Saturday, July 2, 2016

ပေါ်တူဂီအသင်း ယူရို ၂ဝ၁၆ ဆီမီးဖိုင်နယ် တက်လှမ်း

The Mirror Daily's photo.
ပေါ်တူဂီအသင်းသည် ကွာတားဖိုင်နယ်အဆင့်တွင် ပိုလန်အသင်းအား ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး နောက် ယူရို ၂ဝ၁၆ ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်သည်။
ပိုလန်အသင်းနှင့် ပေါ်တူဂီအသင်းတို့၏ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွင် ပိုလန်အသင်းသည် တိုက်စစ်မှူး လီဝမ်ဒေါစကီး၏ ပွဲကစားချိန် ၂ မိနစ်တွင် သွင်းယူခဲ့သည့် သွင်းဂိုးဖြင့် ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ပွဲကစားချိန် ၃၃ မိနစ်တွင် ရီနာတိုဆန်းချက်စ်၏ သွင်းဂိုးပြန်လည်ပေးလိုက်ရကာ သာမန်ပွဲကစားချိန်ပြီးသည်အထိ တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။
ထို့ကြောင့် ထပ်ဆောင်းအချိန်ပို မိနစ် ၃ဝ ယှဉ်ပြိုင်ကစားခဲ့သော်လည်း နှစ်သင်းစလုံးဂိုးမသွင်းနိုင်ခဲ့သဖြင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာတွင် ပေါ်တူဂီအသင်းက ပိုလန်အသင်းကို ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ပေါ်တူဂီအသင်းသည် လက်ရှိတွင် ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး ပေါ်တူဂီအသင်းအတွက် ယူရိုပြိုင်ပွဲ တွင် ဆီမီးဖိုင်နယ်အဆင့်သို့ ငါးကြိမ်မြောက်တက်လှမ်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ပေါ်တူဂီအသင်းသည် ၁၉၈၄၊ ၂ဝဝဝ၊ ၂ဝဝ၄၊ ၂ဝ၁၂ ခုနှစ်တို့တွင် ကျင်းပခဲ့သည့် ယူရိုပြိုင်ပွဲများတွင်လည်း ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့်အသင်းဖြစ်သည်။ ပိုလန်အသင်းနှင့် ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင်ကစား ခဲ့သည့် ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွင် ရီနာတိုဆန်းချက်စ်သည် ပေါ်တူဂီအသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့ ခြင်းကြောင့် ဗိုလန်သမ်နှင့် ရွန်းနီတို့ပြီးပါက ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် အသက်အငယ်ဆုံးနှင့် ဂိုးသွင်းယူနိုင် သည့် တတိယမြောက်ကစားသမားလည်းဖြစ်လာခဲ့သည်။
ဖီဂိုသည်လည်း ပေါ်တူဂီအသင်းဂိုးရရှိရေးအတွက် ဂိုးဖန်တီးပေးမှု ငါးကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီး တောင်ပံ ကစားသမားနာနီထက် ဂိုးဖန်တီးနိုင်မှုတစ်ကြိမ်ပိုခဲ့သည်။ သို့ရာတွင် နာနီသည် ပေါ်တူဂီအသင်းရရှိခဲ့သည့် သွင်းဂိုး အရေအတွက်၏ ၅ဝ ရာခိုင်နှုန်းအထိ ဂိုးဖန်တီးပေးနိုင်ခဲ့သည့် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ထားသူဖြစ်သည်။
ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်ကိုကြည့်မည်ဆိုပါက ပေါ်တူဂီအသင်းသည် အချိန်ပိုကစားရသည့် အကြိမ်ရေ ခြောက်ကြိမ်အထိရှိခဲ့ပြီး နယ်သာလန်အသင်းမှာ ခုနစ်ကြိမ်ရှိခဲ့ခြင်းကြောင့် အချိန်ပိုကစားရသည့် အကြိမ်ရေ ဒုတိယအများဆုံးအသင်းမှာ ပေါ်တူဂီအသင်းဖြစ်လာခဲ့သည်။ ပေါ်တူဂီအသင်းသည် ပိုလန်အသင်းအား အနိုင်ရရှိ ခဲ့ပြီးနောက် ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းလာခဲ့ရာ ဝေလအသင်းနှင့် ဘယ်လ်ဂျီယံအသင်းတို့ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်မှ အနိုင်ရရှိသည့်အသင်းနှင့် ဆီမီးဖိုင်နယ်အဆင့်တွင် ထိပ်တိုက်တွေ့ဆုံရမည်ဖြစ်သည်။
(အလင်းသစ်)

No comments:

Post a Comment