Wednesday, June 29, 2016

အင်္ဂလန်နည်းပြအဖြစ်မှ ရွိုင်းဟော့ဂ်ဆန် နုတ်ထွက်သွားခဲ့ပြီးနောက် နည်းပြသစ်အဖြစ် အသက်(၂၁)နှစ်အောက်နည်းပြဆော့ဂိတ် ရေပန်းစားနေ




The Mirror Daily's photo.


ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ယူရို ၂ဝ၁၆ ပြိုင်ပွဲ၏ ၁၆ သင်းရှုံးထွက်ပွဲစဉ်အဖြစ် အင်္ဂလန်အသင်းနှင့် အိုက်စလန် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အင်္ဂလန်အသင်းသည် အိုက်စလန်အသင်းအား နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီးနောက် အင်္ဂလန်အသင်း နည်းပြအဖြစ်မှ ရွိုင်းဟော့ဂ်ဆန် နုတ်ထွက်သွားခဲ့ပြီဖြစ်သည်။

အသက်(၆၈)နှစ်အရွယ်ရှိ နည်းပြ ရွိုင်းဟော့ဂ်ဆန်သည် နည်းပြကာပယ်လို၏ နေရာတွင် အစားထိုးနည်းပြအဖြစ်ခန့်အပ် ခဲ့ခြင်းဖြစ်ပြီး လေးနှစ်သက်တမ်းရှိ စာချုပ် တစ်ရပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ နည်းပြရွိုင်း ဟော့ဂ်ဆန်သည် အင်္ဂလန်အသင်းအား ၅၆ ပွဲ ကိုင်တွယ်ခဲ့ရာတွင် ၃၃ ပွဲအထိ အနိုင် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ တစ်ဦးဖြစ်သည်။

အင်္ဂလန်အသင်း ယူရိုပြိုင်ပွဲတွင် အနိမ့်ဆုံး ကွာတားဖိုင်နယ် တက်လှမ်းနိုင်ခဲ့မည် ဆိုပါက နည်းပြရွိုင်းဟော့ဂ်ဆန် အင်္ဂလန် အသင်းနည်းပြအဖြစ် ဆက်ရှိနေလိမ့်မည်ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရက် ဒိုက်ခ်က ပြောကြားခဲ့ပြီး လက်ရှိတွင် အိုက်စလန်အသင်းကို ရှုံးနိမ့်ခဲ့ရခြင်းကြောင့် နည်းပြအဖြစ်မှ နုတ်ထွက်ရန်ဆုံးဖြတ်ခဲ့သည် ဟု ဂရက်ဒိုက်ခ်က မှတ်ချက်ပြုခဲ့သည်။

အင်္ဂလန်အသင်းသည် ယူရို ၂ဝ၁၆ ခြေစစ်ပွဲများကစားစဉ်က အသင်း၏ ရလဒ်ပိုင်းသည် ရာနှုန်းပြည့်ကောင်းမွန်ခဲ့ သော်လည်း အုပ်စုပွဲစဉ်များယှဉ်ပြိုင်ကစား ခဲ့စဉ်တွင် ရုရှားအသင်းနှင့် တစ်ဖက် တစ်ဂိုးစီသရေပွဲ၊ ဝေလအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စု(B)၏ အုပ်စု အဆင့်နောက်ဆုံးပွဲစဉ်ဖြစ်သည့် ဆလိုဗက် ကီးယားအသင်းနှင့် ပွဲစဉ်တွင် ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် အုပ်စု ဒုတိယနေရာဖြင့်သာ ၁၆ သင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

သို့ရာတွင် အင်္ဂလန်အသင်းနည်းပြ ရွိုင်းဟော့ဂ်ဆန်သည် ဆလိုဗက်ကီးယား အသင်းနှင့်ပွဲစဉ်တွင် ဝေလအသင်းအား အနိုင်ရရှိခဲ့စဉ်က ပွဲထွက်ခဲ့သည့် ကစားသမား ၁၁ ဦးကို ခြောက်ဦးအထိအပြောင်းအလဲလုပ်ခဲ့ ခြင်းကြောင့် ဝေဖန်မှုများခံခဲ့ရသည်။

အင်္ဂလန်အသင်းသည် နည်းပြ ရွိုင်းဟော့ဂ်ဆန်၏လက်ထက် ယူရို ၂ဝ၁၂ ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့သော်လည်း ကွာတားဖိုင်နယ်တွင် အီတလီအသင်းကို ပင်နယ်တီ အဆုံး အဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ထို့ပြင် ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အုပ်စုအဆင့်တွင် နိုင်ပွဲတစ်ပွဲမှမရရှိခဲ့ဘဲ ပြိုင်ပွဲမှထွက်ခဲ့ရသည်။

လက်ရှိ ပြင်သစ်မြေတွင်ကစားနေသည့် ယူရို ၂ဝ၁၆ ပြိုင်ပွဲတွင် ၁၆ သင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သော်လည်း အိုက်စလန် အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ထို့ကြောင့် နည်းပြရွိုင်းဟော့ဂ်ဆန်မှာ နည်းပြ အဖြစ်မှ နုတ်ထွက်သွားခဲ့ပြီး နည်းပြ ရွိုင်းဟော့ဂ်ဆန်နှင့်အတူ လက်ထောက်နည်းပြ များဖြစ်ကြသည့် ရေးလီဝန်တန်နှင့် ဂယ်ရီ နဗီးလ်တို့သည်လည်း လက်ထောက်နည်းပြများအဖြစ်မှ နုတ်ထွက်လိမ့်မည်ဖြစ်ကြောင်း သိရသည်။

အင်္ဂလန်အသင်း နည်းပြများအဖြစ် တာဝန်ယူခဲ့သည့် နည်းပြများအနက် ကာပယ်လိုသည် ၄၂ ပွဲတာဝန်ယူ ကိုင်တွယ်ခဲ့ရာတွင် ၂၈ ပွဲနိုင်ပွဲရရှိခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း ၆၆ ဒသမ ၇ ရာခိုင်နှုန်း၊ ရမ်ဆေးသည် ၁၁၃ ပွဲ တာဝန်ယူကိုင်တွယ်ခဲ့ရာတွင် ၆၉ ပွဲနိုင်ပွဲ ရရှိခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း ၆၁ ဒသမ ၁ ရာခိုင်နှုန်း၊ ဟော့ဒယ်သည် ၂၈ ပွဲ တာဝန်ယူကိုင်တွယ်ခဲ့ရာတွင် ၁၇ ပွဲနိုင်ပွဲ ရရှိခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း ၆ဝ ဒသမ ၇ ရာခိုင်နှုန်း၊ ဂရင်းဝုဒ်သည် ၅၅ ပွဲတာဝန် ယူကိုင်တွယ်ခဲ့ရာတွင် ၃၃ ပွဲနိုင်ပွဲရရှိခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း ၆ဝ၊ ဗန်ဂိုရန် အဲရစ်ဆင်သည် ၆၇ ပွဲ တာဝန်ယူကိုင်တွယ် ခဲ့ရာတွင် ပွဲ ၄ဝ နိုင်ပွဲရရှိခဲ့ပြီး အောင်မြင်မှု ရာခိုင်နှုန်း ၅၉ ဒသမ ၇ ရာခိုင်နှုန်း၊ ရွိုင်းဟော့ဂ်ဆန်သည် ၅၆ ပွဲတာဝန်ယူ ကိုင်တွယ်ခဲ့ရာတွင် ၃၃ ပွဲ နိုင်ပွဲရရှိခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း ၅၈ ဒသမ ၉ ရာခိုင်နှုန်း စသည်ဖြင့် အောင်မြင်မှုအသီးသီးရယူနိုင်ခဲ့သည်။

လက်ရှိတွင် နည်းပြရွိုင်းဟော့ဂ်ဆန် နုတ်ထွက်သွားခဲ့ပြီးနောက် အင်္ဂလန် အသက်(၂၁)နှစ်အောက် အသင်းနည်းပြ ဆော့ဂိတ်သည် အင်္ဂလန်လက်ရွေးစင် နည်းပြဖြစ်လာရန် ရေပန်းစားလျက်ရှိပြီး ဂယ်ရီနဗီးလ်၊ ခရစ္စတယ်ပဲလေ့နည်းပြ အလန်ပါဂျူး၊ ဆဲလ်တစ်နည်းပြ ဘရန်ဒန်ရော့ဂျာ၊ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးနှင့် မန်ယူအသင်းနည်းပြ မော်ရင်ဟိုတို့ကိုလည်း ကမ်းလှမ်းထားကြောင်း သိရသည်။
(ငွေကြယ်)

No comments:

Post a Comment