Friday, July 29, 2016

ပေါ့ဘာအတွက် မန်ယူကမ်းလှမ်းမှုကို ငြင်းပယ်ထားဆဲ ဂျူဗင်တပ်



The Mirror Daily's photo.
ရွိုင်ယန်ဟေဒင်
ဂျူဗင်တပ်အသင်းက ပေါ့ဘာအတွက်မူလက ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၁ဝသတ်မှတ်ခြဲ့ပီး ဒီပမာဏနဲ့ပဲ မန်ယူအသင်းက တကယ်တမ်း ကမ်းလှမ်းလာတဲ့အခါမှာတော့ ဂျူဗင်တပ်ဘက် ထပ်ပြီးငြင်းပယ်ခဲ့သောကြောင့် ပေါ့ဘာ မန်ယူကို ပြန်ရောက်၊ မရောက်ဆိုတာကို မှန်းဆဖို့ ပိုပြီးတောင်ခက်ခဲလာပြီလို့ ဂျူဗင်တပ်အသင်းနှင့် နီးစပ်သူများရဲ့ ပြောကြားချက်ကို ကိုးကားပြီး အီးအက်စ်ပီအင်န်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဂျူဗင်တပ်က လက်ရှိမှာ ဟီဂူအင်ကို ပြောင်းရွှေ့ကြေး ၇၅ ဒသမ ၃ သန်းနဲ့ ဝယ်ယူထားခဲ့ပြီးတာတောင် အခုထိ ပေါ့ဘာကို ရောင်းဖို့ တင်းခံထားဆဲအနေအထားပါ။ ဒါ့ကြောင့် ဂျူဗင်တပ်အနေနဲ့ ပေါ့ဘာကို ဘာလို့ မရောင်းချသေးတာ လဲ အဖြေရှာကြည့်ကြ ရအောင်ပါ။
မန်ယူက ကြိုက်ဈေးပေးခဲ့ပေမယ့်
မန်ယူအသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၁ဝ အပြင် ပေါ့ဘာရဲ့ ကိုယ်စားလှယ် ရွိုင်လိုလာအတွက် ဝန်ဆောင်ခ ပေါင်သန်း ၂ဝ နဲ့ ပေါ့ဘာရဲ့ တစ်ပတ်လုပ်ခ ပေါင်၂၅ဝဝဝဝ ပေးချေဖို့ သဘောတူညီချက် ပေးခဲ့ပြီးဖြစ်တယ်ဆိုတာ အစောပိုင်း သတင်းတွေအရ သိရပါတယ်။ ဂျူဗင်တပ်နဲ့ မန်ယူအကြား ချိတ်ဆက်မှုများက ပြီးပြတ်သလောက် ရှိနေပြီလို့ ပြောလို့ရပေမယ့် အပြီးသတ်သဘော တူညီချက်ရရှိဖို့တော့ လိုအပ်နေသေးပါတယ်။ ယူရို ၂ဝ၁၆ ပြိုင်ပွဲကာလအစ (ဇွန် ၁ဝ ရက်) လောက်ကတည်းက နှစ်သင်းကြား ဆက်သွယ်မှုတွေ စတင်လုပ်ဆောင်ခဲ့ကြချိန်မှာ ဂျူဗီက ပေါ့ဘာကို ရောင်းချမယ်ဆိုတာ သေချာကြောင်း အကြောင်းပြန်ခဲ့ပြီး ပေါင်သန်း ၁၁ဝ ဈေးခေါ်ခဲ့တာ ဖြစ်ပါတယ်။
မာရော့တာရဲ့ စကားတစ်ခွန်း
မန်ယူဘက်ကလည်း ဂျူဗီတောင်းတဲ့ ငွေပမာဏကို ပေးချေဖို့အလွယ်တကူပဲ သဘောတူညီခဲ့ပေမယ့် ဂျူဗင်တပ် အလုပ်အမှုဆောင် မာရော့တာက ဟီဂူအင်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ပေါ့ဘာလည်း ဆက်ရှိနေမှာ ဖြစ်တယ်လို့ဆိုခဲ့တာကြောင့် ဘောလုံးဈေးကွက် လေ့လာနေသူများကတောင် မျက်စိလည်ခဲ့ရ ပါတယ်။
မာရော့တာက ''ပေါ့ဘာ မန်ယူကိုလား။ အရာအားလုံး ပြီးသွားတော့မှ ကျွန်တော်တို့ တပ်အပ်ပြောနိုင်မယ်။ အခုတော့ အခြေအနေတွေက ရပ်တန့်နေတယ် လို့ပဲ ဆိုပါရစေ''လို့ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။
ဇီဒန်းနဲ့ ပေါ့ဘာ
၂ဝဝ၁ ခုနှစ်မှာ ဂျူဗင်တပ်အသင်းဟာ ဇီဒန်းကို ရီးယဲလ်ဆီသို့ အဲဒီအချိန်က ကမ္ဘာ့စံ ချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောင်းချခဲ့ပြီး ၁၅နှစ်အကြာမှာ ပေါ့ဘာကြောင့် နောက်ထပ် ကမ္ဘာ့စံချိန်တင်ငွေကြေးထပ်ရမယ့် အလားအလာတွေ့နေရပါတယ်။ ဇီဒန်းနဲ့ ပေါ့ဘာတို့မှာ တူညီတဲ့အချက်တွေရှိနေပြီး နှစ်ဦးစလုံးဟာ ပြင်သစ်လက်ရွေးစင် ကစားသမားတွေ ဖြစ်ကြသလို ကွင်းလယ်နေရာအတွက် ကစားကြရတာချင်းလည်း တူညီကြပါတယ်။ ဒါပေမယ့် ဇီဒန်းက ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်ပြီး ပေါ့ဘာကတော့ ကွင်းလယ်ခံစစ်နေရာမှာ ကစားရတာ ဖြစ်ပါတယ်။ ဇီဒန်းကို ဂျူဗီမှ ရောင်းချချိန်မှာ ဇီဒန်းရဲ့ အသက်ဟာ (၂၉)နှစ်ရှိ နေပြီဖြစ်ပေမယ့် ပေါ့ဘာက အခုမှ(၂၃)နှစ်သာ ရှိသေးတာကြောင့် ခြေစွမ်းတက်လာဖို့ အလားအလာ ရှိနေသေးသူပါ။ ဂျူဗီက ဇီဒန်းကို ရောင်းချရာက ရတဲ့ငွေနဲ့ နက်ဗက်၊ သူရမ်၊ ဘတ်ဖွန်တို့ သုံးဦးကို ပြန်ဝယ်ပြီး အသင်းကို ပြန်လည်တည်ဆောက်ကာ ချန်ပီယံလိဂ် ဖလား တောင်ရယူပြခဲ့ပါသေးတယ်။ ပေါ့ဘာကိုလည်း အချိန်တစ်ခုကျရင် ရောင်းချနိုင်ပေမယ့် ပေါ့ဘာထက်အရင်ထုတ်ရမယ့် ပိုလျှံကစားသမားတွေ ဂျူဗီမှာ ရှိနေပါတယ်။
ဘာကြောင့် ပေါ့ဘာကို မရောင်းတာလဲ
ဂျူဗီဟာ ဟီဂူအင်အတွက် ကုန်ကျစရိတ်ကို ကာမိစေဖို့ ပေါ့ဘာကို ထုတ်ရောင်းတော့မယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ဇာဇာ၊ ရောဘတ်တို ပါရဲရား၊ စတီဖာနို စတူရာရို နဲ့ ဟာနာနက်စ်တို့ လေးဦးကိုရောင်းချရင် ဟီဂူအင်အတွက် ကုန်ကျငွေ ပြန်ရမှာဖြစ်လို့ ပေါ့ဘာကို မရောင်းချတာ ဖြစ်ပါတယ်။ ဇာဇာဟာ ပင်နယ်တီဧရိယာအတွင်း အဆုံးသတ်ပိုင်း ကောင်းမွန်တဲ့ တိုက်စစ်မှူး ဖြစ်ပေမယ့် ဟီဂူအင်ကို ခေါ်ယူပြီးဖြစ်လို့ ဂျူဗီက သူ့ကို သေချာပေါက်ထုတ်ရောင်းမှာ ဖြစ်ပါတယ်။ ပါရဲရားက ဝက်ဖို့ဒ်နဲ့ ချိတ်ဆက်နေပြီး စတူရာရိုက ဆောက်သမ်တန်၊ ဟာနာ နက်စ်က ဘင်ဖီကာကို ပြောင်းဖို့နီးစပ်နေပါတယ်။
ပေါ့ဘာရဲ့ ဆန္ဒ
အီတလီကလာတဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ပေါ့ဘာက မန်ယူကို ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ပေမယ့် တကယ်တမ်းမှာ မန်ယူထက် ရီးယဲလ်မက်ဒရစ်ကိုသာ ပြောင်းရွှေ့ကစားချင်တာကြောင့် သူ့ရဲ့ မျှော်လင့်ချက်ကို ဆက်လက်ဆုပ်ကိုင်ဖို့အတွက် တိကျတဲ့ အဖြေမပေးသေးတာလို့ သိရပါတယ်။တစ်ဖက်မှာလည်း ပေါ့ဘာဟာ ဂျူဗင်တပ်ကို သံယောဇဉ်ရှိသလို သူ့ရဲ့ ခြေစွမ်းတိုးတက်လာ တာကလည်း ဂျူဗီရဲ့ မြေတောင်မြှောက်ပေးမှုကြောင့်လို့ ယုံကြည်တာကြောင့် လာလီဂါကို မပြောင်းရရင် ဂျူဗီမှာပဲ ဆက်နေဖို့သာ ဆန္ဒရှိသူ ဖြစ်ပါတယ်။ ဒါပေမယ့် ပေါ့ဘာရဲ့ ကိုယ်စားလှယ် ရွိုင်လိုရာကတော့ ပေါ့ဘာ မန်ယူကို ပြောင်းရင် သူ့အနေနဲ့ အကျိုးအမြတ်များစွာ ရမှာဖြစ်လို့ အသင်းပြောင်းဖို့သာ စည်းရုံးနေတာဖြစ်ပါတယ်။
ဂျူဗင်တပ်ရဲ့ အိပ်မက်
ဂျူဗင်တပ်ဟာ ၂ဝ၁၄-၁၅ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီးနောက်ပိုင်းမှာ ဥရောပ အောင်မြင်မှုကို ပြန်လည်ရှာဖွေဖို့ နိုးကြားလာခဲ့ပါတယ်။ ဒါကြောင့် အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ပီယာလို၊ တိဗက်ဇ်တို့ကို ရဲရဲရင့်ရင့်ထုတ်ရောင်းပြီး လူသစ်တွေနဲ့ အစားထိုးခဲ့ပါတယ်။ နောက် ဆက်တွဲ အကျိုးဆက်အဖြစ် ရာသီအစမှာ ရလဒ်ပိုင်း ယိမ်းယိုင်ခဲ့ပေမယ့် ရာသီနှောင်းပိုင်းမှာတော့ ချန်ပီယံခြေစွမ်းပြသ နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်ရင် ပေါ့ဘာကို မရောင်းချင်သလို ဟီဂူအင်နဲ့ အားထပ်ဖြည့်ပြီး ဥရောပစာမျက်နှာမှာ ပြန်လည်ထွန်း တောက်ဖို့ အဖြေရှာနေတာဖြစ်ပါတယ်။

No comments:

Post a Comment