Saturday, July 2, 2016

2.7.2016...ကြေးမုံ စာတည်းရှုထောင့်




ငွေကြေးခဝါချမှုနှင့် အချက်အလက်တို့၏စွမ်းပကား


နိုင်ငံတကာငွေကြေးသန့်ရှင်းမှုစောင့်ကြည့်ရေးအဖွဲ့ (Financial Action Task Force-FATF) က မြန်မာနိုင်ငံအား ငွေမည်းစီးဆင်းလည်ပတ်မှု အဆိုးရွားဆုံးနိုင်ငံများစာရင်းမှ ပယ်ဖျက်ပေးခဲ့ပြီးဖြစ်ပါသည်။ ငွေမည်းစီးဆင်း လည်ပတ်မှုအဆိုးရွားဆုံးနိုင်ငံများအား အနက်ရောင်အဆင့် သတ်မှတ်ထားပါသည်။ နိုင်ငံတကာ၌ အနက်ရောင်စာရင်းဝင်နိုင်ငံများအား နာမည်ပျက်စာရင်း ဝင်နိုင်ငံများဟု နားလည်ပါသည်။ မြန်မာနိုင်ငံသည် အနက်ရောင်စာရင်းမှ ပယ်ဖျက်ပေးပြီးဖြစ်သဖြင့် မီးခိုးရောင်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ပါသည်။ မီးခိုးရောင်အဆင့်သည် တရားစီရင်စစ်ဆေးမှုအပိုင်း၌ အားနည်းချက်ရှိသည်ကို ညွှန်းဆိုသော်လည်း ကမ္ဘာ့နိုင်ငံအတော်များများမှာ မီးခိုးရောင်အဆင့်၌ ရှိနေဆဲဖြစ်ပါသည်။ ဤသည်မှာ မြန်မာနိုင်ငံသည် နိုင်ငံတကာမြင်ကွင်း၌ပုံမှန်အနေအထားတစ်ရပ်ကို အတိုင်းအတာတစ်ခုအထိ ဆုပ်ကိုင်နိုင်ပြီဆိုခြင်းကို ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံအား အနက်ရောင်စာရင်းမှ ပယ်ဖျက်လိုက်သည့် စာရင်းနှင့်အတူ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ (Anti- Money Laundering Central Board-AMLCB) ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြေညာချက်အမှတ် (၂၇/၂ဝ၁၆) အရ ဖွဲ့စည်းခဲ့ပါသည်။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပါသည်။ ဤဗဟိုအဖွဲ့၌ အဖွဲ့ဝင်များအဖြစ် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သကဲ့သို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌလည်း ပါဝင်ပါသည်။ ပြည်ထောင်စုအစိုးရ၏ အဆိုပါဆောင်ရွက်ချက်သည် ငွေမည်းစီးဆင်းလည်ပတ်မှု၏ တခြားမျက်နှာစာဖြစ်သော ငွေကြေးခဝါချမှုကို တိုက်ဖျက်ရန် သန္နိဋ္ဌာန်ချမှတ်ထားကြောင်း ထပ်မံဖော်ပြလိုက်ခြင်းပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်း အနာဂတ် အလားအလာမှာ အားတက်စရာ အခြေအနေရှိသည်ဟု ပြောနိုင်ပါသည်။ သို့သော် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်း၏ အခြေအနေတစ်ရပ်လုံးအား ပြည့်ပြည့်စုံစုံ နားလည်သဘောပေါက်စေရန် အတိတ်ကာလ အခြေအနေများကိုလည်း သိရှိရန်လိုအပ်ပါသည်။ မှောင်ခို စီးပွားရေးဟုခေါ်သော တရားမဝင်စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ကျယ်ပြန်ခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှသည်ယနေ့အချိန်အထိ မြန်မာနိုင်ငံအတွင်း စီးဆင်းလည်ပတ်နေသော ငွေမည်းပမာဏကို ခန့်မှန်းတွက်ချက်ရန်ခက်ခဲသည်မှာ ထင်ရှားပါသည်။ Global Financial Integrity အဖွဲ့၏ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလကထုတ်ပြန်ခဲ့သော စာရင်းဇယားများအရ ၁၉၆ဝ ပြည့်နှစ်မှ ၂ဝ၁၃ ခုနှစ်အထိ မြန်မာနိုင်ငံတွင်းသို့ စီးဝင်ခဲ့သော ငွေမည်းပမာဏသည် အမေရိကန်ဒေါ်လာ ၇၇ ဒသမ ၇ ဘီလီယံရှိပြီး မြန်မာနိုင်ငံမှ ပြည်ပသို့ စီးထွက်ခဲ့သော ငွေမည်းပမာဏသည် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၇ ဘီလီယံရှိပါသည်။ အဆိုပါ ၁၉၆ဝ ပြည့်နှစ်မှ ၂ဝ၁၃ ခုနှစ်ထိ မြန်မာနိုင်ငံအတွင်း စီးဆင်းလည်ပတ်နေသော ငွေမည်းများကြောင့် နိုင်ငံတော်ကရသင့်ရထိုက်ပါလျက်ဆုံးရှုံးခဲ့ရသော အခွန်အကောက် ငွေပမာဏသည် ဤကာလ နိုင်ငံတော် ကျန်းမာရေးအသုံး စရိတ်၏ ၁၂၂ ရာခိုင်နှုန်းမှ ၁၇၂ ရာခိုင်နှုန်းအထိ ရှိနိုင်သည်ဟုဆိုပါသည်။ Global Financial Integrity အဖွဲ့၏ စာရင်းဇယားများမှန်ကန်သည်ဟု တစ်ထစ်ချမပြောနိုင်သော်လည်း ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ တရားမဝင် စီးပွားရေးကဏ္ဍသည် တရားဝင် တိုင်းပြည်ထုတ်ကုန်စုစုပေါင်းတန်ဖိုး (GDP) ၏ ထက်ဝက်ခန့်ရှိနိုင်သည်ဟု ခန့်မှန်းထား၍ Global Financial Integrity အဖွဲ့၏ စာရင်းဇယားများအပေါ် အလေးအနက်ထားသုံးသပ်သင့်ပါသည်။
စိတ်ဝင်စားစရာကောင်းသည်မှာ Global Financial Integrity အဖွဲ့၏လေ့လာသုံးသပ်မှုအရ မြန်မာနိုင်ငံအတွင်း စီးဝင်လည်ပတ်နေသော ငွေမည်းအများစုသည် တရားဝင်ပြေစာတန်ဖိုးကို မမှန်မကန်ဖော်ပြခြင်း အပေါ်ဗဟိုပြု၍ လည်ပတ်နေခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်းသို့စီးဝင် သောငွေမည်းပမာဏ၏ ၈၉ ဒသမ ၂ ရာခိုင်နှုန်းသည် တရားဝင်ပြေစာတန်ဖိုး မမှန်မကန်ဖော်ပြခြင်းအပေါ် အခြေခံသကဲ့သို့ မြန်မာနိုင်ငံမှပြင်ပသို့စီးထွက် သောငွေမည်းပမာဏ၏ ၅၉ ဒသမ ၆ ရာခိုင်နှုန်းသည်လည်း တရားဝင်ပြေစာတန်ဖိုး မမှန်မကန်ဖော်ပြခြင်းအပေါ် အခြေခံနေပါသည်။ ဤကိန်းဂဏန်းများအပေါ်စိစစ်လေ့လာသုံးသပ်ရန်လိုအပ်မည်ဖြစ်သော်လည်း Global Financial Integrity အဖွဲ့သည် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုတရားဝင်စာရင်း ဇယားများနှင့် မြန်မာနိုင်ငံ၏ကုန်သွယ်ဖက်နိုင်ငံများမှ ထုတ်ပြန်သော ကုန်သွယ်မှုတရားဝင်စာရင်းဇယားများအကြား ကွာဟချက်များအပေါ်မူတည် တွက်ချက်ခြင်းဖြစ်၍ ပကတိအခြေအနေအပေါ် အတိုင်းအတာတစ်ခုအထိ ထင်ဟပ်မှုရှိနိုင်ပါသည်။ ဤသို့သောအခြေအနေ၌ Global Financial Integrity အဖွဲ့က အဆိုပြုသကဲ့သို့ မြန်မာနိုင်ငံ၏ အကောက်ခွန်ဌာန၌ ကမ္ဘာ့ဈေးကွက်ပေါက်ဈေးအစုံအလင်အား အချိန်နှင့်တစ်ပြေးညီသိရှိနိုင်သော စနစ်တစ်ရပ်အကောင်အထည်ဖော်ရေးကို အလျင်အမြန်ဆောင်ရွက်ပါရန် အကြံပြုတိုက်တွန်းအပ်ပါသည်။ ။

No comments:

Post a Comment