Saturday, July 2, 2016

ရန်ကုန်မြို့၏ အကြီးဆုံးခုံးကျော်တံတားကြီး ဇူလိုင်လကုန်ပြီးစီးမည်

သတင်း-မြင့်မောင်စိုး၊ ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

ရန်ကုန် ဇူလိုင် ၁

ယာဉ်ကြောကျပ်တည်းမှုကို အထိုက်အလျောက်ဖြေလျှော့ပေးရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့တွင် လူကူးခုံးကျော်တံတားများတည်ဆောက်ပေးခဲ့သလို ကားလမ်းကူး ခုံးကျော်တံတားများကိုလည်း တည်ဆောက်ပေးခဲ့ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် တာမွေမြို့နယ် ဗညားဒလလမ်း၊ ဦးချစ်မောင်လမ်းနှင့် အရှေ့မြင်းပြိုင်ကွင်းလမ်းတို့ပေါင်းဆုံရာY ပုံသဏ္ဌာန် ခုံးကျော် တံတားစီမံကိန်းမှာ ပြီးစီးလုနီးပါးဖြစ်နေပြီး ဇူလိုင်လကုန်ပိုင်းတွင် အပြီးတည်ဆောက် ဖွင့်လှစ်သွားနိုင်မည်ဖြစ်ကြောင်း ယင်းတံတားစီမံကိန်းဒါရိုက်တာ ဦးမောင်မောင်မြင့်က ပြောသည်။
''ကျွန်တော်တို့ ဒီတံတားကြီးကို ဇူလိုင်လကုန်အပြီး တည်ဆောက်သွားဖို့ ရှိပါတယ်။ လမ်းကတ္တရာခင်းခြင်းလုပ်ငန်း၊ ဘေးအကာအရံတွေ တည်ဆောက်ခြင်း လုပ်ငန်းတို့ကျန်ရှိနေပါတယ်။ တံတားကြီး ဆောလျင်စွာပြီးစီးရေး မြန်မာအင်ဂျင် နီယာများက အင်တိုက်အားတိုက်ကြိုးစား ဆောင်ရွက်နေပါတယ်'' ဟု ဦးမောင် မောင်မြင့်က ဆက်လက်ပြောသည်။
အဆိုပါ Y ပုံသဏ္ဌာန် ခုံးကျော် တံတားကြီးကို ၂ဝ၁၅ ခုနှစ် အောက်တို ဘာ ၁ဝ ရက်က စတင်ဖောင်ဒေးရှင်းချ တည်ဆောက်ခဲ့ကြောင်း၊ တံတားအရှည် မှာ ဗညားဒလလမ်းမှ ဦးချစ်မောင် လမ်းအတိုင်း အရှည် ၂၈၇၅ ပေ (လေးလမ်းသွား)၊ လမ်းဆုံမှ အရှေ့ မြင်းပြိုင်ကွင်းလမ်းအတိုင်း အရှည် ၁၉၇၂ ပေ(နှစ်လမ်းသွား) စုစုပေါင်းတံတား အရှည်ပေ ၄၈၄၇ ပေရှိကြောင်း သိရ သည်။

ဗညားဒလလမ်းမှ ဦးချစ်မောင် လမ်းပိုင်းကို ဧပြီ ၁၃ ရက်က ဖွင့်လှစ်ခဲ့ပြီး ယခုအခါ မော်တော်ယာဉ်များ ဖြတ်သန်း သွားလာလျက်ရှိသည်။ ယင်းလမ်းအပိုင်း မှာ မော်တော်ယာဉ်များ အသွား အပြန် အသုံးပြုနိုင်သော်လည်း လမ်းဆုံမှ အရှေ့မြင်းပြိုင်ကွင်းလမ်း အပိုင်းမှာမူ အဆင်းတစ်မျိုးတည်းသာ အသုံးပြု မောင်းနှင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းလမ်းပိုင်း ခုံးကျော်တံတား တည်ဆောက်မှုမှာ ယခုအခါ ၉၇ ရာခိုင် နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ ယင်းတံတားကြီးကို လှည်းတန်းခုံးကျော် တံတားတည်ဆောက်ခဲ့သည့် ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီက တည်ဆောက် နေခြင်းဖြစ်သည်။
အဆိုပါ Y ပုံသဏ္ဌာန်တံတားကြီးမှာ ရန်ကုန်မြို့တွင် တည်ဆောက်ခဲ့သော ခုံးကျော်တံတားများအနက် အကြီးဆုံးနှင့် အရှည်ဆုံးတံတားကြီးဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီး အစိုးရခွင့်ပြုရန်ပုံငွေကျပ် ၂၂ ဒသမ ၅ ဘီလီယံ အကုန်ကျခံ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
တံတားအောက်ထည်မှာ သံကူကွန် ကရစ်တိုင်၊ ကြိုတင်အားဖြည့် တံတားတိုင် ကန့်လန့်ဖြတ်ရက်မ၊ တံတားအမျိုးအစား သံမဏိ
ရက်မ သံကူကွန်ကရစ်နှင့် ကြိုတင်အားဖြည့်တံတားတိုင် ကန့်လန့် ဖြတ်ရက်မတို့ဖြစ်ပြီး ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန် ၇၅ တန်ဖြစ်ကြောင်း သိရ သည်။

No comments:

Post a Comment