Saturday, July 2, 2016

မြန်မာ့တပ်မတော်နှင့် လာအိုပြည်သူ့တပ်မတော် ဘောလုံးအသင်းတို့ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲယှဉ်ပြိုင်

နေပြည်တော် ဇူလိုင် ၁

မြန်မာ့တပ်မတော်ဘောလုံးအသင်းနှင့် လာအိုပြည်သူ့တပ်မတော် ဘောလုံး အသင်းတို့၏ ချစ်ကြည်ရေးဘောလုံး ပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော် အားကစားကွင်း၌ ကျင်းပသည်။

ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားကြမည့် နှစ်နိုင်ငံဘောလုံး အသင်းမှ အားကစားသမားများအား စစ်ရေးချုပ် ‘ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ တိုင်းမှူး ဗိုလ်မှူးချုပ် မိုးမြင့်ထွန်း နှင့် လာအိုပြည်သူ့တပ်မတော်မှ Col. Bountao Thongmanila တို့က လိုက်လံနှုတ်ဆက်ကြသည်။
ထို့နောက် မြန်မာ့တပ်မတော် ဘောလုံးအသင်းနှင့် လာအိုပြည်သူ့ တပ်မတော် ဘောလုံးအသင်းတို့ ချစ်ကြည်ရေးဘောလုံးပွဲ ယှဉ်ပြိုင်ကစား ကြရာ နှစ်ဖက်တပ်မတော် ဘောလုံး အသင်းနှစ်သင်းသည် ဂိုးမရှိသရေရလဒ် ဖြင့် ပွဲပြီးဆုံးခဲ့သည်။

ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီး များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီးနှင့်ဇနီး၊ လာအို ပြည်သူ့တပ်မတော်မှ Col. Bountao Thongmanila နှင့် အရာရှိများ၊ စစ်သံမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊ လေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော်တိုင်းစစ်ဌာန ချုပ်ရှိ တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော်ဘောလုံး အကယ်ဒမီမှ သင်တန်းသားများ တက် ရောက်ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍လည်း မြန်မာ့ တပ်မတော် ဘော်လီဘောအသင်းနှင့် လာအိုပြည်သူ့တပ်မတော် ဘော်လီဘော အသင်းတို့သည် ဇူလိုင် ၂ ရက် နံနက် ၈ နာရီတွင် ဇေယျာသီရိ အားကစားရုံ (B)၌ လည်းကောင်း၊ နံနက် ၁ဝ နာရီခွဲတွင် မြန်မာ့တပ်မတော် ပိုက် ကျော်ခြင်းအသင်းနှင့် လာအိုပြည်သူ့ တပ်မတော် ပိုက်ကျော်ခြင်းအသင်းတို့ သည် ဇေယျာသီရိအားကစားရုံ (C) ၌ လည်းကောင်း ချစ်ကြည်ရေးပြိုင်ပွဲ များ အသီးသီးယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။
(မြဝတီ)

No comments:

Post a Comment