Saturday, July 2, 2016

ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာဖြစ်စဉ်တွင် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်သူများ ရှိ၊ မရှိ စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ




The Mirror Daily's photo.


နေပြည်တော် ဇူလိုင် ၁

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ သတ်မှတ်ခွင့်ပြုချက်မရှိသော ယာယီဝတ်ပြုသည့် အဆောက်အအုံအား ဖျက်သိမ်းရန် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အကြိမ်ကြိမ်ညှိနှိုင်းထားသော်လည်း အဆင်မပြေဖြစ်၍ ယနေ့မွန်းလွဲပိုင်းတွင် ဒေသခံအချို့မှ ဝင်ရောက်ဖျက်ဆီးမီးရှို့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လယ်ပြင်ကျေးရွာမှ ဒေသခံအချို့သည် အဆိုပါ ယာယီဝတ်ပြုသည့် အဆောက်အအုံနေရာသို့ တုတ်၊ ဓားများကိုင်ဆောင်၍ ညနေ ၃ နာရီခွဲခန့်တွင် ရောက်ရှိလာကြကြောင်း၊ မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူး၊ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့ မှူး၊ အမှတ်(၈)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ခွဲမှူးတို့ ဦးစီးသည့် လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များဖြင့် အဆင့်ဆင့် တားဆီးခဲ့သော်လည်း ဒေသခံများက လက်ခံခြင်းမရှိဘဲ ယာယီဝတ်ပြုသည့်အဆောက်အအုံအား ဖျက်ဆီး၍မီးရှို့ ကာ ၎င်းနေရာမှ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြန်လည်ထွက်ခွာသွားကြကြောင်းနှင့် ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုတစ်စုံတစ်ရာမရှိကြောင်း သိရသည်။

အဆိုပါအဆောက်အအုံသည် မြေရာဇဝင်စိစစ်ချက်အရ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာမှ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံဖြစ်သည့်အတွက် တာဝန်ရှိ အဖွဲ့အစည်း အဆင့်ဆင့်မှ ဇွန် ၃ဝ ရက် နောက်ဆုံးထား၍ ၎င်းတို့ ကိုယ်တိုင်ဖျက်သိမ်းပေးရန် အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးခဲ့ ပြီးဖြစ်သော်လည်း သတ်မှတ်ရက်တွင် ဖျက်သိမ်းခြင်းမရှိ သည့်အတွက် ဒေသခံများက မကျေမနပ်ဖြစ်ကာ ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာတစ်ဝိုက် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား တိုးမြှင့်ချထားပြီး အခြေအနေတည်ငြိမ်လျက်ရှိကြောင်း၊ ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း နှင့် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်သူများရှိ၊ မရှိကိုပါ စုံစမ်းဖော်ထုတ်ပြီး တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment