူလိုင် ၂၉

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ ''ဝ'' အထူးဒေသ(၂)မှ ''ဝ'' ပြည်သွေး စည်းညီညွတ်ရေးပါတီ ဗဟိုပေါလစ် ဗျူရို အမြဲတမ်း ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်ယူယိ ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် အထူး ဒေသ(၄) မိုင်းလားငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သည့် အဖွဲ့ဝင်များအား ခင်မင် ရင်းနှီးစွာ တွေ့ဆုံသည်။

တွေ့ဆုံစဉ် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က နိုင်ငံတည်ငြိမ် အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ သားများဖြစ်သည့် တပ်မတော်သားများ၊ တိုင်းရင်းသား လက်နက်ကိုင်များတွင် တာဝန်ရှိမှု၊ တပ်မတော်အနေဖြင့် အမှန် တကယ် ငြိမ်းချမ်းရေး ရရှိလိုစိတ်ဖြင့်ဆောင်ရွက်နေမှု၊ လက်ရှိဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာတွင် တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်းကို တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိစွာ စိတ်တူကိုယ်တူဖြင့် ညီအစ်ကိုလုပ်ဖော်ကိုင်ဖက်များအဖြစ် ခိုင်ခိုင်မြဲမြဲ လက်တွဲလုပ်ဆောင်ရန် လိုအပ်မှု တို့ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် အထူးဒေသ(၄) မိုင်းလားငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့် 'ဝ 'အထူးဒေသ(၂)မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကျောက်ကော်အမ်းတို့က သက်ဆိုင်ရာနယ်မြေအလိုက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေး လုပ်ဆောင် နေမှုနှင့် ဒေသအတွက်လိုအပ်ချက်များကို ဆွေးနွေးတင်ပြ
ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment