Saturday, July 2, 2016

အနီရောင်ခြယ်ရွှေရောင်လိုင်းပေါ်က ဒူးရင်းသီးဖက်ရှင် ဖန်တီးသူဒီဇိုင်နာနှင့် တွေ့ဆုံခြင်း

The Mirror Daily's photo.
ရှေးယခင်မင်းများလက်ထက်မှစ၍ ဖြတ်သန်းလာခဲ့ကြသည့် ခေတ်အဆက် ဆက်တွင် သူ့ခေတ်နှင့်သူ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဖက်ရှင်များရှိခဲ့ကြသည်။ လှပဆန်းသစ်သည့်ဝတ်စုံများ၏နောက်ကွယ်တွင် ဖန်တီးသူဒီဇိုင်နာ၏ အနု ပညာရသများသည် စိမ့်ဝင်လျက်ရှိသည်။ သူတို့သည် သူတို့၏ စိတ်ကူးအိပ်မက် ကနေ ခေတ်တစ်ခေတ်၏ကောက်ကြောင်းကို လှုပ်ခတ်နိုင်စွမ်းရှိကြသည်။ ယခုအချိန်တွင် ပြည်တွင်းမှာပင် ခေတ်ရေစီးကြောင်းအလိုက် လှပဆန်းသစ် သည့်ဝတ်စုံများကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းဖန်တီးပြသနိုင်သည့် ဖက်ရှင် ဒီဇိုင်နာမြောက်မြားစွာလည်း ပေါ်ထွက်နေခဲ့ပြီးဖြစ်သည်။ ယင်းတို့အနက်မှ ယခုတလော ၂ဝ၁၆ ဇူလိုင်လထုတ် Idea မဂ္ဂဇင်း (၁၅)နှစ်မြောက် နှစ်ပတ်လည် အထူးထုတ်အတွက် ဖန်တီးထားသည့် ဝတ်စုံဒီဇိုင်းများသည် ဆန်းသစ် လှပခြင်းကြောင့် လူကြိုက်များနေပြီး လူမှုကွန်ရက်စာမျက်နှာများတွင်ပါ လူပြောများ နေသည့်အတွက် ဖန်တီးခဲ့သူဒီဇိုင်နာ မဇာနည်ဝင်းနှင့် တွေ့ဆုံ၍ သူ၏စိတ်ကူး အနုပညာလက်ရာများအကြောင်းကို မေးမြန်းခဲ့သည်။
မေး။ ။ အစ်မအနေနဲ့ အနီနဲ့ရွှေရောင် ရောယှက်ထားတဲ့ ဝတ်စုံတွေကို စိန်တွေ၊ ကျောက်တွေနဲ့ မဟုတ်ဘဲ ကြိုးတွေကိုသာအများဆုံးသုံးပြီး ဖန်တီးဖြစ်ခဲ့ ပုံလေး ပြောပြပေးပါ။
ဖြေ။ ။ Idea မဂ္ဂဇင်းရဲ့ ၁၅ နှစ်ပြည့် နှစ်ပတ်လည် theme က ရွှေရောင်နဲ့ အနီရောင် သတ်မှတ်ထားတော့ အဲဒီနှစ်ရောင်ကိုပဲသုံးခွင့်ရှိတယ်။ ကျောက်တွေ၊ စိန်တွေနဲ့ မြင်နေကျဒီဇိုင်းလို မသွားချင်တော့ အရင်ထဲကလုပ်ချင်နေတဲ့ ကြိုးတွေနဲ့ဖန်တီးမှုလေးလုပ်မလား စဉ်းစားမိတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာက လိုအပ်တဲ့ကုန်ကြမ်းက ရှားတယ်။အခု ကြိုးတွေနဲ့ အလှဆင်တော့လည်း လိုချင် တဲ့ အရှည်အလျား၊ လိုချင်တဲ့ကြိုး မရနိုင်တော့ ရနိုင်တဲ့ကြိုးတွေနဲ့ပဲ လှအောင် လုပ်ပြီး ဖန်တီးဖြစ်ခဲ့တာပါ။
မေး။ ။ ကြိုးတွေကို ဘာလို့ စိတ်ဝင်စားရတာလဲ။
ဖြေ။ ။ ကြိုးတွေကိုဘာလို့စိတ်ဝင်စားတာလဲဆိုရင် ၂ဝဝ၉-၂ဝ၁ဝလောက် က Designer's Design ဝင်ပြိုင်တော့ ရွှေချည်ထိုးပန်းချီကားတွေနဲ့ အင်္ကျီ ဖန်တီးခဲ့တယ်။ ရွှေချည်ထိုးကောက်ကြိုးတွေကို အလွန်သဘောကျတယ်။ ကြိုးတွေကို အင်္ကျီပေါ်မှာဖန်တီးမှုပြုလုပ်ပြီး ဒီဇိုင်းဖန်တီးလိုက်နိုင်ရင်လှမှာပဲ ဆိုတဲ့စိတ်က ရောက်ရောက်သွားတယ်။ ဒါနဲ့ အစ်မလည်း ကြိုးနဲ့ပတ်သက်တဲ့ ဆန်းသစ်တီထွင်မှုတွေ လေ့လာခဲ့တယ်။ ငါးဖမ်းပိုက်ကြိုးကစပြီး ကိုယ်တိုင်ကြိုး တွေရက်လုပ်နိုင်တဲ့ထိပါ စိတ်ဝင်စားလာခဲ့တယ်။ နောက်ဆုံးချိတ်လိုင်းတွေကို ကြိုးတွေနဲ့ဖော်ပြီးလုပ်သွားဖို့တောင် အစီအစဉ်ရှိခဲ့တယ်။
မေး။ ။ အခု အစ်မဝတ်စုံကိုဝတ်မယ့် မော်ဒယ်က အေးမြတ်သူအပြင် ပေးထားတဲ့ theme နဲ့လိုက်အောင်လည်း ဖန်တီးယူရတာဆိုတော့ အခက်အခဲ တွေရှိခဲ့လား။
ဖြေ။ ။ အခက်အခဲရယ်လို့တော့ မရှိပါဘူး။ ကုန်ကြမ်းမရနိုင်တာတစ်ခုပါပဲ။ ပြီးတော့ အေးမြတ်သူက အင်္ကျီတစ်ထည်ဝတ်ရင် စိတ်နှစ်၊ ကိုယ်နှစ်ပြီးဝတ်တယ်။ သူ့ကိုယ်ပေါ်မှာလှတဲ့၊ ကောက်ကြောင်းရှိတဲ့ဝတ်စုံမျိုး၊ ပေးထားတဲ့ခေါင်းစဉ်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့အင်္ကျီမျိုးကို သူနှစ်သက်တယ်။ တော်ရုံအင်္ကျီဖြစ်ပြီးရော၊ အလုပ်ဖြစ်ပြီးရောကို ဘယ်တော့မှမလုပ်တဲ့အတွက် အများကြီးစဉ်းစားပေး ရတယ်။ သူ့ရဲ့ကောက်ကြောင်းပေါ်မယ့်ပုံစံ၊ သူ့ကိုပံ့ပိုးပေးနိုင်တဲ့ပုံစံမျိုးကို ဖန်တီးပေးရတယ်။
မေး။ ။ အနီရောင် ညနေခင်းဝတ်စုံအရှည်က အေးမြတ်သူကို ပိုပြီး ယဉ်ယဉ်လေးနဲ့ လှစေတယ်။ ဒီဝတ်စုံဖန်တီးဖြစ်တဲ့ စိတ်ကူးလေးကိုလည်း ပြောပေးပါဦး။
ဖြေ။ ။ ပထမကတော့ ဒီဝတ်စုံလေးကို ကြိုးတွေအများကြီးနဲ့ Elegant ဂါဝန်အပျော့ပုံစံလေးဖန်တီးချင်တာ။ ဂါဝန်အောက်နားပတ်လည်မှာ ကြိုးတွေ ထည့်ချင်ပေမယ့် အချိန်အရရော၊ ပစ္စည်းအရရော မထည့်လိုက်နိုင်ခဲ့ဘူး။ အဲတော့ ကိုယ်ထည်မှာပဲ ကြိုးတွေအကုန်လုံးခွေပြီး ကနုတ်ပုံစံဖန်တီးလိုက်တယ်။ ပြီးတော့ ပခုံးအလှကိုပြချင်တဲ့အတွက်ကြောင့် ပခုံးပေါ်မှာဘာမှရှုပ်မထားတော့ ပဲ သူ့မျက်နှာလေးကို ဂန္ထဝင်ဆန်ဆန်လှပစေတယ်။
မေး။ ။ ဒုတိယတစ်ထည်ကတော့ ဖေ့စ်ဘွတ်ပေါ်မှာဒူးရင်းသီးဖက်ရှင်လို့ ခေတ်စားနေတယ်နော်။ ပြီးတော့ ဦးထုပ်မှာပါ ဆန်းသစ်ထားတော့ တော်တော် မိုက်တယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
ဖြေ။ ။ အဲဒီဝတ်စုံကို ဂါဝန်အတိုလေးလုပ်ပြီး ကြိုးတွေနဲ့အလှဆင်မယ်၊ အမာဘက်သွားမယ်ဆိုတော့ ကိုယ်ထည်ပိုင်းမှာပဲ ကြိုးတွေကိုကျစ်ပြီး ခွေလိုက် တယ်။ ဒါပေမယ့် ခံစားမှုကလိုနေသေးတော့ ဆူးချွန်လေးတွေကိုသွားပြီး သတိရလိုက်တယ်။ ဆူးချွန်လေးတွေထည့်လိုက်ရင် ပိုပြီးတော့ ပံ့ပိုးမှု အားကောင်းသွားမယ်ဆိုပြီး ဆူးချွန်လေးတွေကိုထည့်လိုက်တယ်။ ဦးထုပ်ပိုင်း ကျတော့လည်း တရုတ်သိုင်းကားထဲက ခမောက်ကြီးကို ဘေးမှာပတ်ပတ်လည် ကြိုးတွေထည့်ရင် ကောင်းမယ်လို့ဆန္ဒဖြစ်လာရော။ ဒါနဲ့ ဦးထုပ်ကိုဖရိန်လုပ် ပြီးကြိုးတွေနဲ့ ပတ်လိုက်တယ်။ ပထမအင်္ကျီက ဂန္ထဝင်ဆန်ပေမယ့် ဒီအင်္ကျီက တော့ ဂေါ်လီဆန်တဲ့ အမာလိုင်းဘက်ဦးတည်ထားတယ်။ ဒါပေမယ့် လိုင်းပေါ် လည်းရောက်သွားရော ဒူးရင်းသီးအင်္ကျီလို့ ခေါ်ကြပါလေရော။ (ရယ်လျက်)
မေး။ ။ Dream Catcher ကွင်းလေးတွေ ထည့်ပြီးအလှဆင်ထားတဲ့ ကတ္တီပါအနီရောင်ဂါဝန်ကလည်း အေးမြတ်သူနဲ့လိုက်ဖက်သလို အမြင်လည်း ဆန်းတော့ ဘယ်လိုစိတ်ကူးလေးနဲ့ ဖန်တီးခဲ့တယ်ဆိုတာ ပြောပြပေးပါဦး။
ဖြေ။ ။ ဒီဝတ်စုံလေးကိုလည်း တကယ်တမ်းလုပ်ချင်တာက Catcher ကွင်းလေးတွေနဲ့ တစ်ထည်လုံးအပြည့် စပ်ပြီးပြချင်တာ။ ပြောရရင်တော့ အချိန်မရတာရယ်ကြောင့် pattern ကိုပဲ အသားပေးပြီး လှအောင် ဖန်တီးလိုက်ရတယ်။ အမြင်ဆန်းသွားတာက သူများတွေက ပခုံးပေါ်က Super Man အဝဲအရှည်လိုချကြပေမယ့် အစ်မကချိုင်းအောက်ကနေထည့်ပြီး ထွင်ပေး လိုက်တာကြောင့်လို့ မြင်တယ်။
မေး။ ။ ရှပ်အင်္ကျီကို crop top ပုံစံလေးလုပ်ထားတဲ့အပြင် အောက်က စကပ်အကားလေးနဲ့ ဖန်တီးဖြစ်တဲ့ စိတ်ကူးကိုလည်းပြောပြပေးပါဦး။
ဖြေ။ ။ အခု crop top လေးတွေ ဝတ်လာကြတာများပေမယ့် အစ်မက ရိုးရိုး crop top မဟုတ်ဘဲနဲ့ ဟိုတစ်လောကလည်း မြန်မာဝတ်စုံ crop top လေးတွေလည်း လုပ်လိုက်တယ်။ အခုလည်း ရှပ်အင်္ကျီနဲ့ crop top ဝတ်လို့ရတယ်ဆို တာကို ကြိုးတွေနဲ့ ပိုက်ကွန်ပုံစံထဲမှာ ရွှေရောင်အသီးလုံးတွေ ထည့်ရက်ပြီး လုပ်လိုက်တယ်။ အောက်ကစကပ်အကားလေးမှာလည်း ကြိုးတွေထည့်လိုက်တော့ ဒီအင်္ကျီရဲ့ဖန်တီးမှုရသက အေးမြတ်သူကို အမာလိုင်းဘက်သွားစေတယ်။
မေး။ ။ ဒီဇိုင်နာအလုပ်က အမြဲအသစ်အသစ်တွေကို ဖန်တီးပြသရတယ်။ ကိုယ်ဖန်တီးလိုက်တဲ့အနုပညာပေါ်မှာလည်း ထူးခြားတဲ့ရသ ခံစားမှုတစ်ခုခု ပေးစွမ်းနိုင်စေတော့ အစ်မအနေနဲ့ ဒီအလုပ်ပေါ်မှာထားတဲ့ခံယူချက်ကို ပြောပြပေးပါဦး။
ဖြေ။ ။ ဒီဇိုင်နာတစ်ဦးနဲ့တစ်ဦး ခံယူထားတဲ့ ခံယူချက်ကတော့ မတူနိုင် ပါဘူး။ အစ်မအနေနဲ့ ဖြတ်သန်းလာတဲ့နှစ်ကလည်း ကြာခဲ့ပြီ။ ကိုယ့်ကိုယ်ကိုယ် designer's design ပြိုင်ပြီးကတည်းက ငါသည် ဒီဇိုင်နာအလုပ်နဲ့ အသက်မွေး တော့မယ်ဆိုတဲ့အချိန်မှာ ဒီဇိုင်နာဆိုတဲ့ အရည်အချင်းတွေပြည့်အောင် လုပ်ခဲ့တယ်။ အင်္ကျီချုပ်တတ်ရုံ၊ pattern ဆွဲတတ်ရုံနဲ့တော့ ဒီဇိုင်နာတစ်ယောက်လို့ ခံယူလို့မရဘူး။ အစ်မခံယူချက်ကတော့ ကူးချထားတာမဟုတ်ဘဲ ကိုယ့်ရဲ့ ကိုယ်တိုင်ကိုယ်ပိုင် တီထွင်ထားတဲ့ဒီဇိုင်းတစ်ခုက အများအမြင်မှာ သဘောကျ လက်ခံနိုင်ပြီဆိုမှသာ ဒီဇိုင်နာတစ်ယောက်လို့ ခံယူနိုင်တာပါ။
မေး။ ။ မြန်မာ့ရိုးရာဝတ်စုံတွေကို ပြန်ပြီးဆန်းသစ် ဖန်တီးကြတဲ့အခါ တချို့ပရိသတ်တွေက ယဉ်ကျေးမှုကနေကွဲထွက်တယ်ဆိုပြီး လက်မခံနိုင် တာမျိုးတွေလည်းရှိတော့ ဒီအပေါ်မှာ အစ်မအမြင်လေးကို ပြောပြပေးပါဦး။
ဖြေ။ ။ ဒီဇိုင်နာတွေ အများဆုံးတာဝန်ယူရတဲ့ ပြဿနာက မြန်မာဆိုတော့ တချို့ဒီဇိုင်းတွေက မြန်မာ့ရိုးရာဓလေ့ထုံးတမ်းစဉ်လာကနေ ကွဲထွက်အောင် သွေဖည်အောင်လုပ်တယ်၊ ယဉ်ကျေးမှုကို ဖျက်တယ်ဆိုပြီး ပြောကြတယ်။ ဒီပြဿနာက ဒီဇိုင်နာတွေပေါ်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ အစ်မမြင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဇိုင်နာတစ်ယောက်ရဲ့ အတွေးတွေက လွတ်လပ်နေရမယ်။ အစ်မတို့က မြန်မာနိုင်ငံမှာပဲနေပေမယ့် ဖက်ရှင်ဒီဇိုင်နာ တွေရဲ့အောင်မြင်မှုက ကိုယ့်နိုင်ငံထဲမှာပဲ ရပ်တန့်နေမှာမဟုတ်ဘူးလေ။ နိုင်ငံ တကာအဆင့်မီအောင်လှမ်းရမယ်။ လှမ်းသင့်တယ်။ တံခါးပိတ်ပြီးနေနေလို့ မရဘူး။ ပြတင်းပေါက်ဖွင့်ပြီး ကိုယ့်ရဲ့ အလှအပ၊ ယဉ်ကျေးမှု၊ ဆက်နွှယ်ချက် လေးတွေကနေ မြန်မာရဲ့ဖက်ရှင်ကိုပြသင့်တယ်။ တံခါးဖွင့်လိုက်ပြီဆိုရင်တော့ ကောင်းတယ်၊ မကောင်းဘူး မျိုးစုံပြောကြမှာပဲ။ ဂျပန်ဆိုရင် သူတို့ရဲ့ရိုးရာ ကီမိုနိုဝတ်စုံကို ဂါဝန်တိုလေးတွေလုပ်ပြီး အသစ်ပြန်ဖန်တီးကြတာတွေရှိတယ်။ ကိုယ့်ရိုးရာဝတ်စုံတွေကို အရှက်လုံပြီးတော့ အမြင်တင့်အောင် ဆန်းသစ်ထားတဲ့ ဖန်တီးမှုတွေဆိုရင်တော့ ဘယ်ဒီဇိုင်းမဆို လက်ခံကြိုဆိုပေးသင့်တယ်လို့ အစ်မ မြင်ပါတယ်။
မေး။ ။ အစ်မအနေနဲ့ နောက်ထပ် ဖန်တီးပြချင်တဲ့ ဒီဇိုင်းတွေရောရှိလား။
ဖြေ။ ။ အသက်မကြီးသွားခင် လုပ်နိုင်တဲ့ခွန်အားတွေရှိနေချိန်မှာ အစ်မ လုပ်ချင်တဲ့ဖန်တီးမှုက အင်္ကျီတွေမှာ အနုပညာလက်ရာတွေကိုထည့်ချင်တယ်။ အစ်မငယ်ငယ်ကတည်းက ကြိုးတွေရူးသွပ်တယ်။ leather တွေ ရူးသွပ်တဲ့အပြင် ပန်းထိုးချည်လေးတွေနဲ့ ပန်းချီဆွဲရတာကို နှစ်သက်တော့ Wedding Dress တစ်ခုလုံးကို ချည်တွေနဲ့ အဝေးကကြည့်လိုက်ရင် 3D ပန်းချီကားပုံစံ ဂန္ထဝင် ဆန်ဆန် ဖန်တီးပြချင်တဲ့စိတ်ကူးရှိပါတယ်။ ပန်းထိုးချည်နဲ့က အသေးစိတ် တစ်ချက်ချင်း ဖန်တီးရတာဆိုတော့ ပန်းချီကားတစ်ချပ်ဆိုရင်တောင် အချိန် ယူရတယ်။ ဂါဝန်တစ်ထည်လုံးဆိုရင်တော့ ငွေအင်အားကော အချိန်ပါ အများ ကြီးပေးပြီး လုပ်ဆောင်ရမှာပါ။
မေး။ ။ ဒီဇိုင်နာပညာကိုစိတ်ဝင်စားတဲ့ လူငယ်တွေအတွက် လက်ဆင့် ကမ်း ပညာသင်ပေးတာတွေရှိရင် ပြောပြပေးပါ။
ဖြေ။ ။ အစ်မဆီမှာရှိတဲ့ ပညာတွေကို လက်ဆင့်ကမ်းချင်တဲ့အတွက်ကြောင့် သင်တန်းတွေ ပိုပြီးတော့ဖွင့်ဖြစ်တယ်။ ပြန်သင်ပေးရတာ၊ ကိုယ်လုပ်ချင်တဲ့ ဒီဇိုင်းဖန်တီးရတာကို ဝါသနာပါတော့ သင်တန်းသားတွေကိုတတ်နိုင်တဲ့ဘက် ကနေ ဖြည့်ဆည်းပေးတယ်။ အမှတ်(၄၄)ငုဝါလမ်း၊ အလုံမှာဖက်ရှင်ဒီဇိုင်းပညာကို စိတ်ဝင်စားတဲ့လူငယ်တွေအတွက် အခြေခံကနေ ပညာရှင်တစ်ယောက်ဖြစ် လာတဲ့အထိ လာရောက်သင်ကြားနိုင်ပါတယ်။ ။

No comments:

Post a Comment