Wednesday, June 1, 2016

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၁၄ဝ)ရပ်ကွက်အုပ်ချုပ်ရေးမှူးအား သတ်ပြီးထွက်ပြေးတိမ်းရှောင်သွားသူများအား နာရီ ၄ဝ အတွင်း ဖော်ထုတ်ဖမ်းဆီးရမိ


The Mirror Daily's photo.
ရန်ကုန် မေ ၃၁
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၁၄ဝ)ရပ်ကွက် အုပ်ချုပ် ရေးမှူးဦးဇော်ဝင်းက သိန်းတစ်ရာလမ်းမပေါ်၌ မေ ၂၉ ရက် ည ၈ နာရီတွင် အသက် (၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦးအား လူငယ်သုံးဦးက ဆဲဆိုကြိမ်းမောင်း နေသည်ကိုတွေ့ရှိရ၍ ဝင်ရောက်တားမြစ်ရာမှ အဆိုပါ လူငယ်သုံးဦးက ဓားကိုယ်စီဖြင့် ဦးဇော်ဝင်းအား ဝိုင်းဝန်း ထိုးခုတ်ပြီး ထွက်ပြေးခဲ့ရာ ဦးဇော်ဝင်းမှာ ဒဏ်ရာများ ရရှိသဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ရာ လူသတ်ပြီး ထွက်ပြေးတိမ်းရှောင်သူများအား ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့သည်။
ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်း ဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ ဂျပန်ကြီး(ခ) ကျော်နိုင်လင်း၊ ၄င်း၏အစ်ကိုဖြစ်သူ ဘိုဘိုလင်း(ခ)အောင်ကိုလင်းနှင့် အောင်မြင့်ဦး (ခ)သုတတို့ သုံးဦးဖြစ် ကြောင်းသိရှိရပြီး ဖမ်းဆီးရမိရေးအတွက် အဖွဲ့ငယ်များ ဖြန့်ခွဲ စုံစမ်းဖမ်းဆီးခဲ့ရာ မေ ၃ဝ ရက် မွန်းလွဲ ၂နာရီမိနစ် ၂ဝတွင် အောင်မြင့်ဦး(ခ)သုတအား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၂၆) ရပ်ကွက် လှော်ကားလမ်းမ ပေါ်တွင်လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ပြစ်မှုကျူးလွန်သူ ဂျပန်ကြီး(ခ) ကျော်နိုင်လင်း၏ ညီတော် စပ်သူ ထက်ပိုင်လင်း(ခ)တာတေအား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၁ဝ၇)ရပ်ကွက် ငုဝါမြိုင်လမ်း ပေါ်တွင် လည်းကောင်း၊ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် ပြစ်မှုကျူးလွန်သူများ ထွက်ပြေးတိမ်းရှောင်ရန်အားပေး ကူညီသူ အောင်ပိုင်စိုး(ခ)ခေါလေးအား ဒဂုံမြို့သစ်(အရှေ့)မြို့နယ် အင်ကြင်းလမ်းသွယ် (၁)တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများ၏ ဖော်ထုတ်ချက်အရ တိမ်းရှောင် ထွက်ပြေးသူ ဂျပန်ကြီး(ခ)ကျော်နိုင်လင်းနှင့် အောင်ကို လင်း(ခ)ဘိုဘိုလင်းတို့မှာ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦး မြို့နယ် သံတံတားကျေးရွာသို့ ရောက်ရှိနေကြောင်း သတင်းအရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များနှင့် ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်းပြီး အသွင်ယူ စုံစမ်းခဲ့ရာ တိမ်းရှောင်ထွက်ပြေးသူနှစ်ဦးမှာ မေ ၃၁ ရက် နံနက်ပိုင်းက အမျိုးသမီးငယ်တစ်ဦးနှင့်အတူ မြဝတီမြို့သို့ ခရီးသည်တင် ယာဉ်ဖြင့် ထွက်ပြေးတိမ်းရှောင်သွားကြောင်း သတင်း အတည်ပြုရရှိခဲ့သည်။
ပူးပေါင်းတပ်ဖွဲ့ဝင်များသည် တိမ်းရှောင်ထွက်ပြေးသူ များစီးနင်းသွားသော ယာဉ်အား ပိတ်ဆို့ဖမ်းဆီးပေးနိုင် ရေးအတွက် မွန်ပြည်နယ် သထုံခရိုင်ရဲတပ်ဖွဲ့နှင့် ဘီလင်းမြို့နယ်ရဲတပ်ဖွဲ့သို့ ဆက်သွယ်ပြီး ပိတ်ဆို့ဖမ်းဆီး ခဲ့ရာ ဘီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသော ရဲတပ်ဖွဲ့ဝင်များ က မေ ၃၁ ရက် မွန်းလွဲ ၁၂နာရီ ၃၅ မိနစ်တွင် ယာဉ်ပေါ် တွင်လိုက်ပါလာသည့် တိမ်းရှောင်ထွက်ပြေးသူ ဂျပန် ကြီး(ခ)ကျော်နိုင်လင်း၊ အောင်ကိုလင်း(ခ) ဘိုဘိုလင်းနှင့် အတူ ဂျပန်ကြီး၏ရည်စားဖြစ်သူ မ-----သုံးဦးအား လက်ရဖမ်းဆီးရမိခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၁၄ဝ)ရပ်ကွက် အုပ်ချုပ်ရေးမှူးအား သတ်ပြီးထွက်ပြေး တိမ်းရှောင်သူများ ကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ နာရီ ၄ဝ အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ၄င်းတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment