Saturday, July 2, 2016

မစ္စယန်ဟီလီ ခရီးစဉ်နှင့်စပ်လျဉ်း၍ စာနယ်ဇင်း ရှင်းလင်းပွဲကျင်းပ




The Mirror Daily's photo.


ရန်ကုန် ဇူလိုင် ၁

မြန်မာနိုင်ငံသည် ဒီမိုကရေစီ လူ့ဘောင်ဆီသို့ ဦးတည်ရည်မှန်းကာ နိုင်ငံတော် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရ အဖွဲ့သစ်က ဦးဆောင်ကြိုးပမ်းနေခြင်းသည် သမိုင်းမှတ်တိုင်သစ် တစ်ရပ်ကို စိုက်ထူနိုင်ခြင်းပင်ဖြစ်ပါကြောင်း၊ သို့ရာတွင် လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများသည် အစိုးရ အဖွဲ့သစ်အတွက် စမ်းသပ်မှု ခံယူရ မည့်အနေအထားအဖြစ် တွေ့မြင်ရပါကြောင်း မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူမစ္စယန်ဟီလီ က ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် ရန်ကင်းခန်းမ၌ ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲ၌ ပြောကြားသည်။

မိမိသည် မြန်မာနိုင်ငံ၌ ဖြစ်ထွန်းပေါ်ပေါက်နေသော လူအခွင့်အရေး အခြေအနေအရပ်ရပ်နှင့် ပတ်သက်၍ မျှမျှတတ ဟန်ချက်ညီညီ လေ့လာဆန်းစစ်ကာ တင်ပြနိုင်ရန် ခရီးစဉ်အတွင်း ကြိုးပမ်းခဲ့ပါကြောင်း၊ လူအဖွဲ့အစည်းအတွင်း ပဋိပက္ခများ ချုပ်ငြိမ်းစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြဿနာမဖြစ်မီ ကြိုတင်တားဆီး ကာကွယ်ရေးမှာ အရေးကြီးပါကြောင်း၊ လူမျိုးရေးနှင့် ဘာသာရေးတို့အရ တစ်ဖက်နှင့် တစ်ဖက် အမုန်းမပွားစေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရာတွင် မီဒီယာများ၏အခန်းကဏ္ဍလိုအပ်ပြီး ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံတော်အစိုးရ အဖွဲ့သစ် က ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တို့ကို အားပေးမြှင့်တင်လျက်ရှိကာ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင် ရွက်နေချိန်တွင် လူအခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများသည် ရေရှည်အချိန် ယူကာ ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာများဖြစ်ကြောင်း။ ပဋိပက္ခ ဖြစ်ပွားလျက်ရှိသော နယ်မြေဒေသများ တည်ငြိမ်အေးချမ်း မှုရရှိလာပြီး စစ်ဘေးရှောင်ဒုက္ခသည်များဌာနေ ပြန်ခွင့်ရရှိရေး၊ နေရပ် ရှောင်ရွှေ့ ပြောင်းသွားလာသူများ (IDP)၏ စခန်းများတွင် ကလေးများ ပညာသင်ယူခွင့်ရရှိရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုလုပ်ငန်းများ မြှင့်တင်နိုင်ရေး စသည်တို့အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်ရာတွင် အခက် အခဲများရှိနေဦးမည်ဖြစ်သော်လည်း အားလုံးပူးပေါင်းဆောင်ရွက်မှုဖြင့် တိုးတက်လာမည် ဖြစ်ပါကြောင်း စသည်ဖြင့် မစ္စယန်ဟီလီက ရှင်းလင်းပြောကြားသည်။

ထိုနောက် မစ္စယန်ဟီလီသည် ညပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီသည် ၂ဝ၁၆ ခုနှစ် စက်တင်ဘာတွင် နယူးယောက်မြို့၌ ပြုလုပ်မည့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်သွင်းမည့်အစီရင်ခံစာ ပြုစုရန်အတွက် မြန်မာနိုင်ငံသို့ ဇွန် ၁၉ ရက် တွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

မစ္စယန်ဟီလီသည် မြန်မာနိုင်ငံသို့ လာရောက်သည့်ခရီးစဉ်အတွင်း ရန်ကုန်၊ နေပြည်တော်၊ စစ်တွေ၊ မြစ်ကြီးနားနှင့် လားရှိုးမြို့များသို့ သွားရောက်ခဲ့သည်။

မစ္စယန်ဟီလီသည် မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းရန် ၂ဝ၁၄ ခုနှစ် ဇွန်လက စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂ဝ၁၄ ခုနှစ် ဇူလိုင်လ၊ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလနှင့် သြဂုတ်လများအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ရာ ယခုခရီးစဉ်သည် ၎င်း၏ စတုတ္ထအကြိမ်မြောက် ခရီးစဉ်ဖြစ်သကဲ့သို့ အစိုးရသစ် စတင်တာဝန်ယူစဉ် ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်လည်း ဖြစ်သည်။
(သတင်းစဉ်)

No comments:

Post a Comment