Friday, July 29, 2016

အခွန်ကောက်ခံမှုစနစ် ပြုပြင်ပြောင်းလဲခြင်းသည် မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး၊ လူမှုရေးပြုပြင်ပြောင်းလဲရန်အတွက် အရေးပါသည့်အစိတ်အပိုင်းတစ်ခုဖြစ်



 
 
 
နေပြည်တော် ဇူလိုင် ၂၈


မိမိတို့နိုင်ငံ၏ အခွန်ကောက်ခံမှုမှ ရရှိငွေ သည် အသုံးစရိတ်ထက် နှစ်စဉ်လျော့နည်း နေပြီး မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံ များထဲတွင် အခွန်ကောက်ခံမှု အနည်းဆုံး နိုင်ငံအဖြစ် ရပ်တည်နေကြောင်း ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သက်သက်ခိုင်က ပြောကြား သည်။

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးဒုတိယနေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့သော ၂ဝ၁၅-၂ဝ၁၆ ခု ဘဏ္ဍာရေးနှစ် ဒုတိယ ခြောက်လပတ် လျာထားချက်အပေါ် အခွန်ကောက်ခံရရှိ မှုအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် (၁/၂ဝ၁၆)ကို လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးကြရာတွင် ဒေါ်သက်သက်ခိုင်က ယင်းသို့ဆွေးနွေး ပြောကြားခြင်းဖြစ်သည်။

ဆက်လက်၍ ဒေါက်တာ ဒေါ်သက် သက်ခိုင်က ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ဒုတိယ ခြောက်လပတ်အခွန်ကောက်ခံမှု အခြေအနေကို ကြည့်မည်ဆိုပါက လျာထားချက်ထက် များစွာကျော်လွန် သည်ကိုတွေ့ရသကဲ့သို့ လျာထားချက် မပြည့်မီသည့် အခွန်ကောက်ခံမှုများကို လည်း တွေ့ရပါကြောင်း၊ လျာထားချက် များအား လုပ်ငန်းပမာဏနှင့် ကိုက်ညီ သည့် ၊ သင့်တော်သည့် လျာထားချက်များ ဟုတ် မဟုတ်ကို ပြန်လည်သုံးသပ်ရမည့် အချိန်အခါဖြစ်ပါကြောင်း၊ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံများ၏ အခွန်ကောက်ခံမှုနှုန်း သည် ပြည်တွင်းအသားတင် ထုတ်ကုန်GDP ၏ ၁၇ ရာခိုင်နှုန်းရှိပြီး စင်ကာပူ၊ ဗီယက်နမ်နိုင်ငံများတွင် ၁၄ ရာခိုင်နှုန်း ရှိပါကြောင်း၊ မြန်မာနိုင်ငံ၌မူ အခွန်ငွေ စုစုပေါင်းသည် ပြည်တွင်း အသားတင် ထုတ်ကုန်၏ ငါးရာခိုင်နှုန်းအောက် လျော့နည်းနေသည်ကို တွေ့ရပါကြောင်း၊ ထို့အတွက် အခွန်ကို ထိထိရောက်ရောက် ကောက်ခံနိုင်ရန်အတွက် အခွန်စနစ်ကို ပြုပြင်ပြောင်းလဲရန် လိုအပ်နေသည့် အချိန်ဖြစ်ပါကြောင်း။

အခွန်ကောက်ခံခြင်းစနစ်ကို ပြုပြင် ပြောင်းလဲခြင်းသည်သာ နိုင်ငံ့ကောင်း ကျိုးအတွက် ကုစားရာဖြစ်သည်ဆိုသည့် အကြောင်းကို အကြံပြုဆွေးနွေးလိုပါ ကြောင်း၊ အခွန်ကောက်ခံမှုစနစ် ပြုပြင် ပြောင်းလဲခြင်းသည် မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေး၊ လူမှုရေးပြုပြင် ပြောင်းလဲရန်အတွက် အရေးပါသည့် အစိတ်အပိုင်းတစ်ခု ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများ နှင့် နိုင်ငံသားများ အခွန်ဆောင်နိုင်သည့် အရည်အချင်းများ တိုးတက်ဖွံ့ဖြိုးလာ စေရန် မြေတောင်မြှောက်သင့်ပါကြောင်း၊ နိုင်ငံ့စီးပွားရေးကို တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်းသည် နိုင်ငံတွင်း အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း ဖြစ်သကဲ့သို့ အစိုးရ၏ အခွန်ကောက်နိုင် သည့် စွမ်းရည်ကို တိုးမြှင့်ရာလည်း ရောက် ပါကြောင်း။

အခွန်ကောက်ခံမှုစနစ်ကို စနစ် တကျပုံစံချခြင်းအားဖြင့် နိုင်ငံတော် အစိုးရက ဖော်ဆောင်လိုသည့် စီးပွားရေး၊ လူမှုရေးမူဝါဒများကို ရုပ်လုံးပေါ်စေနိုင်ပါ ကြောင်း၊ ဥပမာအားဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးကို ထုတ်လုပ်မှုနှင့် ပြည်ပ ပို့ကုန်ကို အခြေခံသည့် စီးပွားရေးတစ်ရပ် အဖြစ် ပုံဖော်သည့်အခါတွင် ကုန်ထုတ် လုပ်မှုတွင် အသုံးပြုမည့် သွင်းအားစုများ ကို တင်သွင်းလာခြင်းနှင့် တန်ဖိုးမြှင့် ထုတ်လုပ်ပြီး ကုန်ချောတင်ပို့မှုအပေါ်တွင် အကောက်ခွန်လျှော့ချပြီး ပြည်တွင်း ထုတ်ကုန်များ၏ နိုင်ငံတကာဈေးကွက် ဝင်ရောက်မှုနှင့် ပြိုင်ဆိုင်နိုင်စွမ်းအားကို မြှင့်တင်ပေးသင့်ပါကြောင်း ဆွေးနွေး ပြောကြားသည်။

ထို့အတူ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဥာဏစိုးက လျာထားချက်ပြည့်မီ သည့် အခွန် ၁၂ မျိုးရှိပြီး လျာထားချက် အောက် လျော့နည်းသည့် အခွန်ခုနစ်မျိုး ရှိပါကြောင်း၊ စုစုပေါင်းအခွန် ၁၉ မျိုးရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက စီမံ ခန့်ခွဲကောက်ခံနေသည် ဖြစ်ပါကြောင်း၊ အခွန်လျာထားချက်ကို ပြည့်မီခြင်း၊ မပြည့်မီခြင်းဆိုသည်ထက် Tax
Resource နှင့်ပတ်သက်၍ ဆွေးနွေး တင်ပြလိုပါကြောင်း၊ အခွန်များတွင် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အကောက်ခွန်နှင့် အထူးကုန်စည်ခွန်များ သည် တိုင်းပြည်အတွက် အလွန်အရေး ကြီးပါကြောင်း၊ အခွန်ဆိုသည်မှာ တိုးရန် ရှိသကဲ့သို့ လျော့ရန်လည်း ရှိပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း တိုးကောက်သွားရမည့် အခွန်များလည်း ရှိပါကြောင်း။

မိမိတို့ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်ချက်အဆိုများကို ကိုယ်စားလှယ် များက ဆွေးနွေးသည့်အခါ အခွန်ရာခိုင် နှုန်းများ ရုတ်တရက်မြင့်သွားခြင်း ၊ ရုတ်တရက်နိမ့်သွားခြင်းမျိုး မဖြစ်ရ အောင် ရာခိုင်နှုန်းပြောင်းလဲမှု အချိုး အစားကို မူဘောင်သတ်မှတ်ချက် အတွင်းမှ လျာထားပေးရန်လိုပါကြောင်း၊ နိုင်ငံတကာတွင် အခွန်ကောက်ခံမှုစနစ် အမျိုးမျိုးအတွက် ဝန်ဆောင်မှုပေးသည့် အခွန်ဆိုင်ရာ အကြံပေးကုမ္ပဏီများ အများအပြားထူထောင်ထားပါကြောင်း၊ နိုင်ငံတကာတွင်ရှိသည့် အစိုးရအသီးသီး ကိုလည်းကောင်း၊ လွှတ်တော်များကို လည်းကောင်း လုပ်ငန်းဆောင်ရွက်နေ သည့် ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များကို လည်းကောင်း ၄င်းတို့က ပံ့ပိုးမှုများ၊ အကြံဥာဏ်များ ပေးပါကြောင်း၊ လုပ်ငန်း အစီအမံနှင့် မူဘောင်သတ်မှတ်ချက်များ ကိုလည်း ရေးဆွဲပေးပါကြောင်း၊ ယခုကဲ့သို့International Tax Consultant
Company များကို ငှားရမ်းပြီး ဆောင် ရွက်နိုင်မည်ဆိုပါက ထိရောက်သည့် အခွန်ကောက်ခံမှုတစ်ရပ် အကောင် အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တစ်နှစ်လုံးကို ပြန်ကြည့်မည်ဆိုပါက လျာထားချက် ၁၃၃၅ ဒသမ ၄၃၄ ဘီလီယံအပေါ်တွင် ၁၃၂၇ ဒသမ ၃၃၉ ဘီလီယံ ကောက်ခံ ရရှိခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၉၉ ဒသမ ၆၅ ရာခိုင်နှုန်း တစ်နည်းအားဖြင့် လျာထားချက် ပြည့်လုနီးပါးဖြစ်ပါ ကြောင်း၊ ဝင်ငွေခွန်နှင့်ပတ်သက်၍ ဝင်ငွေ အမျိုးအစားအလိုက် ဝင်ငွေခေါင်းစဉ် ခုနစ်မျိုးနှင့် ကောက်ခံလေ့ရှိပါကြောင်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် စည်းကြပ် မှုမှ လွတ်ကင်းသော ဝင်ငွေခေါင်းစဉ် မှလွဲ၍ ကျန်ဝင်ငွေခေါင်းစဉ်အလိုက် ကောက်ခံရရှိမှုကို ပြန်ကြည့်ပါက ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်ထက် ပိုမိုကောက်ခံရရှိ ခဲ့ပါကြောင်း၊ အိမ်၊ ခြံ၊ မြေ ဝယ်ယူခြင်း၊ လွှဲပြောင်းခြင်း၊ ပြုပြင်ခြင်းများ  ဆောင် ရွက်သည့်နေရာတွင် စည်းကြပ်မှုက လွတ်ကင်းနေသည့် ဝင်ငွေခေါင်းစဉ်ဖြင့် အခွန်ပေးဆောင်ရပါကြောင်း၊ ဤနေရာ တွင် ၂ဝ၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မများနှင့် ၂ဝ၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့ သည့် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မများတွင် ပါရှိသည့် ပြဋ္ဌာန်း ချက်များ၏ အခွန်နှုန်းထားများခြားနားချက်ကြောင့် ဝင်ငွေခွန်ထဲတွင် လျော့နည်း ရခြင်းဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

အဆိုပါပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာ(၁/၂ဝ၁၆)ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ သည်။
ယနေ့ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု သည်ဟု မှတ်ယူရမည့် အဂတိလိုက်စား မှု တိုက်ဖျက်ရေးဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်က မှတ်တမ်းတင်သည်။
ယင်းနောက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ နှစ်ပတ်လည် အစီရင်ခံစာ (၂/၂ဝ၁၅)နှင့် စပ်လျဉ်း ၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ ပြီး အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမရက ပြန်လည် ဆွေးနွေးကာ ဆွေးနွေးချက်များကို လွှတ်တော်က မှတ်တမ်းတင်သည်။
(သတင်းစဉ်)






No comments:

Post a Comment