Wednesday, June 1, 2016

အကယ်ဒမီ ဗိုလ်ဗကို


The Mirror Daily's photo.တင့်လွင်ဦး (စီးပွားရေးတက္ကသိုလ်)

=======================
မြန်မာ့ရုပ်ရှင်လောကသို့ လူတန်းစားအလွှာအသီးသီးမှ ဝင်ရောက်ကြရာမှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ပညာတတ်တွေ ပါဝင်ကြသလို ပညာဂုဏ်၊ ရာထူးဂုဏ် အရှိန်အဝါကြီးမားစွာဖြင့် ပါဝင်သူတစ်ဦးကိုလည်း တစ်မူထူး ခြား၍ စာရေးသူအမှတ်ထားမိသည်။ ထိုသူကား အခြားမဟုတ်။ ရုပ်ရှင်သရုပ် ဆောင်၊ စာရေးဆရာ၊ ဒါရိုက်တာ ဗိုလ်ဗကိုပါ။ အမေရိကန်နိုင်ငံ ယေးလ် တက္ကသိုလ်မှ မဟာဝိဇ္ဇာ (M.A) ဘွဲ့ရ ပညာတတ်တစ်ယောက်ဖြစ်ပြီး တပ်မတော်တွင်လည်း ဗိုလ်မှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ၊ တပ်မတော်မှ အနားယူပြီး ရုပ်ရှင်လောကသို့ ဝင်ရောက်ရာ၌ သရုပ်ဆောင်ရာတွင် ဇာတ်ရုပ် မရွေး၊ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်လေ့ရှိသည်။
အထက်တန်းကျကျ သရုပ်ဆောင်ရသော ဆရာဝန်၊ တရားသူကြီး၊ ရဲအရာရှိကဲ့သို့သော ဇာတ်ရုပ်များနှင့် အလွန်လိုက်ဖက်၏။ မိဘမေတ္တာကို ဖော်ကျူးရမည့် ဖခင်နေရာ၊ လူကြီးလူကောင်းနေရာများတွင် သရုပ်ဆောင် ပြန်တော့လည်း ကြည်ညိုလေးစားဖွယ်ရာ ကောင်းပြန်သည်။ ဘဝသမား၊ အဖိနှိပ်ခံလူတန်းစား၊ ကျောမွဲလူတန်းစားနှင့် သုဘရာဇာအသွင် သရုပ်ဆောင် ရမလား၊ သဏ္ဌာန်လုပ် သရုပ်တူလှသည်။ တစ်ဖက်လူ၏ လုပ်ရပ်များကို မနှစ်မြို့သော်လည်း အချိန်မကျသေး၍ ပြောခွင့်မသာ၊ အံကြိတ်မြိုသိပ်၍ မချိပြုံး ပြုံးရင်း တစ်ဖက်လူကို ခနဲ့တဲ့တဲ့ ပြန်လည်ပြောဆိုသည့် ဟန်ပန် အမူအရာများ၊ ဆေးတံလေးတမမဖြင့် ပြောဆိုသရုပ်ဆောင်ပုံများကား ယနေ့တိုင်မြင်ယောင်လျက် စာရေးသူမျက်စိထဲက မထွက်။ ဗိုလ်ဗကိုသည် စကားပြောရာတွင် မနှေးမမြန်၊ မှန်မှန်ဖြင့် ပြောလိုသည့် စကားကို တစ်လုံး ချင်းပီသအောင် ထိထိမိမိပြောလေ့ရှိသည့်အတွက် စကားပြောကောင်းသူ အဖြစ်လည်း ထင်ပေါ်ပြန်သည်။ ဗိုလ်ဗကိုသည် မြန်မာ့ရုပ်ရှင်အတွက် များစွာအကျိုးပြုခဲ့သော၊ ဂုဏ်တင့်စေခဲ့သော၊ အစားထိုးမရနိုင်သော၊ ကိုယ်ပိုင် ဟန်ဖြင့် သရုပ်ဆောင်ကောင်းလှသော ရုပ်ရှင်အနုပညာရှင်ကြီးတစ်ဦးဟု ဆိုက လွန်အံ့မထင်။
အကယ်ဒမီ ဗိုလ်ဗကို
------------------------
အမည်ရင်း ဗိုလ်ဗကို၊ အဖ ဦးသန်း၊ အမိ ဒေါ်တင့်တို့က (၁၁.၁၂. ၁၉၁၉) ရက် ကြာသပတေးနေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် မန္တလေးမြို့ ဝက်စလီယံကျောင်းမှ ဆယ်တန်းအောင်မြင်ခဲ့ပြီး ၁၉၄ဝ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဂုဏ်ထူး(အရှေ့တိုင်းဘာသာဘွဲ့) ရရှိခဲ့ သည်။ ထို့နောက် ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ ဝင်ရောက်စစ်မှုထမ်းခဲ့ရာ ၁၉၅၁ ခုနှစ်တွင် ဗိုလ်မှူးရာထူးဖြင့် အငြိမ်းစားယူခဲ့သည်။ ဥပဒေဘွဲ့ ဆက်လက် ရယူပြီးနောက် ၁၉၅၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ယေးလ်တက္ကသိုလ်သို့ သွားရောက်ပညာသင်ကြားခဲ့ရာ မဟာဝိဇ္ဇာ (M.A) ဘွဲ့ရရှိခဲ့ပြန်သည်။ ၁၉၅၇ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ကျင်းပသော ရုပ်ရှင်ပွဲတော်နှင့် အိန္ဒိယ သမ္မတနိုင်ငံ၌ကျင်းပသော ယူနက်စကို သက်ကြီးစာပေတတ်မြောက်ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ဝန်ကြီးချုပ်ဦးနု ရေးသားတင်ဆက်သည့် နာမည်ကျော် ''လူထုအော်သံ'' ပြဇာတ်ကို ၁၉၅၈ ခုနှစ်တွင် ရုပ်ရှင်အဖြစ် အသက်သွင်းရာ ထို ''လူထုအော်သံ'' ရုပ်ရှင်ဇာတ်ကား၌ ဗိုလ်ဗကိုသည် အဓိကဇာတ်ဆောင်နေရာမှ ပါဝင်သရုပ်ဆောင် ခဲ့သည်။ ဝန်ကြီးချုပ်ဦးနု၏ တိုက်တွန်းချက်အရ ပါဝင်သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထိုဇာတ်ကားကို ရိုက်ကူးသူမှာ ဟောလိဝုဒ်မှ အမေရိကန်ဒါရိုက်တာGeorge Seitz(Jr)။
ဗိုလ်ဗကိုသည် ထိုဇာတ်ကားတွင် ကွန်မြူနစ်သောင်းကျန်းသူ ရဲဘော် အောင်ဝင်းအဖြစ် သရုပ်ဆောင်ရပြီး ကွန်မြူနစ်သောင်းကျန်းသူ ဗိုလ်တောက် ထိန် (လူကြမ်းလှမောင်လေး) နှင့် အချင်းများပြီး အပြန်အလှန်ပြောဆိုကြ သည့်အခန်းတွင် တကယ့်ကွန်မြူနစ်ရဲဘော်တစ်ဦးနှင့်မခြား အသက်ပါလှပြီး စကားပြောအလွန်ကောင်းသူအဖြစ် ထင်ပေါ်ခဲ့သည်။ ထိုမှဆက်၍ ရုပ်ရှင် လောက၌ ခြေချရင်း ဇာတ်ကားပေါင်းများစွာ ဆက်လက်ရိုက်ကူးခဲ့ရာ ၁၉၇ဝ ပြည့်နှစ်တွင် သိန်းဖေမြင့်၏ဝတ္ထုကို ရုပ်ရှင်အဖြစ် ဒါရိုက်တာသက်လယ်က ရိုက်ကူး၍ မိုးကောင်းရုပ်ရှင်မှ ထုတ်လုပ်သည့် ''သီတာပြုံး'' ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ပို့ အကယ်ဒမီထူးချွန်ဆုရရှိခဲ့သည်။ ထိုဇာတ်ကား၌ မင်းသားကောလိပ်ဂျင်နေဝင်း၊ ခင်သန်းနု၊ ဘေဘီနွဲ့တို့နှင့် တွဲဖက်သရုပ်ဆောင်ခဲ့ပြီး သုဘရာဇာ ဦးဘချွန်အဖြစ် သရုပ်ဆောင်သွားပုံမှာ ပီပြင်လှသည်။
တစ်ဖန် ၁၉၇၁ ခုနှစ်တွင် စံပြရုပ်ရှင်က ထုတ်လုပ်ပြီး ဒါရိုက်တာ အေဝမ်းမောင်လှမျိုး ရိုက်ကူးသည့် ''တစ်ကွေ့ တစ်ကမ္ဘာ'' ဇာတ်ကားဖြင့် ဒုတိယအကြိမ် အကောင်းဆုံး အမျိုးသားဇာတ်ပို့ အကယ်ဒမီထူးချွန်ဆု ထပ်မံရရှိပြန်သည်။ ထိုဇာတ်ကားတွင် ညွန့်ဝင်း၊ ဝင်းဗိုလ်၊ မြင့်မြင့်ခိုင်တို့နှင့် အတူ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဗိုလ်ဗကိုသည် ကယားအမျိုးသားကြီးတစ်ဦးအသွင် သရုပ်ဆောင်သွားပုံမှာ သရုပ်တူလှသည်။
ဗိုလ်ဗကိုသည် သရုပ်ဆောင်ရုံသာမက ဒါရိုက်တာအဖြစ်လည်း ဇာတ်ကားများ ရိုက်ကူးခဲ့ရာ ''ရွှေဟင်္သာရုပ်ရှင်'' မှ ထုတ်လုပ်သည့် ဖက်ဆစ် တော်လှန်ရေးနောက်ခံ ''ရွှေတောင်မှော်တိုက်ပွဲ'' ဇာတ်ကားမှာ အောင်မြင် ကျော်ကြားသော ဇာတ်ကားတစ်ကားဖြစ်သည်။ ဗိုလ်ဗကိုသည် ရုပ်ရှင်ရိုက်ကူး ရေးလုပ်ငန်းများနှင့် မအားလပ်သည့်ကြားမှပင် ဇာတ်ညွှန်းနှင့် ရုပ်ရှင်ဆောင်းပါး များ၊ အထူးသဖြင့် နိုင်ငံခြားရုပ်ရှင် ဒါရိုက်တာကြီးများ၏ အယူအဆ၊ ရိုက်ကွင်း ပေါ် ရှုမြင်သုံးသပ်ချက်၊ ဖလင်တည်းဖြတ်ခြင်း စသည့် ရုပ်ရှင်ပညာပိုင်းဆိုင်ရာ ဆောင်းပါးများ ရေးသားခဲ့သည့်အပြင် ၁၉၅၉ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ရေးသားထုတ်ဝေခဲ့သော စာအုပ်ပေါင်း ၂၂ အုပ်ရှိပြန်သည်။
အပြောကောင်းသလို စာပေအရေးအသားကောင်းသူတစ်ဦးလည်း ဖြစ်သည်။ ထင်ရှားကျော်ကြားသော ဗိုလ်ဗကိုရေးသားသည့် စာအုပ်များအနက်မှ အချို့ကိုဖော်ပြရလျှင် ယေးလ်တက္ကသိုလ်ခရီးသည်၊ တရုတ်ပြည်သစ်ခရီး၊ ဟဲမင်းဝေးအီး လက်ရွေးစင်ပဒေသာ၊ ဘကြီးရွှန်း၊ လူသုံးအနုမြူ၊ သမ္မတတစ်ဦး ၏ အမွေအနှစ်၊ ကုလသမဂ္ဂ၏ ကမ္ဘာ့ဥာဏ်ဗိမာန်၊ ရုပ်ရှင်မြို့တော် (ဟောလိဝုဒ် ငွေရောင်ပိတ်ကား)၊ မရွှေချော၊ မျိုးရိုးဇာတိနှင့် လူ့သဘာဝ၊ ကဗျာသစ်ဆရာ ကားလ်ဆင်းဗတ်၊ နေနှင့် လူသား၊ ဒုံးပျံဝိဇ္ဇာနှင့် အာကာသလုပ်ငန်း။
ဗိုလ်ဗကိုသည် စာပေဗိမာန် စာတည်းနှင့် သုတေသနမှူး၊ ရန်ကုန် တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ မော်လမြိုင်ကောလိပ်တို့တွင် ပြင်ပစာစစ်မှူး၊ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် ဘာသာဗေဒဆရာ စသည်ဖြင့် ပညာရပ်ဆိုင်ရာတာဝန်များကို ထမ်းဆောင်ခဲ့ဖူးသည့်အပြင် မြန်မာနိုင်ငံရုပ်ရှင်ကောင်စီ စည်းရုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌတာဝန်ကိုလည်း နှစ်ရှည်လများ ထမ်းဆောင်ခဲ့ဖူးသည်။
စစ်ဘက်၊ အရပ်ဘက်တာဝန်များကို ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့ သည့်အတွက် နိုင်ငံတော်မှ ဗိုလ်ဗကိုအား ၁၉၅ဝ ခုနှစ်တွင် ဇေယျကျော်ထင် ဘွဲ့နှင့် ဝဏ္ဏကျော်ထင်ဘွဲ့၊ ၁၉၅၈ ခုနှစ်တွင် လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယဆင့်) ချီးမြှင့်ခဲ့သည်။
လက်တွဲဖော်ဇနီးသည် ဒေါ်ခင်ကြည် (မြန်မာ့အသံ) နှင့် သားသမီး နှစ်ယောက် ထွန်းကားခဲ့ပြီး အနုပညာတာဝန်များကို ထမ်းဆောင်၍ကောင်းနေဆဲ ဇရာကို လွန်ဆန်၍မရ။ အသက် ၆၆ နှစ်သို့အရောက် (၂၂.၆.၁၉၈၅) ရက် တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့သည်။ အနုပညာလောကကို ဂုဏ်တင့်စေ ခဲ့သည့် ဘဘ ဗိုလ်ဗကို ကောင်းရာသုဂတိလားပါစေ။
မှီငြမ်း- နှစ်ဆယ်ရာစု စာဆိုစစ်သည်များစာအုပ်။

No comments:

Post a Comment