Saturday, July 30, 2016

ကြီးအုံ-ကြီးဝ တမံရေပိုလွှဲ ပြင်ဆင်ပြီးဖြစ်၍ ရေကြီးရေလျှံမည်ကို မစိုးရိမ်ရ

မင်းဘူး ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ဝန်လိုကျေးရွာအနီးရှိ ကြီးအုံ-ကြီးဝ ရေလှောင်တမံအား ၂ဝ၁၅ ခုနှစ် ဇူလိုင်လအတွင်း ရေကြီးစဉ် က ပျက်စီးခဲ့မှုများကို အချိန်မီပြုပြင် ဆောင်ရွက်နိုင်ခဲ့သဖြင့် ယခုနှစ်တွင် တမံမှ ရေကြီးရေလျှံမှုများ ဖြစ်ပွား မည်ကို ကာကွယ်နိုင်မည်ဖြစ်သည်။

ကြီးအုံ-ကြီးဝ ရေလှောင်တမံသည် စေတုတ္တရာမြို့နယ် မုန်းချောင်းတမံမှ စီးဆင်းလာသော မုန်းချောင်း၊ ဆီးမီး ချောင်းနှင့် မိုးတွင်းကာလတွင်သာ စီးဆင်းသော ကြီးချောင်းတို့မှ ရေကို သိုလှောင်ထားရှိပြီး ပွင့်ဖြူမြို့နယ်အတွင်း ရှိ မဲဇလီရေလွှဲဆည်မှ တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်း မြောင်းမ ကြီး နှစ်သွယ်မှ စိုက်ပျိုးရေများ ဖြန့်ဝေ ပေးရာ နွေစပါး၊ မိုးစပါးဧက ၉၆ဝဝဝ ကျော်ကို စိုက်ပျိုးရေ ပြည့်ဝစွာ ပေးဝေ နိုင်သည့်အပြင် လျှပ်စစ်ဓာတ်အား ၇၄ မဂ္ဂါဝပ်ကိုလည်း ထုတ်လွှတ်ပေးလျက် ရှိသည်။ ဇုန်တမံအမျိုးအစားဖြစ်ပြီး တမံအလျား ပေ ၃၂၈ဝ၊ အမြင့် ၁၆၄ ပေရှိပြီး ကန်ရေပြည့်ရေလှောင်ပမာဏ ဧကပေ ၃၆၃ဝဝဝ ရှိသည်။ ပင်မရေပိုလွှဲ တွင် အကျယ် ၃၂၆ ပေရှိပြီး အကူ ရေပိုလွှဲတွင် အကျယ်ပေ ၂၅ဝ ရှိသည်။ ကြီးအုံ-ကြီးဝ ရေလှောင်တမံမှ လျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ရေထုတ်လွှတ်ခြင်း၊ စိုက်ပျိုးရေ ရေထုတ်ပေါက်မှ ရေထုတ် လွှတ်ခြင်းနှင့် ကန်ရေပြည့်ပမာဏ ထက် ကျော်လွန်လာပါက ပင်မရေပိုလွှဲ နှင့် အကူရေပိုလွှဲပေါက်တို့မှ ရေကျော် ကျခြင်းဟူ၍ ရေထွက်ပေါက်လေးခုဖြင့် စီမံဆောင်ရွက်ထားရှိသည်။

အဆိုပါတမံသည် စေတုတ္တရာမြို့နယ် နယ်နိမိတ်အတွင်း အများဆုံးကျရောက် နေပြီး တမံမှ စေတုတ္တရာမြို့ တောင်ဘက် ထိ ရေမိုင်(၁၄)မိုင် ရှည်လျားသည်။ ယခင်နှစ် ၂ဝ၁၅ ခုနှစ် ဇူလိုင်လကုန်ရက် ပိုင်း မိုးအဆက်မပြတ်သည်းထန်စွာ ရွာသွန်းမှုကြောင့် ရေပိုလွှဲ၏ သတ်မှတ် ရေထုထည် စီးနှုန်းထက်ကျော်လွန်ခဲ့ပြီးပင်မရေပိုလွှဲ၏ အောက်ဘက်တွင်လည်း ရေတိုက်စားမှုကြောင့် အနက် ၁၁၅ ပေရှိ ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်ကျန်ရှိခဲ့ရာ ယခုအခါ ရေတိုက်စားမှုကာကွယ်ရန် ပြင်ဆင်ထားရှိပြီးဖြစ်သည်ကို တွေ့ရှိ ရသည်။
ပင်မရေပိုလွှဲ ပြင်ဆင်ထားရှိမှုနှင့် ပတ်သက်၍ ဆည်မြောင်းနှင့် ရေအသုံး ချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက် ရေး(၃)မှ ဦးဝင့်နိုင် လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ)အား တွေ့ဆုံ မေးမြန်းရာ ''ယခုအခါ ပင်မရေပိုလွှဲ ရေတိုက်စားမှုကာကွယ်ရန် ကွန်ကရစ် ကျင်း ၈ဝဝဝ ကျော်ကို နေ့/ည အဆိုင်း များခွဲပြီး အင်တိုက်အားတိုက် ပြင်ဆင် ထားရှိပြီးဖြစ်သည့်အတွက် ပင်မရေပိုလွှဲ မှ မကြာမီ ရေလွှဲထုတ်နိုင်တော့မှာဖြစ်ပါ တယ်။ ဒါကြောင့် စေတုတ္တရာမြို့နယ် အတွင်းမှ ရေလွှမ်းလယ်ယာမြေအချို့ အမြန်ဆုံးပြန်ပေါ်လာကာ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်တော့မှာပါ၊ အကူရေပိုလွှဲ ကိုလည်း မူလအကျယ် ပေ ၂၅ဝ မှ ပေ ၂ဝဝ ထပ်မံတိုးချဲ့ဖောက်လုပ်နေ သည်မှာလည်း ပေ ၁၅ဝ အကျယ် တိုးချဲ့ ထားရှိပြီးဖြစ်လို့ ယခင်နှစ်ကဲ့သို့ မိုးများ ခဲ့သည့်တိုင် ယခင်နှစ်လောက် ရေ ရောက်လာတော့မှာ မဟုတ်ပါဘူး၊ တမံ ရဲ့ ကြံ့ခိုင်မှုကိုလည်း အမြဲစစ်ဆေး စောင့် ကြည့် နေပါတယ်'' ဟု ပြောသည်။

ကြီးအုံ-ကြီးဝ ရေလှောင်တမံ၏ ၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၆ ခုနှစ်တို့၏ ဇူလိုင် ၂၉ ရက်အထိ မိုးရေချိန်/မိုးရွာရက်နှင့် ရေသိုလှောင်မှုတို့အား နှိုင်းယှဉ်ကြည့် လျှင် ၂ဝ၁၅ ခုနှစ်တွင် မိုးရေချိန် ၁၈ ဒသမ ၈ လက်မ၊ မိုးရွာရက် ၃၁ ရက်၊ ရေအမှတ် ၃၅၅ ဒသမ ဝ ပေ၊ ရေလှောင် ပမာဏ ဧကပေ ၄၆၃၇၂ဝ နှင့် ၂ဝ၁၆ ခုနှစ်တွင် မိုးရေချိန် ၂၃ ဒသမ ၈၄ လက်မ၊ မိုးရွာရက် ၃၃ ရက်၊ ရေအမှတ် ၃၄၈ ဒသမ ၁ ပေ၊ ရေလှောင်ပမာဏ ၃၉၂၄၃၈ ဧကပေ ရှိကြောင်း သိရသည်။ 

ယခု ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂၉ ရက် အထိ မိုးရေချိန်နှင့် မိုးရွာရက်မှာ ယခင် ထက် ပိုများနေသော်လည်း၊ တမံ ရေ အမှတ်နှင့် ရေလှောင်ပမာဏမှာ ယခင် နှစ်ထက် လျော့နည်းနေတာတွေ့ရှိရပြီး ယခုနှစ် မိုးများခဲ့သော်လည်း ဒေသခံ ပြည်သူများစိုးရိမ်နေသည့် ရေကြီး/ ရေလျှံမှုထပ်မံဖြစ်ပေါ်မည့် အခြေအနေ မရှိကြောင်း တွေ့ရှိခဲ့ရသည်။

ကြီးအုံ-ကြီးဝ ရေလှောင်တမံတွင် နွေစပါး၊ မိုးစပါးစိုက်ပျိုးနိုင်ရန် ကန် ရေပြည့် ရေသိုလှောင်ထားရှိနိုင်ပြီး တမံကြံ့ခိုင်ကောင်းမွန်မှုကိုလည်း အချိန် နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။အကူရေပိုလွှဲကို အကျယ်ပေ ၂ဝဝ တိုးချဲ့ ဆောင်ရွက်ပေးထားသဖြင့် ရေကြီး ရေလျှံမှုများ မဖြစ်ပေါ်နိုင်သဖြင့် ဒေသခံ ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင် သွားလာလုပ်ကိုင် နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment