Saturday, July 30, 2016

မလေးရှားကို ခက်ခက်ခဲခဲကစားပြီး မြန်မာအမျိုးသမီးဘောလုံးအသင်း ဆီမီးတက်




The Mirror Daily's photo.


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂ဝ၁၆ အာဆီယံ အမျိုးသမီးဘောလုံး ပြိုင်ပွဲအုပ်စု(ခ) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ကျင်းပသည်။

မြန်မာ -နှစ်ဂိုး
မလေးရှား - တစ်ဂိုး

မြန်မာအသင်း အလွယ်တကူအနိုင်ရရှိမည် ဟု ထင်မှတ်ထားသော်လည်း မလေးရှားအသင်း၏ ရုန်းကန်မှုကြောင့် နိုင်ပွဲရရှိရန် ခက်ခက်ခဲခဲ ကစားခဲ့ရသည်။ မြန်မာအသင်းသည် မလေးရှား အသင်းကို နောက်ကျဂိုးဖြင့် အနိုင်ရခဲ့သော်လည်း နှစ်ပွဲနိုင် ခြောက်မှတ်ဖြင့် သြစတြေးလျ အသင်းနှင့် ဆီမီးဖိုင်နယ်တက်ရောက်သွားပြီ ဖြစ်သည်။

မြန်မာအသင်းသည် ပွဲထွက်လူစာရင်းကို အနည်းငယ်အပြောင်းအလဲလုပ်ခဲ့ပြီး ပထမပွဲတွင် ကစားခွင့်မရခဲ့သည့် စန်းစန်းမော်၊ ခင်မိုးဝေ၊ နော်အားလိုဝါးဖောတို့ကို ပွဲစကတည်း က အသုံးပြုခဲ့သည်။ မြန်မာအသင်းသည် ပွဲစကတည်းက ဖိကစားနိုင်ခဲ့သော်လည်း ဂိုးရလို စိတ်များနေ၍ ထင်တိုင်းမပေါက်ခဲ့ပေ။ မလေးရှား အသင်းကလည်း ခပ်မာမာတုံ့ပြန်ကစားခဲ့ရာ မြန်မာအသင်း ရုန်းကန်ခဲ့ရပြီး ၁၈ မိနစ်တွင် မထင်မှတ်ဘဲ ဂိုးပေးခဲ့ရသည်။ ဟာနီဇာ ထောင့်မှကန်သွင်းရာ ဂိုးထဲတိုက်ရိုက်ဝင်သွား၍ မလေးရှား အသင်း ဦးဆောင်ဂိုးရခဲ့သည်။ မြန်မာအသင်း ချေပဂိုးရရန် တောက်လျှောက်ကြိုးစားသော်လည်း တိုင်ထိထွက်ခဲ့၍ နစ်နာခဲ့ရသည်။ပထမပိုင်းပြီးခါနီးတွင် မလေးရှားနောက်ခံလူ လက်ထိသောကြောင့် မြန်မာအသင်း ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ခင်မိုးဝေက ချေပဂိုး အဖြစ်သွင်းယူခဲ့သည်။ ဒုတိယပိုင်းအစတွင် မြန်မာအသင်းက အမာခံကစားသမားများ ဖြစ်သည့် ရီရီဦး၊ ဝင်းသိင်္ဂီထွန်းနှင့် ခင်သန်းဝေ တို့ကိုထည့်သွင်းကာ တိုက်စစ်အားမြှင့်ခဲ့သည်။ ဒုတိယပိုင်းတွင်လည်း မြန်မာအသင်း ဖိအားများနေ၍ စိတ်ကြိုက်ကစားနိုင်ခြင်းမရှိဘဲ ဂိုးသွင်းခွင့်များ အသုံးမချနိုင်ခဲ့ပေ။ မလေးရှား ဂိုးသမားလက်စွမ်းပြကာကွယ်နေ၍ မြန်မာ အသင်းဂိုးရရန် ရုန်းကန်ခဲ့ရပြီး ၇၈ မိနစ်မှ အနိုင်ဂိုးရခဲ့သည်။ နော်အားလိုဝါးဖော၏ ဖြတ်တင်ဘောကို ဝင်းသိင်္ဂီထွန်းက ပိတ်သွင်း ယူခဲ့ခြင်းဖြစ်သည်။

ညနေ ၃ နာရီ၌ ကစားသည့်ပွဲတွင် သြစတြေးလျ ယူ-၂ဝ အသင်းက တီမောအသင်းကို ၂ဝဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကာ အာဆီယံအမျိုးသမီးဘောလုံး ပြိုင်ပွဲ၏ ဂိုးအပြတ်ဆုံးနိုင်ပွဲအဖြစ် စံချိန်သစ်တင် ခဲ့သည်။ မြန်မာအသင်းသည် ၂ဝဝ၄ ပြိုင်ပွဲတွင် မော်လ်ဒိုက်အသင်း၊ ယခုပြိုင်ပွဲ အဖွင့်ပွဲတွင် တီမောအသင်းကို (၁၇ဂိုး-ဂိုးမရှိ)ဖြင့် အနိုင် ရရှိပြီး ဂိုးအပြတ်ဆုံးနိုင်ပွဲအဖြစ် စံချိန်သစ်တင် ခဲ့သော်လည်း သြစတြေးလျအသင်းက ချိုးဖျက်ခဲ့ခြင်းဖြစ်သည်။ သြစတြေးလျအသင်းသည် ခြေအသာဖြင့် တစ်ဖက်သတ်ဖိကစားခဲ့ပြီး အနိုင်ဂိုးများကို ပထမပိုင်းတွင် ၁၂ ဂိုး၊ ဒုတိယပိုင်းတွင် ရှစ်ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။

ယခုပွဲအပြီးတွင် အိမ်ရှင်မြန်မာအသင်းနှင့် သြစတြေးလျအသင်းသည် ခြောက်မှတ်စီဖြင့် ဆီမီးဖိုင်နယ်တက်သွားပြီဖြစ်ပြီး မလေးရှားနှင့် တီမောအသင်းမှာ နှစ်ပွဲစလုံးရှုံးကာ အုပ်စု အဆင့်မှ ထွက်ခဲ့ရပြီဖြစ်သည်။
(ရှိုင်းထက်ဇော်)

No comments:

Post a Comment