Wednesday, June 29, 2016

ဗန်ကောက်(ဒွန်မောင်း) - ရန်ကုန် ခရီးစဉ်သစ် ဇူလိုင်လတွင် စတင်ပျံသန်းမည်



The Mirror Daily's photo.
ရန်ကုန် ဇွန် ၂၈

မြန်မာ-ထိုင်း နှစ်နိုင်ငံတို့မှ နေ့စဉ်နှင့်အမျှ ခရီးသွားများပြားလာမှုအပေါ်အခြေခံကာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့အခြေစိုက် Thai Lion Air လေကြောင်းလိုင်းမှ ဗန်ကောက်(ဒွန်မောင်း)- ရန်ကုန်ခရီးစဉ်သစ်ကို နေ့စဉ်တစ်ရက် နှစ်ကြိမ်နှုန်းဖြင့် ဇူလိုင်လတွင် စတင်ပျံသန်းတော့မည်ဖြစ်သည်။

ဗန်ကောက်မြို့အခြေစိုက် Thai Lion Air လေကြောင်း လိုင်း၏ မန်နေဂျင်းဒါရိုက်တာ လေယာဉ်မှူးကြီး ကပ္ပတိန် Darsito Hendroseputor က ''ကျွန်တော်တို့ရဲ့ လေကြောင်း ပျံသန်းခြင်းလုပ်ငန်းဟာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အဓိကကျတဲ့ကဏ္ဍတစ်ခုပါ။ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ဟာလည်း ကာလရှည်လျားတဲ့ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသလို ၁၆ဝ၉ ကီလိုမီတာရှည်တဲ့ နယ်နိမိတ်ချင်းထိစပ်လျက်ရှိနေပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေလည်းဖြစ်ကြပြီး ဖွံ့ဖြိုးဆဲ ဖွံ့ဖြိုးလာ ပြီဖြစ်တဲ့ မြန်မာပြည်အတွက် လေကြောင်းခရီးသွားလုပ်ငန်းတွေဟာ နိုင်ငံဖွံ့ဖြိုးမှု၊ ပြည်ပဝင်ငွေရရှိမှုအပြင် အခြားဖွံ့ဖြိုးမှုတွေ ကိုပါ ပိုမိုကြီးထွားလာစေမှာဖြစ်ပါတယ်''ဟုပြောသည်။

ဗန်ကောက်မြို့အခြေစိုက် Thai Lion Air လေကြောင်း လိုင်းအနေဖြင့် ဇူလိုင် ၂၂ ရက်မှ စတင်ကာ ထိုင်းနိုင်ငံ ဒွန်မောင်းမှ ရန်ကုန်သို့ စတင်ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး ရန်ကုန်မှ ဒွန်မောင်းခရီးစဉ်ကိုလည်း တစ်ရက်လျှင်အသွား/အပြန် နှစ်ကြိမ်ပျံသန်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရကာပျမ်းမျှ အားဖြင့် ခရီးသည် ၈၅ ရာခိုင်နှုန်း ရရှိရန်မျှော်မှန်းထားကြောင်းသိရသည်။ ခရီးသည်များအတွက် အခမဲ့ထိုင်ခုံနေရာရွေးချယ်ခွင့်များ ရရှိမည့်အပြင် ကီလို ၃ဝ အလေးချိန်ထိ တန်ဆာအခမဲ့နှင့် ၁၅ ကီလိုအထိ အားကစားပစ္စည်းအခမဲ့အပြင်လိုက်ပါ စီးနင်းသူများအား လေယာဉ်ပေါ်တွင် အခြားဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Thai Lion Air လေကြောင်းလိုင်းသည် ထိုင်းနိုင်ငံတွင် ၂ဝ၁၃ ခုနှစ်မှ စတင်ပြေးဆွဲခဲ့ ပြီး ပြည်တွင်းလေကြောင်းခရီးစဉ် ၁ဝ ခုနှင့် နိုင်ငံ တကာလေကြောင်းခရီးစဉ်အဖြစ် စင်ကာပူ၊ ဂျကာတာနှင့် တရုတ်နိုင်ငံတို့အား ပျံသန်းပြေးဆွဲခဲ့ ကာ ယခုအခါတွင် မြန်မာနိုင်ငံသို့ တိုးချဲ့ပျံသန်း မည်ဖြစ်သည်။ Boeing 737-800 သည် ထိုင်ခုံ ၁၈၉ ခုံ ပါရှိပြီး Boeing 737 -900 ER သည်ထိုင်ခုံ ၂၁၅ ခုံ လိုက်ပါစီးနင်းနိုင်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ (ဒွန်မောင်း)မှ ဒေသစံတော် ချိန်နံနက် ၉ နာရီ ၅ မိနစ်နှင့် ညနေ ၆ နာရီ ၁၅ မိနစ်တွင် စတင်ပျံသန်းပြီး ရန်ကုန်သို့ နံနက် ၁ဝ နာရီ နှင့် ည ၇ နာရီ ၅ မိနစ်တွင် ရောက်ရှိ မည်ဖြစ်သည်။ ထပ်မံ၍ ရန်ကုန်မှ နံနက် ၁၁ နာရီ နှင့် ည ၈ နာရီ ၅ မိနစ်တွင် စတင်ပျံသန်းပြီး ထိုင်းနိုင်ငံ(ဒွန်မောင်း)သို့ ဒေသစံတော်ချိန်မွန်းလွဲ ၁ နာရီနှင့် ည ၉ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။

ခရီးသွားများလေယာဉ်လက်မှတ်ကြိုတင်မှာယူလိုပါက www.lionairthai.com နှင့် ပြည်တွင်း လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်များ (သို့) ဗန်ကောက်ရှိ Thai Lion Air Call center ၏ ဖုန်းနံပါတ်ဖြစ်သော +66 25299999 နှင့် +66 25299999 သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
(စိုးဝင်း-MLA)

No comments:

Post a Comment