Saturday, July 2, 2016

မြန်မာ့တပ်မတော်နှင့် လာအိုပြည်သူ့တပ်မတော်ဘောလုံးအသင်းတို့ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ နေပြည်တော်၌ကျင်းပ



The Mirror Daily's photo.


နေပြည်တော် ဇူလိုင် ၁

မြန်မာ့တပ်မတော်ဘောလုံးအသင်းနှင့် လာအိုပြည်သူ့တပ်မတော် ဘောလုံးအသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပသည်။

ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲယှဉ်ပြိုင်ကစားကြမည့် နှစ်နိုင်ငံဘောလုံး အသင်းမှ အားကစားသမားများအား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး၊ တိုင်းမှူး ဗိုလ်မှူးချုပ်မိုးမြင့်ထွန်းနှင့် လာအိုပြည်သူ့တပ်မတော်မှ Col. Bountao Thongmanila တို့က လိုက်လံနှုတ်ဆက်ကြသည်။

ထို့နောက် မြန်မာ့တပ်မတော်ဘောလုံးအသင်းနှင့် လာအိုပြည်သူ့ တပ်မတော် ဘောလုံးအသင်းတို့ ချစ်ကြည်ရေးဘောလုံးပွဲ ယှဉ်ပြိုင်ကစားကြရာ နှစ်ဖက်တပ်မတော် ဘောလုံးအသင်းနှစ်သင်းသည် ဂိုးမရှိသရေရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။

ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီးနှင့်ဇနီး၊ လာအိုပြည်သူ့တပ်မတော်မှ Col. Bountao Thongmanila နှင့် အရာရှိများ၊ စစ်သံမှူး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်များမှအရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော်ဘောလုံး အကယ်ဒမီမှ သင်တန်းသားများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍လည်း မြန်မာ့တပ်မတော် ဘော်လီဘောအသင်းနှင့် လာအိုပြည်သူ့တပ်မတော် ဘော်လီဘောအသင်းတို့သည် ဇူလိုင် ၂ ရက် နံနက် ၈ နာရီတွင် ဇေယျာသီရိ အားကစားရုံ (B)၌လည်းကောင်း၊ နံနက် ၁ဝ နာရီခွဲတွင် မြန်မာ့တပ်မတော် ပိုက်ကျော်ခြင်းအသင်းနှင့် လာအိုပြည်သူ့တပ်မတော် ပိုက်ကျော်ခြင်းအသင်းတို့သည် ဇေယျာ သီရိအားကစားရုံ(C)၌လည်းကောင်း ချစ်ကြည်ရေးပြိုင်ပွဲများ အသီးသီး ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
(မြဝတီ)

No comments:

Post a Comment