Tuesday, June 28, 2016

ချန်ပီယံအသင်း ထွက်ပေါ်လာတော့မည့် ၂ဝ၁၆ MNL အမှတ်ပေးပြိုင်ပွဲ



The Mirror Daily's photo.


ရန်ကုန် ဇွန် ၂၇

၂ဝ၁၆ MNL အမှတ်ပေးပြိုင်ပွဲကို ဇန်နဝါရီလမှ သြဂုတ်လအထိ ရှစ်လကြာ ကျင်းပလျက်ရှိပြီး စနေ၊ တနင်္ဂနွေနေ့တို့တွင် ပွဲစဉ် (၁၅) ကျင်းပခဲ့ရာ ပြီးဆုံးရန် ခုနစ်ပွဲသာ လိုတော့သည်။ အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေသည့် ရတနာပုံအသင်းသည် ပုံမှန်နိုင်ပွဲများ ရယူနေရာ ပြိုင်ဘက်အသင်းများထက် ၁၆ မှတ်အသာရနေပြီး လက်ရှိ ခြေစွမ်းကို ဆက်ထိန်းနိုင်ပါက မကြာမီချန်ပီယံ အသင်းထွက်ပေါ်လာတော့မည်ဖြစ်သည်။

MNL အမှတ်ပေးပြိုင်ပွဲကို ၂ဝဝ၉ ခုနှစ်က စတင်ကျင်းပခဲ့ပြီး ယခုနှစ်မှာ ရှစ်ကြိမ်မြောက်ကျင်းပခြင်းဖြစ်သည်။ ပြီးခဲ့သည့် ခုနစ်ကြိမ်တွင် ရန်ကုန် အသင်းက လေးကြိမ်၊ ရတနာပုံအသင်းက သုံးကြိမ် ချန်ပီယံဆုရရှိထားပြီး လက်ရှိအနေအထားအရ ချန်ပီယံဆုရရှိရန် ရတနာပုံအသင်းက အခြေအနေ ကောင်းနေရာ ချန်ပီယံပါရာဒိုင်းအပြောင်းအလဲဖြစ်လာဖွယ်မရှိဘဲ ချန်ပီယံ ဖြစ်ဖူးသည့်အသင်းများသာ ထပ်မံရယူနိုင်မည်ဖြစ်သည်။

ပွဲစဉ်(၁၅) အပြီးတွင် ရတနာပုံအသင်းက ၄၁ မှတ်ဖြင့် ဦးဆောင်နေပြီး မကွေး၊ ဟံသာဝတီနှင့် ဇေယျာရွှေမြေအသင်းတို့က ၂၅ မှတ်စီ၊ ရန်ကုန်နှင့် ဧရာဝတီအသင်းတို့က ၂၃မှတ်စီ၊ ရှမ်းယူနိုက်တက်နှင့် ဇွဲကပင်အသင်းတို့က ၂၁ မှတ်စီ ရရှိထားသည်။ ခုနစ်ပွဲကစားရန် ကျန်ရှိတော့သည့်အချိန်တွင် ယင်း အသင်းများအားလုံးမှာ သင်္ချာနည်းအရ ချန်ပီယံဖြစ်ခွင့်ရှိသေးသော်လည်း ဒုတိယနေရာ၌ရှိနေသည့် မကွေးအသင်းနှင့် ထိပ်ဆုံးမှ ရတနာပုံအသင်းတို့၏ အမှတ်ကွာဟမှုမှာ ၁၆ မှတ်အထိရှိနေရာ လိုက်မီရန် မလွယ်ကူတော့သည့် အခြေအနေဖြစ်နေသည်။ ရတနာပုံအသင်းသည် ယခုရာသီတွင် ပြိုင်ပွဲဝင် အသင်းများအနက် ခြေစွမ်းအတည်ငြိမ်ဆုံးဖြစ်နေပြီး ၁၅ ပွဲ ကစားအပြီးတွင် ရှုံးပွဲမရှိသေးဘဲ ၁၃ ပွဲနိုင်၊ နှစ်ပွဲ သရေကျထားသည်။ အခြားအသင်းများ ခြေစွမ်းနှင့်ရလဒ်ပိုင်း မတည် ငြိမ်နေချိန်တွင် ရတနာပုံအသင်းသည် အမှားအယွင်းမရှိဘဲ ခြေစွမ်းပိုင်း တည်ငြိမ်ခဲ့သောကြောင့် အမှတ်ပြတ်သွားခြင်းဖြစ်သည်။ နည်းပြအပြောင်းအလဲရှိခဲ့သည့် လက်ရှိချိန်ပီယံ ရန်ကုန်အသင်းသည် အသင်းကြီးများနှင့် တွေ့ဆုံရာတွင် ရမှတ်များဆုံးရှုံးခဲ့သလို ပထမအကျော့က အနီးကပ်လိုက်လံ ဖိအားပေးနိုင်ခဲ့သည်။ ဟံသာဝတီအသင်းမှာ ရတနာပုံနှင့် ထိပ်တိုက်တွေ့ဆုံမှု တွင် ရှုံးနိမ့်ပြီးကတည်းက ရလဒ်များ ဆက်တိုက်ဆိုးရွားခဲ့သောကြောင့် ရတနာပုံအသင်းက လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်ခွင့်ရသွားခြင်းဖြစ်သည်။

ရတနာပုံအသင်းသည် ချန်ပီယံဖြစ်ရန် ခြောက်မှတ်သာ လိုတော့ရာ ဇူလိုင်လအတွင်း ချန်ပီယံဖြစ်လာဖွယ်ရှိနေသည်။ ရတနာပုံအသင်းသည် လာမည့်တစ်ပတ်တွင် Southern အသင်းနှင့်တွေ့ဆုံနေပြီး ယင်းပွဲတွင်သာ အနိုင်ရခဲ့ပါက ချန်ပီယံဖြစ်ရန် သေချာသလောက်ရှိသွားမည်ဖြစ်သည်။ MNL အမှတ်ပေးချန်ပီယံဆုကို ရန်ကုန်အသင်းက ၂ဝ၁၁၊ ၂ဝ၁၂၊ ၂ဝ၁၃၊ ၂ဝ၁၅ ခုနှစ်တို့တွင် လေးကြိမ်၊ ရတနာပုံအသင်းက ၂ဝဝ၉၊ ၂ဝ၁ဝ၊ ၂ဝ၁၄ ခုနှစ်တို့တွင် သုံးကြိမ်ရယူထားရာ ရတနာပုံအသင်းအနေဖြင့် ယခုရာသီတွင် ဗိုလ်စွဲခဲ့ပါက ရန်ကုန်၏ အအောင်မြင်ဆုံးစံချိန်နှင့်တူညီတော့မည်ဖြစ်သည်။
သတင်းနှင့်ဓာတ်ပုံ-ရှိုင်းထက်ဇော်

No comments:

Post a Comment