Sunday, July 31, 2016

ရာသီဥတုဆိုးရွားလာမှုနှင့် ဘေးအန္တရာယ်များကျရောက်လာမှုအပေါ် ခံနိုင်ရည် စွမ်းအားတည်ဆောက်ခြင်းနှင့် လိုက်လျောညီထွေစွာနေထိုင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ




The Mirror Daily's photo.


နေပြည်တော် ဇူလိုင် ၃ဝ

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံးသည် ကမ္ဘာကြီးပူနွေးလာမှုနှင့် အတူ ရာသီဥတုဖောက်ပြန်မှုများကြောင့် သဘာဝဘေးအန္တရာယ်များကို ခံစားနေကြရသည်။ ကြိုတင်မခန့်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ထိခိုက်ပျက်စီးဆုံး ရှုံးမှုများ လျော့နည်းစေရေး၊ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိရေးနှင့် လိုက်လျောညီစွာ နေထိုင်နိုင်ရေးတို့အတွက် အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၂၉ ရက်က နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် BRACED စီမံကိန်းအကြောင်း မိတ်ဆက်ခြင်းနှင့် မဟာဗျူဟာများကို ရှင်းလင်းခြင်း၊ ဘေးဒဏ်ခံနိုင်စွမ်း လုပ်ငန်းစီမံချက် များ၊ လက်တွေ့လုပ်ဆောင်မှုများနှင့် ပေါင်းစပ်ထားရှိမှုများ၊ သဘာဝဘေးနှင့် ရာသီဥတုပြောင်းလဲမှု အန္တရာယ်များ ကျရောက်မှုအပေါ် ဌာနဆိုင်ရာများ၏ အစီအစဉ်များနှင့် မူဝါဒများကို BRACED Alliance မှ တာဝန်ရှိသူများ၊ Action Aid ၊ World Vision ၊ Plan International ၊ UN Habitat ၊ Myanmar Environment Association ၊ RIMES တို့မှ ကိုယ်စားလှယ်များက အသီးသီးရှင်းလင်းဆွေးနွေးကြပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ဖြည့်စွက် ဆွေးနွေးသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လှုမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဘေးဒဏ်ခံနိုင်ခြင်းဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုများ၊ ဌာနဆိုင်ရာများ၏ လုပ်ဆောင်ချက်များကို ဆွေးနွေးကြသည်။

BRACED စီမံကိန်းသည် နိုင်ငံတကာဖွံ့ဖြိုးရေးဌာန (DFID)၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် မိတ်ဖက်အဖွဲ့အစည်း ခြောက်ခုစုပေါင်းကာ ဘေးဒဏ်ခံနိုင်စွမ်းတည်ဆောက်ခြင်း၊ ရာသီဥတုလွန်ကဲမှုများနှင့် သဟဇာတဖြစ်အောင် နေထိုင်ခြင်းနှင့် ဘေးအန္တရာယ်စီမံကိန်းများအတွက် လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင် နေခြင်းဖြစ်သည်။
ဇေယျာ(မိုင်ရာ)

No comments:

Post a Comment