Sunday, July 31, 2016

ဗီယက်နမ်နိုင်ငံတွင်ကျင်းပသော အဆို၊ အက၊ အတီး ပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် အနုပညာဦးစီးဌာနမှ ဆုရအနုပညာရှင်များနှင့်တွေ့ဆုံခြင်း



The Mirror Daily's photo.
အမေးနှင့်အရေး - မင်းမင်းဇော် (ကလေး)

ဓာတ်ပုံ - ထိန်နန်နော်

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အနုသုခုမပညာရှင်များပါဝင်ယှဉ်ပြိုင်ကြသည့် ၂ဝ၁၆ ခုနှစ် အဆို၊ အက၊ အတီးပွဲတော်(Festival of Song, Dance and Music – 2016) ကို ဗီယက်နမ်နိုင်ငံ ကွမ်ထွီးပြည်နယ် ဒွန်ဟာမြို့ရှိ ပြဇာတ်ရုံ၌ ဇူလိုင် ၁၈ ရက်မှ ၂၅ ရက်ထိ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ်တစ်ခုနှင့် ငွေတံဆိပ် လေးခုရရှိခဲ့ကြောင်း သိရှိရသည့်အတွက် ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်ခဲ့သည့် အဖွဲ့ခေါင်းဆောင်နှင့် အနုပညာဦးစီးဌာနမှ ဆုရအနုပညာရှင်များ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။
ဦးအောင်ဆန်းဦး
အဖွဲ့ခေါင်းဆောင်
ဒုတိယညွှန်ကြားရေးမှူးချုပ်
အနုပညာဦးစီးဌာန

၂ဝ၁၆ ခုနှစ် အဆို၊ အက၊ အတီး ပွဲတော်မှာ (CLMTV) နိုင်ငံတွေ ဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက အနုပညာရှင်တွေ ပါဝင်ယှဉ်ပြိုင်ကြတယ်။
အဲဒီပြိုင်ပွဲကို (CLMTV)နိုင်ငံ တွေအချင်းချင်း ရင်းနှီးမှု၊ စည်းလုံး ညီညွတ်မှုတွေပိုမိုရရှိဖို့၊ CLMTV နိုင်ငံတွေအကြား ယဉ်ကျေးမှုဖလှယ်ဖို့၊ CLMTV နိုင်ငံတွေရဲ့ ယဉ်ကျေးမှု အနုသုခုမတွေကို ဒီပွဲတော်ကြီးမှာ ဖော်ထုတ်ပြသနိုင်ဖို့၊ အနုပညာရှင် အချင်းချင်းတွေ့ဆုံရင်းနှီးခွင့်နဲ့ အနု ပညာရပ်ပိုင်းဆိုင်ရာတွေ ဖလှယ်ခွင့် ရရှိဖို့ ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
ပြိုင်ပွဲမကျင်းပမီ နှစ်လအလိုမှာ ဗီယက်နမ်နိုင်ငံရဲ့ ဖိတ်ခေါ်စာရပါ တယ်။ အဲဒီထဲမှာ အင်အား ၂ဝ ထက် မပိုရဘူး။ ယှဉ်ပြိုင်ချိန် မိနစ် ၆ဝ ကနေ ၇ဝ အတွင်းဖြစ်ရမယ်လို့ ပါတယ်။ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အတွက် မြန်မာ့ရိုးရာအနုသုခုမပညာ ရပ်စစ်စစ်တွေကိုပဲ ဖော်ထုတ်တင်ဆက်ပြသယှဉ်ပြိုင်နိုင်ဖို့ အစီ အစဉ်ရေးဆွဲခဲ့ပါတယ်။ နောက်တစ်ခု က CLMTV နိုင်ငံတွေ စည်းလုံး ညီညွတ်မှုရှိစေမယ့် သရုပ်ဖော် ကကွက်ကိုလည်း ရေးဆွဲခဲ့ပါတယ်။ ယှဉ်ပြိုင်အစီအစဉ်နဲ့ သင့်တော်မယ့် သူတွေကို ရွေးချယ်လေ့ကျင့်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်ခါနီးအချိန်အထိ ယှဉ်ပြိုင် မယ့်ကကွက်တွေကို အသေးစိတ် လေ့ကျင့်ခဲ့ပါတယ်။
ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့ မြန်မာ့ရိုးရာအနုသုခုမပညာဖြစ်တဲ့ ပခန်းကိုကြီးကျော်အက၊ မကိုဋ်လေး ကောက်ယိမ်းအက၊ စည်တိုယိမ်းအက၊ ပုဂံ၊ အင်းဝ၊ ကုန်းဘောင်နဲ့ မျက်မှောက်ခေတ် (ခေတ်လေးခေတ်) အက၊ ကြော့ရှင်းလှပဒေါင်းအက၊ သင်္ကြန်အက၊ မြန်မာတိုင်းရင်းသား တွေရဲ့အက၊ CLMTV သရုပ်ဖော် တင်ဆက်မှုအက၊ နှစ်ပါးသွားအကနဲ့ ဗီယက်နမ်သီချင်းဆိုတဲ့အစီအစဉ်တွေ ထည့်သွင်းယှဉ်ပြိုင်ခဲ့ပါတယ်။
ပြိုင်ပွဲမှာ ကြော့ရှင်းလှပဒေါင်းအက က ရွှေတံဆိပ်ဆု၊ ခေတ်လေးခေတ် အက၊ မန်းတောင်ရိပ်ခိုသင်္ကြန်ယိမ်း အက၊ CLMTV သရုပ်ဖော်မှုအကနဲ့ ခိုင်ပန်းစုံနှစ်ပါးသွားအကတွေက ငွေတံဆိပ်ဆုတွေ ရရှိခဲ့ပါတယ်။
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံတွေက တစ်ဖွဲ့စီပါဝင် ယှဉ်ပြိုင်ပါတယ်။ အိမ်ရှင်ဖြစ်တဲ့ ဗီယက်နမ်နိုင်ငံကတော့ တစ်ဖွဲ့ကို အင်အား ၄ဝ အောက်မလျော့တဲ့ အကအဖွဲ့ ၁၇ ဖွဲ့ပါဝင်ယှဉ်ပြိုင်ပါ တယ်။ ဆက်တင်ပစ္စည်းတွေကလည်း စုံစုံလင်လင်ပါပဲ။
၂ဝ၁၂-၂ဝ၁၃ ခုနှစ်တုန်းက တစ်ကြိမ်ယှဉ်ပြိုင်ခဲ့ကြပြီး အခု ၂ဝ၁၆ ခုနှစ်မှာ ထပ်မံယှဉ်ပြိုင်ကြတာ ဖြစ်ပါ တယ်။ ၂ဝ၁၉ ခုနှစ်မှာ ထပ်မံကျင်းပ ဦးမယ်လို့ သိရပါတယ်။
ဒီလိုပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရတဲ့အတွက် မြန်မာ့အနုသုခုမပညာ ရဲ့အဆင့်အတန်းမြင့်မားမှုကို တခြား နိုင်ငံတွေ လက်တွေ့ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရရှိခဲ့ပါတယ်။ ဒီလို ဖော်ထုတ်ပြသခွင့်ရတဲ့အတွက်လည်း နိုင်ငံနဲ့လူမျိုးကိုယ်စား ဂုဏ်ယူရ ပါတယ်။
အမှတ်ပေးတဲ့အပိုင်းကို အကြမ်း ဖျင်းပြောရရင် ကကွက်ကဟန်၊ အကရဲ့အချိုးအဆစ် ကျနမှု၊ နောက်ခံ တေးဂီတရဲ့ဆွဲဆောင်နိုင်မှု၊ တေးဂီတ နဲ့ စည်းချက်ဝါးချက်ကျနမှု၊ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုတွေအပေါ် မူတည်ပြီး အကဲဖြတ်အမှတ်ပေး ပါတယ်။
မသင်းသင်းမိုး
ရွှေတံဆိပ်ဆုရှင်

ကျွန်မတို့ မြန်မာနိုင်ငံက ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ယိမ်းအစီအစဉ် ၁၂ ခု ထဲက ကြော့ရှင်းလှပဒေါင်းအက အစီအစဉ်နဲ့ ရွှေတံဆိပ်ဆုရရှိပါတယ်။ ကြော့ရှင်းလှပဒေါင်းအကရဲ့ ထူးခြားတဲ့ကကွက်ကကြိုးတွေနဲ့ ဆရာတွေရဲ့ စနစ်ကျတဲ့ သင်ကြားပြသမှုတွေကြောင့် ဒီဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုကို ဖော်ထုတ်ပြသ ခွင့်ရတယ်၊ ရွှေတံဆိပ်ဆုလည်းရတယ်ဆိုတော့ မြန်မာနိုင်ငံသားတစ်ဦး အနေနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်။
မနီလာသိန်း
ငွေတံဆိပ်ဆု

ပုဂံ၊ အင်းဝ၊ ကုန်းဘောင်နဲ့ မျက်မှောက်ခေတ် (ခေတ်လေးခေတ်) အကနဲ့ ငွေတံဆိပ်ဆုရခဲ့ပါတယ်။ တစ်ခေတ်ကို နှစ်ဦးစီပါဝင်ယှဉ်ပြိုင်ပါတယ်။ ကျွန်မက ကုန်းဘောင်ခေတ်အကနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ သင်ကြားပြသပေးတဲ့ဆရာ ဆရာမတွေက အကောင်းဆုံးသင်ကြားပြသပေးသလို ကျွန်မတို့ကလည်း သေချာ သင်ယူခဲ့ပါတယ်။ ပြိုင်ပွဲမှာ အကတွေ အများကြီးကြားက ဒီလို ငွေတံဆိပ်ဆုရတဲ့အတွက် ဂုဏ်ယူ ဝမ်းသာပါတယ်။
မဇာနည်အောင်
ငွေတံဆိပ်ဆု

ဗီယက်နမ်နိုင်ငံမှာ ယှဉ်ပြိုင်တဲ့ပြိုင်ပွဲမှာ ကျွန်မက သင်္ကြန်အကနဲ့ ငွေ တံဆိပ်ဆုရရှိခဲ့ပါတယ်။ ဒီလိုယှဉ်ပြိုင် ဖို့အတွက် ကြိုတင်ပြင်ဆင်လေ့ကျင့် ခဲ့ရပါတယ်။ သူ့ယဉ်ကျေးမှု ကိုယ့်ယဉ် ကျေးမှုတွေ ဖလှယ်ခွင့်ရရှိခဲ့ပါတယ်။
ကျွန်မတို့နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ မြန်မာအမျိုးသမီးတွေရဲ့ ယဉ်ကျေးသိမ်မွေ့မှုတွေကို အဓိကပြသနိုင်ခဲ့ တယ်လို့ပြောချင်တယ်။ နိုင်ငံ့ဂုဏ်ဆောင်ပြီး ဆုတွေရခဲ့လို့ ဝမ်းသာ ရတယ်။
မောင်ဇေယျာလင်း
ငွေတံဆိပ်ဆု

ကျွန်တော်ကတော့ ခိုင်ပန်းစုံယိမ်း အကနဲ့ ဒုတိယဆု ငွေတံဆိပ်ရရှိခဲ့ပါတယ်။ ခိုင်ပန်းစုံနှစ်ပါးသွားယိမ်း အကမှာ အတွဲ သုံးတွဲနဲ့ ပါဝင်ယှဉ်ပြိုင် ခဲ့ပါတယ်။ နှစ်ပါးသွားအကရဲ့ ကစု ကကွက်မျိုးစုံကို ထည့်သွင်းကပြ ယှဉ်ပြိုင်ခဲ့ပါတယ်။ တင်ဆက်နေကြ အကဖြစ်ပြီး ပြိုင်ပွဲနဲ့သင့်လျော်တယ် ဆိုပြီး ရွေးချယ်ယှဉ်ပြိုင်စေတဲ့အတွက် အခက်အခဲမရှိ ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ သူတို့နိုင်ငံတွေရဲ့ လျှပ်စစ်မီးအသုံးချ မှုတွေ၊ ဆက်တင်အခမ်းအနားတွေက တော့ အားကျစရာပါပဲ။
မမာလာမြင့်အောင်
ငွေတံဆိပ်ဆု

ပြိုင်ပွဲဝင်မယ့်အစီအစဉ် ၁၂ ခုထဲက CLMTV သရုပ်ဖော်မှုယိမ်းအကနဲ့ငွေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ CLMTV နိုင်ငံတွေရဲ့ တီးလုံး တီးကွက်တွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေအားလုံးကို ကိုယ်စားပြုတဲ့ ကကွက်တွေလည်း ဖြစ်ပါတယ်။ မြန်မာ့ကိုယ်ပိုင်ယဉ်ကျေးမှုတွေကို မြန်မာလူမျိုးတိုင်း တန်ဖိုး ထားမြတ်နိုးစေချင်တယ်။ မြန်မာတွေ ရဲ့ယဉ်ကျေးမှုတွေကို ပြသခွင့်ရခဲ့တယ်။ သူတို့ယဉ်ကျေးမှုတွေကို လေ့လာခွင့်ရတယ်။ ဒီလိုယှဉ်ပြိုင်ရ တဲ့ပွဲမှာ ငွေတံဆိပ်ဆုရတဲ့အတွက် ဂုဏ်ယူမိပါတယ်။

No comments:

Post a Comment