Tuesday, June 28, 2016

ချီလီအသင်း ကိုပါအမေရိကဖလား နှစ်နှစ်ဆက်တိုက်ဆွတ်ခူး




The Mirror Daily's photo.


ကိုပါအမေရိကဖလားပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲ ကို ဇွန် ၂၇ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ချီလီအသင်းက အာဂျင်တီးနားအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိကာ ကိုပါအမေရိက ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။

ချီလီအသင်းသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂ဝ၁၅ ကိုပါအမေရိကဖလားပြိုင်ပွဲတွင်လည်း နောက်ဆုံးဗိုလ်လုပွဲတွင် အာဂျင်တီးနား အသင်းကို အနိုင်ရရှိခဲ့ခြင်းကြောင့် ယခုတစ်ကြိမ်သည် ချီလီအသင်းအတွက် ကိုပါအမေရိကဖလားကို နှစ်နှစ်ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ချီလီအသင်းနှင့် အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂ဝ၁၆ ကိုပါအမေရိကဖလား ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ချီလီအသင်းရောအာဂျင်တီးနားအသင်းပါ ပထမပိုင်းတွင် ကစားသမားတစ်ဦးစီ ထုတ်ပယ် ခံခဲ့ရပြီး သာမန်ပွဲကစားချိန်နှင့် အချိန်ပိုမိနစ် ၃ဝ တို့တွင် ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့ခြင်းကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာတွင် ချီလီအသင်း က အာဂျင်တီးနားအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာတွင် ချီလီအသင်းအတွက် ပထမဆုံး သွင်းယူခွင့်ရရှိခဲ့သည့် ဗီဒယ်၏ ပင်နယ်တီသွင်းဂိုးကို အာဂျင်တီးနား ဂိုးသမားရိုမီယိုက ပုတ်ထုတ်ကာကွယ်ခဲ့ပြီး အာဂျင်တီးနားအသင်းအတွက် ပထမဆုံး သွင်းယူခွင့်ရရှိခဲ့သည့် တိုက်စစ်မှူး မက်ဆီသည်လည်း ဂိုးပေါက်နှင့် လွဲချော်ခဲ့ရသည်။

သို့ရာတွင် ချီလီအသင်းသည် ကတ်စတယ်လို၊ အာရန်ဂစ်ဇ်၊ ဘော်ဆီဂျား၊ ဆေးလ်ဗားတို့၏ သွင်းဂိုး လေးဂိုးစလုံး ဂိုးရရှိခဲ့ပြီး အာဂျင်တီးနားကစားသမား ဘစ်ဂလီယာ၏ သွင်းဂိုးကို ချီလီဂိုးသမား ဘရာဗိုက ပုတ်ထုတ် ကာကွယ်နိုင်ခဲ့သဖြင့် အာဂျင်တီးနားအသင်းမှာ နှစ်ဂိုးသာရရှိခဲ့ခြင်းကြောင့် ချီလီအသင်းက လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိကာ ဆုဖလားကိုဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

အာဂျင်တီးနားအသင်းသည် ချီလီအသင်းနှင့် ကိုပါအမေရိကဖလား နောက်ဆုံးဗိုလ်လုပွဲ နှစ်နှစ်ဆက်တိုက် ထိပ်တိုက်တွေ့ဆုံခဲ့ရာတွင် နှစ်နှစ်စလုံး ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်အပြင် ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင်လည်း ဂျာမနီအသင်းကို ရှုံးနိမ့်ခဲ့ရခြင်းကြောင့် အာဂျင် တီးနားအသင်းအတွက် အဓိကပြိုင်ပွဲ သုံးရပ်တွင် သုံးနှစ်ဆက်တိုက်ရှုံးနိမ့်ခဲ့သည့် မှတ်တမ်းလည်း ဝင်သွားခဲ့သည်။

၂ဝ၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲအပြီးတွင် အလက်ဇစ်ဆန်းချက်ဇ် သည် ကိုပါအမေရိကပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုကိုလည်းကောင်း၊ ဗာဂတ်စ်သည် သွင်းဂိုးခြောက်ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် ဂိုးသွင်းအများဆုံး ဆုဖြစ်သည့် ရွှေဘောလုံးဆုကိုလည်းကောင်း၊ ဂိုးသမားဘရာဗိုသည် ရွှေလက် အိတ်ဆုကိုလည်းကောင်း အသီးသီးဆွတ်ခူးနိုင်ခဲ့ကြသည်။
(ငွေကြယ်)

No comments:

Post a Comment