Saturday, July 2, 2016

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝပုံရိပ်နှင့် အမျိုးသားရေးဝိညာဉ်

တို့ထာဝရနိုးထရာ ရန်ကုန်မြို့ ဗိုလ်ချုပ်ပြတိုက်





=================================================







ရန်ကုန် ဇူလိုင် ၁

The Mirror Daily's photo.



''တကယ့် ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရားအရ ပြည်သူတွေရဲ့ အကျိုးအတွက် ပြည်သူတွေက တင်မြှောက် တဲ့ ပြည်သူတွေရဲ့ အစိုးရ ဖြစ်ရုံနဲ့မပြီးသေးဘူး။ အဲဒီအစိုးရ ဟာ ပြည်သူတွေရဲ့ စီးပွားရေးအဆင့်အတန်းကို အခွင့် အရေးတန်းတူရနိုင်တဲ့အဖြေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့် ဒီမိုကရေစီအထိတက်လှမ်း နိုင်မယ်။ ဒါဖြင့် အဲဒီဒီမိုကရေစီ အဆင့်အတန်းရောက်အောင် ဘယ်လိုအခြေခံတွေချမလဲ''ဆိုသည့်ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ် အောင်ဆန်းပြတိုက် ပထမထပ်အထူးအစည်းအဝေးခန်းအတွင်း နေရာယူလျက်ရှိသည်။ ထိုမိန့်ခွန်းမှာ ၁၉၄၇ခုနှစ် မေ ၁၉ ရက်က ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းကို ကိုးကား ဖော်ပြထားခြင်းဖြစ်သည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ယခု ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ်(၂၅) ဗိုလ်ချုပ်ပြတိုက်လမ်း(ယခင်တာဝါလိန်းလမ်း) ဗိုလ်ချို(၁) ရပ်ကွက် ဗဟန်းမြို့နယ်ရှိ ယခု ဗိုလ်ချုပ်ပြတိုက်နေအိမ်၌ မိသားစုနှင့်အတူ ၁၉၄၅ခု နှစ် မေလမှ ကျဆုံးသွားသောနေ့ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ရက်နေ့ အထိနေထိုင်ခဲ့သည်။
ပြတိုက်၏မြေကွက်သည် ဘဲဥပုံသဏ္ဌာန်ဖြစ်ပြီး ခြံဝင်းအကျယ်မှာ ၂ ဒသမ ၄၂၃ ဧက ရှိကာ ၁၉၂၁ခုနှစ် တွင်ဆောက်လုပ်ခဲ့သည့် အဆောက်အအုံဖြစ်၍ အနောက်တိုင်း ဗိသုကာဟန် ရောနှောတည်ဆောက်ထားသော နှစ်ဆယ်ရာစု ဥရောပပုံစံဖြစ်သည်။ နေအိမ် အဆောက်အအုံမှာ ခြံဝင်းအတွင်း၌ရှိသော ၁၈ ပေမြင့် သည့် ကုန်းပေါ်တွင် တောင်ဘက်သို့ မျက်နှာစာပြုကာ တည်ဆောက်ထားခြင်းဖြစ်သည်။
ထိုစဉ်က နေအိမ်အား မူလပိုင်ရှင် တရုတ်ဇနီးမောင်နှံ နှစ်ဦးထံမှ ငှားရမ်းနေထိုင်ခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီး နောက် ၁၉၄၈ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းအထိမ်းအမှတ် ရန်ပုံငွေ ကြီးကြပ်ထိန်းသိမ်းရေး အမှုဆောင်အဖွဲ့က မူလပိုင်ရှင် တရုတ်ဇနီးမောင်နှံထံ ငွေကျပ် သုံးသောင်းပေးချေကာ စာချုပ်စာတမ်းဖြင့် အပြီးအပိုင်ဝယ်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန် ပြီးနောက်ပိုင်းတွင် ကျန်ရစ်သူမိသားစု ဆက်လက်နေထိုင် ခဲ့သည်။
၁၉၅၃ခုနှစ်တွင် နေအိမ်ခြံဝင်းအတွင်း အရှေ့ တောင်ဘက်ရှိ ရေကန်တွင် သားလတ်ဖြစ်သူ အောင်ဆန်းလင်း ရေနစ်သေဆုံးပြီးနောက် မည်သူမျှ ဆက်လက်နေထိုင် ခြင်း မရှိတော့ပေ။( ၁၉၅၅- ၅၆) ခုနှစ်တွင် ယဉ်ကျေးမှု ဗိမာန် ဦးစီးဌာန၏ ပထမဆုံးညွှန်ကြားရေးဝန် ဦးသာမြတ်၊ အမျိုးသားပြတိုက် ပြတိုက်မှူးကြီး ဒေါ်ညွန့်ဟန် နှင့် အကြံပေးအရာရှိ Dr. Niharan Rays တို့သည် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် နေအိမ်အားအများပြည်သူ ကြည့်ရှုနိုင်ရေးအတွက် ပြတိုက်အဖြစ် ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်ခဲ့ကြသည်။
၁၉၅၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် နိုင်ငံတော်အစိုးရက ဗိုလ်ချုပ်၏ ဇနီးဒေါ်ခင်ကြည်ထံမှ ပြတိုက်ပစ္စည်းများအဖြစ် ပြသထားရှိရန် ပရိဘောဂပစ္စည်း ၅၃ မျိုးနှင့် အခြားပစ္စည်းများကို စုဆောင်းနိုင်ခဲ့သည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် ဗိုလ်ချုပ်အသက်ရှင်နေထိုင်ခဲ့စဉ်ကာလအတွင်း သုံးစွဲခဲ့သော အသုံး အဆောင်ပစ္စည်းများ၊ ပရိဘောဂများ၊ဖတ်ရှုလေ့လာခဲ့သော စာပေများ၊ ဗိုလ်ချုပ်အသုံးပြုခဲ့သော မော်တော်ယာဉ်၊ ဗိုလ်ချုပ်အနားယူ အပန်းဖြေသည့်နေရာ၊ ထမင်းစားခန်း၊ ဧည့်ခန်း၊ အိပ်ခန်း၊ စာကြည့်ခန်း စသည်တို့ကို ပြည်သူများ လေ့လာကြည့်ရှုနိုင်ရန် ၁၉၅၇ ခုနှစ်တွင် ပြန်လည် ထူထောင်ရေးတပ်မှ မွမ်းမံပြင်ဆင်ခဲ့ကာ ၁၉၆ဝ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်တွင် ပြတိုက်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် ပြတိုက်အဆောက်အအုံနှင့် နေအိမ်တစ်ခုလုံးကို ပြန်လည်ပြုပြင် မွမ်းမံခဲ့သည်။
၁၉၆၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့ အထိ (၂၅) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို နေ့စဉ် နံနက် ၈ နာ ရီမှ ညနေ ၅ နာရီအထိ အခမဲ့ ဖွင့်လှစ်ပြသခဲ့သည်။
၁၉၉၉ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှ စတင်၍ ပြတိုက်ကို အကြီးစားပြင်ဆင်ထိန်းသိမ်းခဲ့သည်။ ပြင်ဆင် ထိန်းသိမ်းမှုလုပ်ငန်းများအတွက် နိုင်ငံတော်က ကျပ်သိန်း ၃ဝဝ ကျခံသုံးစွဲခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် အဆောက်အအုံမှာ မူလက သံကူကွန်ကရစ်မဟုတ်ဘဲ သစ်သားထည်အုတ်ရိုးစီ အဆောက်အအုံသာဖြစ်သည်။ အကြီးစားပြင်ဆင်သည့်အခါ မူလလက်ရာမပျက်စေဘဲ လိုအပ်သောနေရာတွင် ကြံ့ခိုင်မှုအတွက် သံကူကွန်ကရစ်များဖြင့် မွမ်းမံထိန်းသိမ်းခဲ့သည်။ ၂ဝဝဝပြည့်နှစ် ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့်အတူ ပြတိုက်ကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။
၂ဝဝ၇ ခုနှစ်တွင် ပြတိုက်၏ ကြံ့ခိုင်မှုအားနည်းလာ ခြင်းကြောင့် ခေတ္တပိတ်ထားခဲ့ရာမှ ပြတိုက်အတွင်း ပြုပြင်ဆောင်ရွက်မှုများပြုလုပ်ပြီး ၂ဝ၁၂ ခုနှစ် မတ်လ ၅ ရက်နေ့မှ စတင်ကာ အများပြည်သူများလေ့လာကြည့်ရှု နိုင်ရန် ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ယခု၂ဝ၁၆ ခုနှစ်တွင်မူ ယခင်နှစ်များက မရှိသေးသည့် လုံခြုံရေးကင်မရာများ တပ်ဆင်ထားသည့်အပြင် မီးဘေးကာကွယ်ရေးအတွက် မီးသတ်ပိုက်များပါ တပ်ဆင်ထားပြီး ပုံမှန်ပြင်ဆင်မှုများအဖြစ် ပြတိုက်အတွင်း၊အပြင် ဆေးများသုတ်ခြင်း၊ အပေါ်ထပ်တွင် ရေနံချေးသုတ်ခြင်းတို့ လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင်ယခုနှစ် အာဇာနည်နေ့အမီ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူ သုံးဘက်မြင် ရုပ်တုကို ဗိုလ်ချုပ်ပြတိုက်၌ထားရှိကာ အများပြည်သူများကို ပြသသွားရန် စီစဉ်ထားကြောင်း သိရသည်။
ပြတိုက်သို့ ယနေ့လာရောက်လေ့လာသူ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ မစုစုခိုင်က ''ဗိုလ်ချုပ်အကြောင်းကို ကျောင်းသူဘဝတုန်းက စာမှာ သင်ခဲ့ရတယ်။ အသက်ငယ်တော့ ခံစားမှုကနက်နက်ရှိုင်းရှိုင်းမဖြစ်ဘူး။ အခု ဘုရားဖူးထွက်လာခဲ့တဲ့ ခရီးစဉ်မှာ နတ်မောက်မှာရှိတဲ့ ဗိုလ်ချုပ်ရဲ့အိမ်ကို လေ့လာခဲ့ပြီး အခု ရန်ကုန်အိမ် ကိုပါလေ့လာခွင့်ရတယ်။ ရင်ထဲမှာ ဗိုလ်ချုပ်ရဲ့အငွေ့ အသက်ကို ခံစားရတယ်။ ဗိုလ်ချုပ်အိမ်မှာ ပြသထားတဲ့ အမှတ်တရတွေကို ကြည့်ပြီးတော့ ဗိုလ်ချုပ်ရှိစဉ်တုန်းကလို ခံစားရတယ်။နတ်မောက်အိမ်ကတော့ နဂိုမူရင်း ရိုးရာမပျက် အကုန်လုံးတွေ့ရတယ်။ ဗိုလ်ချုပ်ငယ်ဘဝ ဖြတ်သန်းခဲ့တဲ့ ဖြစ်စဉ်တွေကိုလည်း မှတ်တမ်းတင်ထားတာတွေ့ရ တယ်။ နတ်မောက်အိမ်မှာ ဗိုလ်ချုပ်ဘဝ ဖြစ်စဉ်က ပိုပြီး ပီပြင်တယ်လို့ခံစားရတယ်''ဟု သူ့၏အမြင်ကို ပြောပြခဲ့သည်။
ပြတိုက်သို့ဝင်ဝင်ချင်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝပြကွက်ရှိသည်။ ထိုပြကွက်ကို ထမင်းစားခန်းနှင့်တွဲကာ ပြသထားသည်။ ထိုမှဆက်သွားလျှင် နိုင်ငံရေး ခေါင်းဆောင်ပြကွက်နှင့် ဧည့်ခန်းတို့ရှိသည်။ ထိုမှတစ်ဆင့် အပေါ်ထပ်သို့ တက်ရောက်ပြီး လက်ဝဲဘက်သို့ကွေ့ဝင် လိုက်လျှင် အိပ်ခန်းနှင့် ဗိုလ်ချုပ်၏စာကြည့်ခန်းရှိကာ ထိုအခန်းတွင် ဗိုလ်ချုပ်အောင်ဆန်းဖတ်ရှုသည့်စာအုပ် ပေါင်း ၂၄ဝ ကိုပြသထားရှိသည်။ အိပ်ခန်းညာဘက်ထောင့်တွင် ကြောင်လိမ်လှေကားရှိပြီး အထက်တွင် ဘုရားခန်း ရှိကာထိုအထပ်ကို အများပြည်သူများကိုဖွင့်လှစ်ပြသထား ခြင်းမရှိကြောင်း သိရသည်။ အိပ်ခန်းကထွက်လာပါက အထူးအစည်းအဝေးခန်းမနှင့် ဗိုလ်ချုပ်၏ သားသမီး သုံးဦးတို့၏ခုတင်များကို ပြသထားသည်။
''ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကတော့ တကယ်သက်ရှိထင်ရှားနေထိုင်ခဲ့တဲ့အိမ်ကို သူနေခဲ့စဉ်ကအတိုင်း ပြုပြင်ပြီးပြထားတာဖြစ်ပါတယ်။ ဗိုလ်ချုပ်ရဲ့အိမ်ကို လာရောက်လေ့လာခြင်းအားဖြင့် သူ့ရဲ့ခြိုးခြံချွေတာတတ် တဲ့နေထိုင်မှုစရိုက်နဲ့ ဗိုလ်ချုပ်ရဲ့စိတ်ဓာတ်တွေကိုလေ့လာ တွေ့ရှိရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ဂုဏ်ယူရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသားအားလုံးကို ပြတိုက်ကို လာရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်''ဟု ပြတိုက်တာဝန်ခံ ဦးစီးအရာရှိ ဦးကျော်အေးက ဆက်လက်ပြောကြားသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ နေ့စဉ် နံနက် ၉နာရီခွဲမှ ညနေ ၄ နာရီခွဲ အထိဖွင့်လှစ် လျက်ရှိသည်။ ဝင်ကြေးအနေဖြင့် ပြည်တွင်း ပြည်ပ လာရောက်သည့် မည်သူမဆို လူကြီးတစ်ဦးလျှင် ငွေကျပ် ၃ဝဝ၊ သံဃာတော်၊သီလရှင်နှင့် ကလေးများအား တစ်ဦးလျှင် ငွေကျပ် ၁ဝဝ၊ ကျောင်းသား ကျောင်းသူများအား အခမဲ့ သတ်မှတ်ထားသော်လည်း အာဇာနည်နေ့တွင် မည်သူမဆို ဝင်ကြေးအခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်ကြောင်း သိရသည်။
''နေ့စဉ်ပုံမှန်လာရောက်ကြည့်ရှုသူဦးရေက တစ်ရာ ဝန်းကျင်လောက် ရှိပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်ကတော့ အာဇာနည်နေ့တစ်ရက်တည်းကို လာရောက်လေ့လာသူ ဦးရေက တစ်သောင်းငါးထောင်ကျော် ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်က ၄နာရီခွဲမှာ တံခါးပိတ်လိုက်ပေမယ့် အထဲမှာကျန်နေ တဲ့သူတွေကို စောင့်ပြီးပြသတော့ ညနေ၆နာရီထိုးအထိ ပြသဖြစ်ခဲ့ပါတယ်။ ပြည်ပခရီးသွား ဧည့်သည်တွေလည်း လာရောက်လေ့လာကြပါတယ်။ ခုရက်ပိုင်းကတော့ တစ်နေ့ကို ပြည်ပခရီးသွားအယောက်၂ဝ ကနေ ၃ဝ ဝန်းကျင်အထိ လာရောက်ကြပါတယ်။ ခရီးသွားရာသီဖြစ်တဲ့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာတော့ တစ်နေ့ကို အယောက် ၅ဝ ကနေ ၇ဝ အထိလာရောက်ကြပါတယ်''ဟု ပြတိုက်တာဝန်ခံဦးစီးအရာရှိ ဦးကျော်အေးက ပြောသည်။
မကြာမီ ၂ဝ၁၆ခုနှစ် (၆၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပပေတော့မည်။ ဇူလိုင်မိုးဖွဲဖွဲများကြားမှပင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏တစ်ချိန်ကနေထိုင်ရာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ပြည်သူများ လာရောက်ကြကာ ဗိုလ်ချုပ်၏အတိတ်အရိပ် တို့ကို ရှာဖွေ လွမ်းဆွတ်ကြမည်။ နိုင်ငံ့လွတ်လပ်ရေးအတွက် ကိုယ်ကျိုးမဖက် အသက်ကိုမငဲ့ကွက်ဘဲ စွန့်လွှတ်စွန့်စားခဲ့သူ အာဇာနည်ခေါင်းဆောင်ကြီး၏ ဘဝပုံရိပ်များနှင့် အမျိုးသားရေး ဝိညာဉ်တို့သည်ကား မျိုးဆက်တစ်ဆက်နှင့် တစ်ဆက် လက်ဆင့်ကမ်းပေးရန် မြန်မာပြည်တည်ရှိသရွေ့ အစဉ်နိုးထသက်ဝင်နေမည်ဖြစ်ပါကြောင်း။ ။
သတင်းဆောင်းပါး -ဝင်းဝင်းမော်၊မြတ်စန္ဒီ
ဓာတ်ပုံ-ရဲထွဋ်

No comments:

Post a Comment