Wednesday, June 29, 2016

မွန်နှင့် ကရင်ပြည်နယ်တို့တွင် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S) ဖွဲ့စည်းမည်


 
 
 
ရန်ကုန် ဇွန် ၂၈

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S) ကို ဇွန် ၂၉ ရက်နှင့် ၃ဝ ရက် တို့တွင် သွားရောက်ဖွဲ့စည်းမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) ၏ ဆဋ္ဌမအကြိမ် အစည်းအဝေး မှ သိရသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ ဆဋ္ဌမအကြိမ် ဒုတိယနေ့အစည်းအဝေးကို ယနေ့ နံနက်ပိုင်း က ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို ဌာန(NRPC) ရန်ကုန်ရုံးခွဲတွင် ဆက်လက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U)၏ ဒုတိယဥက္ကဋ္ဌ-၂ ဦးကိုကိုကြီးက ''မနက်ဖြန်ခရီးထွက်မယ်။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ဆက်ပြီးတော့JMC-S ဖွဲ့မယ်။ ဒါက ပြည်နယ် အဆင့် ဖွဲ့စည်းမှုနဲ့ပတ်သက်တဲ့အပိုင်းပါ။ ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးက တော့JMC-S ဖွဲ့ပြီးသားပါ။ Local အဆင့်လို့ ပြောတဲ့ ဒေသဆိုင်ရာအဆင့်(JMC-L) ဖွဲ့စည်းမှုကတော့ ကျွန်တော်တို့ ပဋိပက္ခပမာဏအရ လိုအပ်တဲ့အပေါ် မူတည်ပြီးတော့ ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်ရက်တာဆွေးနွေးပွဲက လက်ရှိနိုင်ငံရေး အပြောင်းအလဲ၊ အထူးသဖြင့် အစိုးရအပြောင်းအလဲနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ သက်ရောက်မှုတွေကို ဆွေးနွေးကြတယ်။

ဘဏ္ဍာရေး၊ ငွေရေးကြေးရေးဆိုင်ရာ အ$ကျပ်အတည်းနဲ့JMC ဆက်လက်လည်ပတ်ဖို့ ကိစ္စတွေ ဆွေးနွေးကြပါတယ်။ နောက်JMC-Sတိုင်းဒေသကြီး/ပြည်နယ်အဆင့်တွေ ဖွဲ့စည်းဖို့ဆွေးနွေးကြတာ ပါ'' ဟု ပြောသည်။

ပြည်နယ်အဆင့်JMC-S ဖွဲ့စည်းရာတွင် ဖွဲ့စည်းပုံအရ အစိုးရဘက်မှ ငါးဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်မှ ငါးဦး၊ အရပ်ဘက်အဖွဲ့အစည်းများမှ လေးဦး စုစုပေါင်း ၁၄ ဦးဖြင့် ဖွဲ့စည်းရခြင်းဖြစ်သော်လည်း ကရင်ပြည်နယ်တွင်ဖွဲ့စည်း မည့်JMC-S ကိုမူ အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များဘက်မှ တစ်ဦးစီတိုး၍ ၁၆ ဦး အထိ ဖွဲ့စည်းသွားမည်ဖြစ်သည်။

''ကရင်ပြည်နယ်မှာကNCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းအရေအတွက် များတယ်။ ဒီတော့ သူတို့ ဘက်မှာတော့JMC-S ဖွဲ့ရင် မတူတဲ့အချက်က ၁၄ ယောက် မဟုတ်ဘဲ ၁၆ ယောက်နဲ့ ဖွဲ့မယ်။ တိုင်းရင်းသားလက်နက်ကိုင်ဘက်က တစ်ယောက် တိုးမယ်။ အစိုးရဘက်က တစ်ယောက်တိုးမယ်။ ပြည်ထောင်စုအဆင့်JMC-Uမှာ အပြန်အလှန် ဆွေးနွေးမှုတွေလုပ်ပြီး တကယ့်လက်တွေ့ ဆောင်ရွက်ရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ပဋိပက္ခကိစ္စနဲ့ ပတ်သက်ပြီးဖြေရှင်းတာတွေက အောက်ခြေမှာ ပိုပြီး လုပ်ဆောင်ရပါတယ်။ ဒီတော့ ကျွန်တော်တို့JMC ရုံးတွေ မြန်မြန်ဖွင့်နိုင်လေလေ။ မြန်မြန်ဆောင်ရွက်နိုင် ညှိနှိုင်းနိုင်လေ အချင်းချင်းတွေဆုံမှုတွေ ပိုမိုဆောင်ရွက်နိုင် လေဖြစ်မှာပါ'' ဟုJMC-U ၏ အတွင်းရေးမှူး(၁)ဖြစ်သူ ဒေါက်တာ ရွှေခါးရ်က ပြောသည်။

ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-S) အား ဇွန် ၂၉ ရက်တွင် ကရင်ပြည်နယ် ဘားအံ၌ ဖွဲ့စည်းမည် ဖြစ်ပြီး ဇွန် ၃ဝ ရက်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC ) အတွက် လိုအပ်သည့် သုံးနှစ်စာ ဘတ်ဂျက်နှင့် လိုအပ်သည့် ငွေကြေးကိစ္စများကို UNက ရယူရန် ဆုံးဖြတ်ထားပြီး အလုပ်အဖွဲ့၊ ဝန်ထမ်းများခန့်ထားရန် လစာကိစ္စ စသည့်အချက်များ၊ မြေမြှုပ်မိုင်းကိစ္စနှင့်ပတ်သက်သည့် အချက်များကိုမူ သတ္တမ အကြိမ်မြောက်JMC-Uအစည်းအဝေးတွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာမင်းဇော်ဦးက ''ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) လုပ်ငန်းစဉ်ကတော့ လက်မှတ် မထိုးတဲ့ အဖွဲ့တွေ ပါလာလို့ရအောင် လမ်းဖွင့်ထားတယ်။ ဥပမာKIA သာ ပါလာပြီ ဆိုရင် ကချင်မှာ ကျွန်တော်တို့ရဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကရှိမှာပဲ။ ဆိုလို တာက လက်မှတ်မထိုးတဲ့အဖွဲ့တွေ လက်မှတ်ထိုးတဲ့အထဲ ပါလာပြီဆိုတာနဲ့ သူတို့ ရှိနေတဲ့ နေရာတွေမှာ ကျွန်တော်တို့က လုပ်ငန်းစဉ်တွေကို တိုးချဲ့သွားရမှာပါ။ ဒါကြောင့် ကျွန်တော်တို့က ဘတ်ဂျက်ကိုတွက်တဲ့အခါမှာတောင် လက်ရှိဘတ်ဂျက်က ဘယ်လောက်၊ ကျန်အဖွဲ့တွေပါလာရင် ဘတ်ဂျက်ဘယ်လောက်ဖြစ်နိုင်တယ်ဆိုပြီး ကျွန်တော်တို့ ကြိုပြီးတွက်ထားရပါတယ်''ဟု ပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို လိုက်နာနိုင်ရေး အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အား ဖွဲ့စည်းထားခြင်းဖြစ်သည်။
သတင်း - ရဲခေါင်ညွန့်၊ ဓာတ်ပုံ - ဖိုးထောင်





No comments:

Post a Comment