Saturday, July 30, 2016

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက် ဆီမီးပြိုင်ပွဲရန်ကုန်-ရတနာပုံ၊ မကွေး-ဇွဲကပင် တွေ့ဆုံ




The Mirror Daily's photo.


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကကြီးမှူးကျင်းပသည့် ၂ဝ၁၆ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် ၃ဝ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ထိပ်သီးအသင်းများဖြစ်သည့် ရန်ကုန်နှင့် ရတနာပုံအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေသလို ခြေစွမ်းမကွာသည့် မကွေးနှင့် ဇွဲကပင်အသင်းလည်း တွေ့ဆုံလျက် ရှိသည်။

ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်များအဖြစ် ဇူလိုင် ၃ဝ ရက် တွင် သုဝဏ္ဏကွင်း၌ ရန်ကုန်အသင်းနှင့် ရတနာပုံအသင်း၊ ဇူလိုင် ၃၁ ရက်တွင် သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ဇွဲကပင်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ ဒုတိယအကျော့ပွဲစဉ်များကို သြဂုတ်လ ဒုတိယပတ်တွင်ကျင်းမည်ဖြစ်ပြီး သြဂုတ် ၁ဝ ရက်တွင် မန္တလာသီရိကွင်း၌ရတနာပုံအသင်းနှင့် ရန်ကုန်အသင်း၊ သြဂုတ် ၁၁ ရက်တွင် အောင်ဆန်းကွင်း၌ ဇွဲကပင်အသင်းနှင့် မကွေးအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ရန်ကုန် အသင်းနှင့် ရတနာပုံအသင်းသည် အမှတ်ပေးပြိုင်ပွဲ၌ အိမ်ကွင်းအဖြစ်လက်ခံ ကျင်းပနေသည့် YUSC ကွင်းနှင့် ဗထူးကွင်းကို လုံခြုံရေးအနေအထားကြောင့် ပြောင်းလဲခဲ့ပြီး သုဝဏ္ဏကွင်းနှင့် မန္တလာသီရိကွင်း၌ ကျင်းပခြင်းဖြစ်သည်။ ဆီမီးဖိုင်နယ် အဆင့်တစ်ခုတည်းကိုသာ နှစ်ကျော့စနစ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး အဝေးဂိုးစည်းမျဉ်း ထည့်သွင်းအသုံးပြုသွားမည်ဖြစ်သည်။

ဆီမီးဖိုင်နယ်ရောက်အသင်းလေးသင်းမှာ ဒုတိယအဆင့်မှ စတင်ကစားရ ခြင်းဖြစ်ပြီး ရန်ကုန်အသင်းသည် ဒုတိယအဆင့်တွင် မဟာယူနိုက်တက်၊ ကွာတားဖိုင်နယ်တွင် ဟံသာဝတီ၊ ရတနာပုံအသင်းသည် ဒုတိယအဆင့်တွင် Horizon ၊ ကွာတားဖိုင်နယ်တွင် မြဝတီအသင်းတို့ကို ကျော်ဖြတ်လာခြင်းဖြစ်သည်။ ရန်ကုန်အသင်းနှင့် ရတနာပုံအသင်းသည် ရှုံးထွက်ပြိုင်ပွဲတွင် ယခင်က တစ်ကြိမ်သာတွေ့ဆုံခဲ့ဖူးပြီး ၂ဝ၁၄ ပြိုင်ပွဲတွင် ရတနာပုံအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မကွေးအသင်းနှင့် ဇွဲကပင်အသင်းတို့ပွဲမှာလည်း ခြေစွမ်းပိုင်းကွာဟမှုမရှိသောကြောင့် အကြိတ်အနယ်ရှိနိုင်ပေသည်။ မကွေးအသင်းသည် ဒုတိယအဆင့်တွင် ချင်းယူနိုက်တက်၊ ကွာတားဖိုင်နယ်တွင် ရှမ်းယူနိုက်တက်၊ ဇွဲကပင်အသင်းသည် ဒုတိယအဆင့်တွင် Southern ၊ ကွာတား ဖိုင်နယ်တွင် ရခိုင်အသင်းတို့ကို ကျော်ဖြတ်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ယခုအဆင့်မှစတင်၍ ပြည်ပဒိုင်လူကြီးများအသုံးပြု မည်ဖြစ်ပြီး ယခုပထမအဆင့်တွင် ထိုင်းဒိုင်လူကြီးများ ကိုင်တွယ်မည်ဖြစ်သည်။

ဆီမီးရောက်အသင်းလေးသင်းတွင် ရန်ကုန်အသင်းသာ ၂ဝ၁၁ ခုနှစ်က ချန်ပီယံဆုရရှိဖူးပြီး ကျန်သုံးသင်းမှာ ချန်ပီယံဆုမရရှိဖူးသေးရာ ယခုရာသီတွင် ချန်ပီယံအသင်းသစ်ထွက်ပေါ်မလား၊ ချန်ပီယံဟောင်းရန်ကုန်အသင်း ထပ်မံအောင်ပွဲခံနိုင်မလားဆိုတာ စောင့်ကြည့်ရမည်ဖြစ်သည်။

(ချစ်ကိုကို)

No comments:

Post a Comment