Wednesday, June 29, 2016

ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့်၌ မကွေး-ချင်း၊ ရတနာပုံ-Horizon တွေ့ဆုံ




The Mirror Daily's photo.


ရန်ကုန် ဇွန်၂၈

၂ဝ၁၆ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့် (တတိယနေ့)ပွဲစဉ်များကို ဇွန် ၂၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး MNL ကလပ်အသင်းများ ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။

ဒုတိယအဆင့်(တတိယနေ့) ပွဲစဉ်အဖြစ် သုဝဏ္ဏကွင်း၌ Horizon အသင်းနှင့် ရတနာပုံအသင်း၊ အောင်ဆန်းကွင်း၌ မကွေးအသင်းနှင့် ချင်း ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ရတနာပုံအသင်းနှင့် မကွေးအသင်းတို့သည် လက်ရှိ MNL ပြိုင်ပွဲတွင် ရလဒ်ကောင်းများရယူကာ အဆင့် (၁)နှင့်(၂) နေရာတို့တွင် ရပ်တည်နေသည့် အသင်းများဖြစ်သောကြောင့် ရှုံးထွက်ပြိုင်ပွဲတွင်ပါ ရလဒ်ကောင်းများ ထပ်မံရယူနိုင်ခြင်းရှိ၊ မရှိစောင့်ကြည့် ရမည်ဖြစ်သည်။ ယခုတွေ့ဆုံနေသော အသင်းများသည် ဇွန်လတတိယပတ်က MNL ပြိုင်ပွဲတွင်တွေ့ဆုံခဲ့ဖူးပြီး ရတနာပုံအသင်းက Horizon အသင်းကို သုံးဂိုး-တစ်ဂိုး၊ မကွေးအသင်းက ချင်းယူနိုက်တက်အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ သို့သော် ယခုပြိုင်ပွဲသည် ရှုံးထွက်ပြိုင်ပွဲဖြစ်သောကြောင့် မထင်မှတ်သည့် ရလဒ်များထွက်ပေါ်လေ့ရှိရာအနိုင်၊ အရှုံးရလဒ်ကို ကြိုတင်ခန့်မှန်းရန် မလွယ်ကူပေ။ ပြီးခဲ့သည့်တစ်ပတ်က ကျင်းပခဲ့သည့် ပွဲစဉ်များတွင် MNL ထိပ်သီး ကလပ် ဇေယျာရွှေမြေအသင်းသည် ပထမတန်းကလပ်မြဝတီအသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်သောကြောင့် အသင်းကြီးများပေါ့ဆ၍ မရသည့်ပြိုင်ပွဲ ဖြစ်သည်။

ရတနာပုံအသင်းသည် ယခုရာသီတွင် ဖလားနှစ်လုံးလမ်းကြောင်းပေါ်၌ ရပ်တည်နေပြီး အမှတ်ပေးပြိုင်ပွဲတွင် ဗိုလ်စွဲရန် အနီးစပ်ဆုံးအနေအထားသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ရှုံးထွက် ပြိုင်ပွဲကိုလည်း အာရုံစိုက်ဖွယ် ရှိနေသည်။ Horizon အသင်းသည် အမှတ်ပေးပြိုင်ပွဲတွင် ဇယားအောက်ဆုံးသို့ ရောက်ရှိနေသောကြောင့် ရှုံးထွက်ပြိုင်ပွဲတွင် ရလဒ်ကောင်းတစ်ခု ရယူနိုင်ရန် ကြိုးပမ်းဖွယ်ရှိနေသည်။ မကွေးအသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ပွဲမှာ အကြိတ်အနယ်ရှိလာနိုင်ပြီး နှစ်သင်းစလုံးအခွင့်အရေးကိုယ်စီရှိနေသည်။ ပွဲစဉ်များကို ညနေ ၄ နာရီတွင် စတင်ကျင်းပမည်ဖြစ်သည်။
(ရှိုင်းထက်ဇော်)

No comments:

Post a Comment