Wednesday, June 1, 2016

ပြည်သူလူထုကို အကျိုးပြုမည့်လုပ်ငန်း (၁၃)မျိုးနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ရက် ၁ဝဝ




တွေ့ဆုံမေးမြန်း - သီသီမင်း၊ ဓာတ်ပုံ - နေလင်း


အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်သူ လူထု၏အကျိုးကိုရှေးရှုသော အလုပ်အကိုင် အခွင့်အလမ်းများ၊ အလုပ်သမားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ် သမားရေးရာကိစ္စရပ်များကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်နှင့် ရွှေ့ပြောင်းနေထိုင် သူများ၊ အိမ်ထောင်စုလူဦးရေစာရင်း၊ ကိုင် ဆောင်သင့်သော မှတ်ပုံတင်တစ်မျိုးမျိုးထုတ် ပေးရန်ကိစ္စများနှင့် အခြေခံပညာကျောင်းများ ရှိ ကျောင်းသား ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးရေးကိစ္စများကို ရက်ပေါင်း ၁ဝဝ အတွင်း ရည်ရွယ်ဆောင်ရွက် သွားမည်ဖြစ်သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအောက်ရှိ အလုပ် သမား ညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေး အဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေး ရေးဦးစီးဌာန၊ အလုပ်သမားဆက်ဆံရေးဦးစီး ဌာနတို့က အလုပ်သမားရေးရာကိစ္စရပ်များ ဆောင်ရွက်နေသကဲ့သို့ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနတို့က လည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာကိစ္စရပ်များကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရက်ပေါင်း ၁ဝဝ အတွင်း ပြည်သူလူထုအကျိုးရှိမည့် လုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများအား တွေ့ဆုံမေးမြန်းထားသည် -

ဦးသိန်းဆွေ
ပြည်ထောင်စုဝန်ကြီး
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန

မေး။ ရက် ၁ဝဝ အတွင်းမှာ ပြည်သူ လူထုကို အကျိုးပြုမယ့် ဘယ်လိုလုပ်ငန်းတွေ ကို ဦးစားပေးဆောင်ရွက်သွားမလဲဆိုတာ သိလိုပါတယ်ရှင့်။

ဖြေ။ ကျွန်တော်တို့အနေနဲ့ ပြည်သူလူထု ကို အကျိုးပြုမယ့်လုပ်ငန်း (၁၃)မျိုးကို ရက် ၁ဝဝ အတွင်း အကောင်အထည်ဖော်ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းတွေက တော့ ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ ကူညီရေးဗဟိုဌာန (Migrant Workers Resource Center-MRC) နှစ်ခုကို ဧရာဝတီ တိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တွေမှာ ဖွင့်လှစ် သွားမယ်။ နောက်ပြီး ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် သက်မွေးပညာသင်တန်းတွေဖွင့်လှစ်ပေးပြီး နိုင်ငံအဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ထုတ် ပေးသွားပါမယ်။

အလုပ်သမားရေးရာကိစ္စရပ်များကိုလည်း စက်ရုံ၊ အလုပ်ရုံတွေနဲ့ စက်မှုဇုန်တွေမှာ အသိပညာပေးဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က လူမှုဖူလုံရေးအဖွဲ့နဲ့ ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှုကုမ္ပဏီများ ပူးပေါင်းပြီး လူမှုဖူလုံရေးအကျုံးဝင် အာမခံ အလုပ်သမားတွေအတွက် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားသားအလုပ်သမားဥပဒေ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေး ဥပဒေတို့ကိုလည်း ရက် ၁ဝဝ အတွင်းမှာ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထိုင်းဘုရင့်နိုင်ငံအစိုးရနဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရတို့အကြား အလုပ် သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ နား လည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုး နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားအဆင့် အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှုဆွေးနွေးပွဲ (National Skills Forum)ကိုလည်း ကျင်းပသွားမှာဖြစ် ပါတယ်။

အထက်ကပြောခဲ့တဲ့ ခြောက်ခုကတော့ အလုပ်သမားနဲ့ဆိုင်တဲ့ ခြောက်ခုပါ။ ဆက် လက် ဖြေကြားသွားမှာက လဝကနဲ့ဆိုင်တဲ့ ကိစ္စရပ်များပဲဖြစ်ပါတယ်။ အဲဒါတွေကတော့ ရွှေ့ပြောင်းနေထိုင်သူများနဲ့ အလုပ်သမားများ ကို အိမ်ထောင်စုလူဦးရေစာရင်းနဲ့ ကိုင်ဆောင် သင့်တဲ့ မှတ်ပုံတင်တစ်မျိုးမျိုးကိုလည်း ဒီ ကာလမှာ ထုတ်ပေးနိုင်ရေးဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။ အခြေခံပညာကျောင်းများ မှာလည်း အသက် (၁ဝ)နှစ်ပြည့် ကျောင်းသား ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) ကိုင်ဆောင်သင့်သော မှတ်ပုံတင် တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးကိုလည်း ဆောင် ရွက်သွားမှာဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသားဥပဒေနဲ့အညီ သက်ဆိုင်တဲ့စိစစ်ရေး ကတ်ပြားတစ်မျိုးမျိုး စိစစ်ထုတ်ပေးရေးကိစ္စ ကိုလည်း နိုင်ငံတစ်ဝန်းမှာ ဆောင်ရွက်သွား ပါမယ်။

နောက်တစ်ခုက(Black List) အမည် မည်းစာရင်းနိုင်ငံမှာ ရေးသွင်းထားတာရှိပါ တယ်။ အဲဒီလိုရေးသွင်းထားသူများကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဖြေလျှော့ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ပြည်ဝင်ခွင့် ဗီဇာကိစ္စရပ်များကိုလည်း လူဝင်မှုကြီးကြပ် ရေးဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ အဆင်ပြေချောမွေ့စေရေးအတွက် ဖြေလျှော့ ဆောင်ရွက်ပေးခြင်းများကိုလည်း ရက်ပေါင်း ၁ဝဝ အတွင်းမှာ ဆောင်ရွက်ပေးသွားမှာ ဖြစ် ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်း ခေါင်စာရင်းမှရရှိတဲ့ ဘာသာရေးဆိုင်ရာ အချက်အလက်များကို ရက် ၁ဝဝ အတွင်းမှာ ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။ စုစုပေါင်း လုပ်ငန်း ၁၃ ခုကို ရက်ပေါင်း ၁ဝဝ အတွင်းမှာ ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးရှိ အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေး ဗဟိုဌာန ဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကို သိပါရ စေရှင့်။

ဖြေ။ ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ ကူညီရေးဗဟိုဌာန(MRC) နှစ်ခုကို ဧရာဝတီ တိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တွေမှာ အလုပ် သမား ညွှန်ကြားရေးဦးစီးဌာနနဲ့ ရွှေ့ပြောင်း သွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)တို့ပူးပေါင်းပြီး ၂ဝ၁၆ ခုနှစ် ဇွန်လနဲ့ ဇူလိုင်လများမှာ ဖွင့်လှစ်သွားဖို့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဧရာဝတီတိုင်းဒသကြီး နဲ့ ရခိုင်ပြည်နယ်ဟာ ရွှေ့ပြောင်းလုပ်သား တွေ များပြားလွန်းတာကြောင့် ဖြစ်ပါတယ်။ ရွှေ့ပြောင်းလုပ်သားများ လုံခြုံစွာရွှေ့ပြောင်း သွားလာ လုပ်ကိုင်နိုင်ရေးအတွက် သိသင့် သိထိုက်တဲ့ သတင်းအချက်အလက်တွေကို ပြည်သူများအကြား တိကျမြန်ဆန်စွာ ဖြန့်ဝေ နိုင်ရေးအတွက် ရည်ရွယ်ပြီး ရွှေ့ပြောင်း အလုပ်သမားများ အများဆုံးရှိတဲ့ ဒေသတွေ မှာ ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီ ရေးဗဟိုဌာန (Migrant Workers Resources Center-MRC)များကို ဖွင့်လှစ်ဆောင်ရွက် ပေးခြင်းပဲဖြစ်ပါတယ်။

မေး။ အလုပ်သမား၊ အလုပ်ရှင် အငြင်း ပွားမှုကိစ္စရပ်များနဲ့ပတ်သက်ပြီး ပဋိပက္ခတွေ လျော့နည်းကျဆင်းအောင် ဘယ်လိုမျိုး ကိုင်တွယ်ဆောင်ရွက်သွားဖို့ရှိသလဲဆိုတာ သိချင်ပါတယ်ရှင့်။

ဖြေ။ အလုပ်သမားရေးရာကိစ္စရပ်များ နဲ့ပတ်သက်ပြီးတော့ ပဋိပက္ခတွေ လျော့နည်း ကျဆင်းဖို့အတွက်ဆိုရင် အလုပ်သမားတွေ ရော အလုပ်ရှင်တွေရော သူတို့က ဥပဒေတွေ ကို ကောင်းစွာသိဖို့လိုပါတယ်။ အဲဒီအတွက် ကို ဒီရက် ၁ဝဝ ကာလအတွင်းမှာ သက်ဆိုင် ရာ စက်မှုဇုန်တွေ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ သွားရောက်ပြီးတော့ ဟောပြောမှုတွေ၊ ပို့ချမှု တွေ ပညာပေးဆောင်ရွက်မှာဖြစ်ပါတယ်။ အခု လည်း အချို့စက်မှုဇုန်တွေမှာ ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ အထူးသဖြင့် စက်မှုဇုန် ၁၈ ခု ရှိပါတယ်။ အဲဒီဇုန်တွေမှာ သွားရောက်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီလို ပညာ ပေးခြင်းအားဖြင့် အလုပ်သမားတွေဟာ ဘယ် ကိစ္စ ဆောင်ရွက်ရင်တော့မှန်တယ်။ ဘယ် ကိစ္စကတော့ ဥပဒေနဲ့မညီဘူးဆိုတာ သိလာ တော့မှ သူတို့အခွင့်အရေးတွေကိုလည်း ညှိနှိုင်းတောင်းခံလို့ရတယ်ဆိုတာ သိလာပြီး နှစ်ဦးနှစ်ဖက် အလုပ်ရှင်နဲ့ အလုပ်သမား ပြီးရင် နိုင်ငံတော်အစိုးရနဲ့ ညှိနှိုင်းပြီးတော့ နားလည်မှုရှိရှိ ဆောင်ရွက်သွားမယ်ဆိုရင် အလုပ်သမားနဲ့ အလုပ်ရှင်ကြားဖြစ်နေတဲ့ အငြင်းပွားမှုတွေဟာလည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အလုပ်သမား ရေးရာ အသိပညာပေးဆွေးနွေးရေးကိစ္စရပ် များကို ဦးစားပေးပြီးဆောင်ရွက်ရခြင်းပဲဖြစ် ပါတယ်။ ဝန်ကြီးဌာနက ပြင်ဆင်ရေးဆွဲ အသစ် ထုတ်ပြန်ပြီးဖြစ်တဲ့ ဥပဒေတွေကိုလည်း အလုပ် ရှင်၊ မန်နေဂျာ၊ အလုပ်သမားများ၊Stake- holder များ ကောင်းစွာသိရှိလိုက်နာဆောင်ရွက်ဖို့ အရေးကြီးတဲ့အတွက် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ကြီး၊ မော်လမြိုင်၊ ဘားအံ၊ စစ်တွေ၊ ထားဝယ်၊ မြိတ်မြို့တွေမှာ အလုပ်ရုံနဲ့ အလုပ် သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနများမှ တာဝန်ရှိသူများပါဝင်ပြီး အသိပညာပေး ဆွေးနွေးပွဲများကို မေလနဲ့ ဇွန်လများမှာ ဆွေး နွေးဟောပြောမှာဖြစ်ပါတယ်။ လက်ရှိလည်း ဆောင်ရွက်နေပါပြီ။

မေး။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ စိစစ်ရေးကတ်ပြားတွေကို ဘယ်လိုပုံစံနဲ့ ထုတ်ပေးသွားမယ်ဆိုတာ သိပါ ရစေ။

ဖြေ။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ သက်ဆိုင်တဲ့ စိစစ်ရေးကတ်ပြား တစ်မျိုးမျိုး စိစစ်ထုတ်ပေးရေးကိစ္စကိုလည်း လာမယ့် ရက် ၁ဝဝ အတွင်းမှာ ဆောင်ရွက် သွားဖို့ရှိပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါ မှာလည်း ဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက် လို့ မရပါဘူး။ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့က အဓိကအခန်းက ပါဝင်ပါတယ်။ အဲဒီလို စိစစ်မှုလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းမှုက အဓိကကျပါတယ်။ အရင်အတွေ့အကြုံတွေအရ ဝန်ကြီးဌာနအနေ နဲ့ အဲဒီလို စိစစ်မယ့်အဆင့်ဆင့်သော အဖွဲ့ အစည်းများကို ဖွဲ့စည်းပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်ဆင့်၊ ခရိုင်အဆင့်ဆင့်၊ မြို့နယ် အဆင့်ဆင့် အဖွဲ့များဖွဲ့စည်းပြီး ဆောင်ရွက်ရ မှာ ဖြစ်ပါတယ်။ ဥပဒေများကို ဆောင်ရွက်တဲ့ အခါမှာလည်း ပြည်သူကိုဗဟိုပြုပြီး ပွင့်လင်း မြင်သာစွာ ဥပဒေနဲ့အညီ ဆောင်ရွက်မှာဖြစ်ပါ တယ်။ အဲဒီအတွက် တစ်နိုင်ငံလုံးမှာ တစ်ပြိုင် နက်တည်း ဆောင်ရွက်သွားဖို့ရှိပါတယ်။ ယခင် တိုင်းရင်းသားနဲ့ သူတို့ရဲ့ မွေးဖွားလာတဲ့ နိုင်ငံသားအရည်အချင်းလိုအပ်ချက် အထောက် အထားများ ပြည့်စုံသူတွေနဲ့ သွေးနှောကပြား တွေကို စိစစ်ရေးကတ်ပြားတွေ ထုတ်ပေး လျက်ရှိပါတယ်။ စိစစ်တဲ့အခါမှာလည်း သူတို့ ရဲ့ အချက်အလက်တွေ၊ အထောက်အထား တွေကို ဥပဒေနဲ့ချိန်ညှိပြီး ၁၉၈၂ မြန်မာ နိုင်ငံသားဥပဒေ ပုဒ်မ ၆၅ နဲ့အညီ ဗဟိုအဖွဲ့ ကနေပြီးတော့ နိုင်ငံသားအဖြစ်သော်လည်း ကောင်း၊ နိုင်ငံသားပြုခွင့်ရသူများဆိုပြီး ဆုံး ဖြတ်ပြီးတော့မှ ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ အဓိကပြောချင်တဲ့အချက်က တော့ အားလုံးပူးပေါင်းဆောင်ရွက်စေချင် တယ်။ ဥပဒေနဲ့ဆောင်ရွက်တဲ့အခါမှာ မလို လားအပ်တဲ့ ပြဿနာတွေမဖြစ်ဖို့အတွက်ကို ပြည်သူကိုဗဟိုပြုပြီးတော့ သက်ဆိုင်ရာဒေသ အာဏာပိုင်တွေနဲ့ပူးပေါင်းပြီး ဆောင်ရွက် သွားမှာဖြစ်ပါတယ်။

မေး။ ဒီလိုရက် ၁ဝဝ စီမံကိန်းဖော်ဆောင် ခြင်းအားဖြင့် ပြည်သူနဲ့ နိုင်ငံအတွက် ဘယ် လောက်ထိ ထိရောက်တဲ့အကျိုးကျေးဇူးတွေ ရှိလာမယ်ဆိုတာ သိပါရစေ။

ဖြေ။ ရက် ၁ဝဝ အတွင်းမှာ လုပ်ငန်း တော်တော်များများကို ဆောင်ရွက်လိုက်ခြင်း အားဖြင့် ဝန်ဆောင်မှုတွေဆောင်ရွက်တဲ့ လုပ်ငန်းတော်တော်များများ ဆောင်ရွက်ပြီး သား ဖြစ်မယ်။ သက်မွေးပညာနဲ့ ကျွမ်းကျင်မှု သင်တန်းတွေ ဖွင့်လှစ်ပေးတာတွေ၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းပြုလုပ်ပေးတဲ့ ကိစ္စတွေ ဟာ ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက် တွေကို ဖြည့်ဆည်းကူညီတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်နီးနားချင်းထိုင်းနိုင်ငံနဲ့ MoU ထိုးထားပြီးတော့မှ စနစ်တကျလွှတ်တာမျိုး ဆောင်ရွက်ခြင်းဟာ ပြည်ပမှာရောက်ရှိနေတဲ့ မိမိနိုင်ငံသားတွေအတွက် အကာအကွယ်တွေ၊ အခွင့်အရေးတွေ ပိုမိုရရှိမှာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ပေးမယ်ဆိုရင် ပြည်ပရောက် အလုပ်သမားတွေအတွက် ထိရောက်မှုရှိမယ် လို့လည်း ယူဆပါတယ်။

မေး။ အခြား ဖြည့်စွက်ပြောကြားစရာ ရှိရင် ပြောကြားပေးပါရှင့်။

ဖြေ။ ဝန်ကြီးဌာနအနေနဲ့ ရက် ၁ဝဝ စီမံကိန်းရော ငါးနှစ်တာကာလမှာပါ အိမ်နီးချင်း နိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေနဲ့ ညှိနှိုင်းဆွေးနွေး ပြီးတော့မှ လိုအပ်တဲ့ဥပဒေလည်း ဆက်လက် ထုတ်ပြန်သွားဖို့ရှိပါတယ်။ အထူးသဖြင့် အလုပ်သမားများဆိုတဲ့နေရာမှာ သူ့ရဲ့မိသားစု တွေလည်းပါပါတယ်။ အလုပ်သမားတွေ အတွက် အိမ်ထောင်စုစာရင်းတွေ၊ မှတ်ပုံတင် ကတ်ပြားတွေရရှိအောင် အခြားနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ ရဲ့ အခွင့်အရေးတွေ အပြည့်အဝရရှိအောင် ကျွမ်းကျင်တဲ့၊ အဆင်မြင့်တဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်ခွင့်ရအောင် ဆောင်ရွက် ပေးမှာဖြစ်သလို ပြည်တွင်းကို မကြာခင်ရောက် လာမယ့် လုပ်ငန်းရှင်တွေအတွက်လည်း ပြည် တွင်းမှာ လုပ်သားလိုအပ်ချက်က တိုးတက်လာ မှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရ နဲ့ရော၊ ပုဂ္ဂလိကအလုပ်ရှင်နဲ့ရော ပူးပေါင်းပြီး တော့မှ ကျွမ်းကျင်မှုရှိတဲ့ လုပ်သားများ ဖွံ့ဖြိုး တိုးတက်ရေး၊ ပိုမိုရရှိရေးဟာ အရေးကြီးလာ ပါတယ်။ ကျွမ်းကျင်လုပ်သားများ အရည် အချင်း တိုးတက်မြင့်မားရေးကိစ္စကို ဦးစားပေး ဆောင်ရွက်သွားဖို့ နိုင်ငံနဲ့လူမျိုး ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်သွားဖို့ရှိပါတယ်။

ဦးမြင့်ကြိုင်
လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဆိုင်ရာ အမြဲတမ်းအတွင်းဝန်

ရက်၁ဝဝ အတွင်းမှာ ပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိစေမယ့် လုပ်ငန်း ခြောက်ခု ကို အကောင်အထည်ဖော်ဆောင်ရွက်သွားပါ မယ်။ (၁) ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေ ဆောင်ရွက် ပေးသွားမှာဖြစ်တယ်။ (၂) ရွှေ့ပြောင်း လူဦးရေ၊ ရွှေ့ပြောင်းသွားလာပြီး နယ်မြေ ဒေသတွေကိုစွန့်ခွာပြီး မြန်မာနိုင်ငံထဲက တစ်နေရာမှာရောက်ရှိပြီး ရွှေ့ပြောင်းလုပ်ကိုင် စားသောက်နေတဲ့လူတွေမှာ အချို့က သဘာဝ ဘေးအန္တရာယ်ကြောင့် တချို့က အကြောင်း အမျိုးမျိုးကြောင့် အိမ်ထောင်စုစာရင်းတွေ မရှိတော့ဘဲ ပျောက်ဆုံးတာတွေ၊ ပျက်စီးတာ တွေရှိတယ်။ တချို့လည်း မှတ်ပုံတင်တွေ ပျက်စီးပျောက်ဆုံးတာတွေရှိတယ်။ အဲဒီလို ရွှေ့ပြောင်းသွားလာတဲ့သူတွေကို အိမ်ထောင်စု စာရင်းတွေ ထိုက်သင့်တဲ့ ရသင့်ရထိုက်တဲ့ ကတ်ပြားတစ်မျိုးမျိုးကို စီမံချက်ချပြီး ဆောင် ရွက်ပေးသွားမယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါ မှာလည်း ရွှေ့ပြောင်းသွားလာပြီး လုပ်နေကြ တဲ့ အလုပ်သမားတွေကိုလည်း ထုတ်ပေးသွား မှာ ဖြစ်တယ်။ (၃) အချက်က နိုင်ငံသားစိစစ် ရေးလုပ်တဲ့အခါမှာ အခြေခံဖြစ်တဲ့ အသက် (၁ဝ)နှစ်ပြည့်ရင် စလုပ်ရမယ့်နိုင်ငံသားကတ်ကို (၁ဝ)နှစ်ပြည့် အများဆုံးရှိတဲ့ကျောင်းတွေမှာ စီမံချက်ချပြီး ဆောင်ရွက်ပေးသွားမယ်။ နံပါတ် (၄) အချက်က ဗီဇာအတွက် မြန်မာနိုင်ငံထဲ ကို ဝင်ဖို့ ဗီဇာ ၁၂ မျိုးသတ်မှတ်ထားတယ်။ ဗီဇာ ၁၂ မျိုးကို သက်ဆိုင်ရာစာရွက်စာတမ်း အထောက်အထားစိစစ်တဲ့အခါမှာ ရက်ပေါင်း ၁ဝဝ အတွင်းမှာ ဗီဇာတွေကို သတ်မှတ်ထား တဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့အညီ ဖြေ လျှော့ပြီး ဗီဇာ ၁၂ မျိုးကို ဥပဒေဘောင်နဲ့ လည်းဝင်အောင် ကြပ်မတ်ပြီးဆောင်ရွက်သွား ဖို့ရှိတယ်။ နံပါတ် (၅) အချက်ကတော့ အမည် မည်းစာရင်း တင်သွင်းခံထားရသူတွေက ရှစ်ထောင်ကျော်လောက်ရှိတယ်။ အဲဒီမှာ လေး ထောင်ကျော်လောက်က ဘာတွေလဲဆိုရင် နိုင်ငံခြားတိုင်းပြည်တွေရော မြန်မာပြည်မှာ ရော ပတ်စ်ပို့စာအုပ် ပျောက်သွားတဲ့သူ၊ ပျက်စီးသွားတဲ့သူတွေ။ ကျန်တဲ့ သုံးထောင် ကျော်ကလည်း သက်ဆိုင်ရာ နိုင်ငံခြားသား တွေ မြန်မာပြည်ထဲသွားရင် အပြစ်တစ်ခုခု ကျူးလွန်လို့ ပြစ်ဒဏ်ကျခံပြီး ပြည်နှင်ဒဏ် ပေးထားပြီး အမည်မည်းစာရင်းသွင်းထားတာ ရှိတယ်။

အင်တာပိုကနေ နိုင်ငံတကာရာဇဝတ်မှု အရ အကြမ်းဖက်နဲ့ ဆက်သွယ်တယ်။ မူးယစ် ဆေးဝါး အကြောင်းအမျိုးမျိုးနဲ့ အမည်မည်း စာရင်းသွင်းထားတဲ့သူတွေရှိတယ်။ သက်ဆိုင် ရာဌာနက အကြောင်းအမျိုးမျိုးနဲ့ ဌာနဆိုင်ရာ နဲ့ ပတ်သက်ပြီး ပေးလျော်ရမယ့်ကိစ္စတွေ၊ ဝန်ထမ်းစည်းကမ်းဖောက်ဖျက်မှုတွေ ဌာနနဲ့ ကင်းကွာနေတာတွေနဲ့ပတ်သက်ပြီး အမည် မည်းစာရင်းသွင်းထားတာတွေရှိတယ်။ ဒီဟာ တွေမှာ လုပ်ထုံးလုပ်နည်းဥပဒေအရ အမည် မည်းသွင်းထားတဲ့စာအုပ်တွေက ဖြေလျှော့ ပေးစရာမရှိဘူး။ အမည်မည်းစာရင်းသွင်းထား တဲ့ ပက်စ်ပို့စာအုပ်တွေကလည်း ဖျက်သိမ်း ထားပြီးဖြစ်တယ်။
ဒါတွေကို အတုယူပြီး သုံးမှာစိုးတဲ့အတွက် ဆက်ပြီး အမည်မည်း သွင်းထားမှာဖြစ်တယ်။ အင်တာပိုကနေ အကြမ်းဖက်သမား၊ မူးယစ် ဆေးဝါးတို့နဲ့ ပတ်သက်တယ်ဆိုပြီးတော့ နိုင်ငံတကာပြစ်မှုနဲ့ ဆွဲထားတဲ့သူတွေကိုလည်း လျှော့ပေးစရာမရှိဘူး။ နိုင်ငံခြားသားတွေ ပြစ်မှုတစ်ခုခုကျူးလွန်လို့ မြန်မာပြည်ထဲမှာ အရေးယူခံရပြီး ပြည်နှင်ဒဏ်ပေး၊ အမည်မည်း စာရင်းသွင်းထားတဲ့သူတွေကိုလည်း လျှော့ပေး ဖို့မရှိဘူး။ သက်ဆိုင်ရာဌာနတွေရဲ့ ငွေကြေး ကိစ္စ တာဝန်ထမ်းဆောင်ပြီး ပြစ်မှုပြစ်ဒဏ် ကျခံနေရတဲ့ကိစ္စ ဌာနဆိုင်ရာအနေနဲ့ အမည် မည်းသွင်းထားတဲ့ နိုင်ငံသားအမည်မည်း စာရင်းသွင်းထားတဲ့သူတွေကိုတော့ သက်ဆိုင် ရာ ဝန်ကြီးဌာနအသီးသီးနဲ့ညှိနှိုင်းပြီး သူတို့ဆီ ကနေ သက်ဆိုင်ရာဥပဒေအရ အရေးယူပြီး အမည်မည်းစာရင်းသွင်းထားတာ ဖြေလျှော့ ပေးဖို့ ဆောင်ရွက်နေတယ်။ နံပါတ် (၆)က ၂ဝ၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွေ ထုတ်ပြန်တဲ့အခါမှာ နှစ်ခု ကျန်နေတယ်။ တစ်ခုက တိုင်းရင်းသား အလိုက် လူဦးရေနဲ့ နောက်တစ်ခုက ကိုးကွယ် ရာ ဘာသာအလိုက် လူဦးရေကို ရက်ပေါင်း ၁ဝဝ အတွင်းမှာ ဘာသာအလိုက် လူဦးရေကို ထုတ်ပြန်သွားမယ်။

ရက်ပေါင်း ၁ဝဝ အတွင်းမှာဆောင်ရွက် မယ့် စီမံချက်ရဲ့ အဓိကမူဝါဒအနေနဲ့ ပြောရ မယ်ဆိုရင် ပြည်သူလူထုကို အမြန်ဆုံးအကျိုး ဖြစ်ထွန်းစေမယ့်လုပ်ငန်းတွေကို အကောင် အထည်ဖော်ဆောင်ရွက်ပေးဖို့ နိုင်ငံတော် အစိုးရရဲ့ လမ်းညွှန်ချက်နဲ့အညီ လက်အောက် ဦးစီးဌာနများက ဆောင်ရွက်နေတဲ့ လုပ်ငန်း တွေထဲက လျင်မြန်စွာအကျိုးဖြစ်ထွန်းစေ မယ့် လုပ်ငန်းတွေကိုရွေးချယ်ပြီး ဦးစားပေး လုပ်ငန်းတွေအဖြစ် သတ်မှတ်အကောင် အထည်ဖော်ဆောင်ရွက်သွားမယ်။ ပြည်သူ လူထုအပေါ် အမြဲတမ်းထိတွေ့ပြီး ဝန်ဆောင်မှု ပေးရတဲ့ ဝန်ကြီးဌာနဖြစ်တာနဲ့အညီ ဆောင် ရွက်တဲ့ လုပ်ငန်း ခြောက်မျိုးစလုံးဟာ ပြည်သူ များ နေ့စဉ်ဖြေရှင်းဆောင်ရွက်နေတဲ့ ပညာ ရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ သွား လာရေးနဲ့ နေထိုင်ရေးစတဲ့ ကဏ္ဍအသီးသီးမှာ တစ်နည်း မဟုတ်တစ်နည်း အကျိုးဖြစ်ထွန်းစေ မှာ ဖြစ်တဲ့အတွက် ပြည်သူလူထုအတွက် အလွန်အရေးပါတဲ့လုပ်ငန်းတွေဖြစ်ပါတယ်။

ကျွန်တော်တို့ဌာနက တိုင်းပြည်အတွက် အမှန်တကယ် အရေးကြီးပါတယ်။ တံခါးမှူး တွေပါပဲ။ တစ်ဖက်က နိုင်ငံထဲကို ဝင်လာမယ် ဆိုရင် ဘက်ပေါင်းစုံရင်ဆိုင်ရမှာက လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းတွေပါပဲ။ သူတို့ ကနေ နိုင်ငံတော်ထဲကို အန္တရာယ်ဖြစ်စေမယ့်၊ အန္တရာယ်ပြုနိုင်မယ့် အကျိုးမပြုတဲ့သူတွေ ဝင်မလာဖို့၊ တားဆီးဖို့တာဝန်ရှိတယ်။ ဒီလိုပဲ နိုင်ငံတော်ကို အကျိုးပြုမယ့် ကိုယ့်နိုင်ငံသား တွေ ဝင်လာရင်လည်း ချောချောမွေ့မွေ့နဲ့ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းတွေ အဆင်ပြေ အောင် ဆောင်ရွက်ပေးဖို့တာဝန်ရှိတယ်။ ဒါကြောင့် တံခါးမှူးလုပ်ငန်းတွေကို ဆောင် ရွက်နေတာဖြစ်လို့ ဌာနက အင်မတန်အရေး ကြီးတဲ့ ဌာနတစ်ခုဖြစ်တယ်။ နိုင်ငံကို ဝင်လာ မယ်ဆိုရင် နယ်စပ်တံခါးတွေမှာ အားလုံးကို စောင့်ရှောက်ထားတယ်။ မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မည်သည့် နိုင်ငံခြားသားကိုမဆို ၁၉၄၇ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး လတ်တလောပြဋ္ဌာန်းချက်များ ဥပဒေအရ ဒီဟာတွေကို ဖောက်ဖျက်တယ် ဆိုရင် ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိတယ်။ သင်္ကာမကင်းဘူး၊ နောက်ပြီး လူဝင်မှုကြီးကြပ် ရေးဥပဒေကို ကျူးလွန်တယ်လို့ယူဆရင် ဝရမ်း မပါဘဲ ဖမ်းဆီးခွင့်ရှိတယ် ။ ပြစ်ဒဏ်အနေနဲ့ အနည်းဆုံး ထောင်ဒဏ် (၆)လကနေ (၅)နှစ် အထိ သို့မဟုတ် ဒဏ်ငွေ ၁၅ဝဝ နှစ်ရပ်လုံး ကို ကျခံစေရမယ်လို့ ပြဋ္ဌာန်းထားတာရှိပါတယ်။

ဦးမျိုးအောင်
အလုပ်သမားရေးရာဆိုင်ရာ
အမြဲတမ်းအတွင်းဝန်

ဒီ ရက် ၁ဝဝ စီမံကိန်းထဲမှာ အဓိကအား ဖြင့် အလုပ်သမားတွေနဲ့ပတ်သက်တဲ့ အချက် တွေ MRC ရုံးဖွင့်မယ်ပေါ့။ MRCရုံးဆိုတာ က တကယ်တမ်းကျတော့ သူတို့အတွက် သတင်းအချက်အလက်တွေ ပေးနိုင်တယ်။ တချို့မိဘတွေက ပြည်ပကိုရောက်နေတဲ့ သူတို့ရဲ့သားသမီးတွေကို ဆက်သွယ်ချင်တယ် ဆိုရင် ဘယ်လိုဆက်သွယ်ရမှန်းမသိကြဘူး။ အခု တကယ်လိုအပ်နေတဲ့ ဧရာဝတီနဲ့ ရခိုင်လို နေရာမျိုးမှာဖွင့်ပေးလိုက်တော့ တကယ်ကို အကျိုးရှိမှာပါ။ နောက် လုပ်သားကျွမ်းကျင်မှု သင်တန်းတွေနဲ့ပတ်သက်ပြီး ပေးမယ်ဆိုတဲ့ ကိစ္စမျိုးတွေကလည်း ကောင်းပါတယ်။ နောက် ဥပဒေတွေနဲ့ပတ်သက်ပြီး အသိပညာပေးဆွေး နွေးမှုတွေ လုပ်သွားမယ်ဆိုတာကလည်း ဒါ လိုအပ်ချက်တစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံခြားသား အလုပ်သမားဥပဒေ၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးဥပဒေပါ။

ဒီဥပဒေတွေက မြန်မာနိုင်ငံမှာ ဒီကာလ က အလိုအပ်ဆုံးဥပဒေအဖြစ် ရောက်လာ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြင်ပနိုင်ငံက လာပြီးတော့မှ အလုပ်လာလုပ်ချင်တဲ့ လူတွေ ဝင်နေပြီး ဘယ်လိုဆောင်ရွက်ရမယ်ဆိုတဲ့ ပြဿနာအချို့တွေလည်း ထွက်တာတွေ ဒီလို ပြဿနာတွေရှိတယ်။ နောက် လုပ်သား ကျွမ်းကျင်မှုဖိုရမ်တွေ လုပ်သွားမယ်။ နောက် တစ်ခု စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်နေ တဲ့ ကလေးတွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပေါင်းပြီး မှတ်ပုံတင်လုပ်ပေးသွားမယ်။ နဂို က သူများမှတ်ပုံတင်နဲ့ အလုပ်လာလုပ်ကြ တယ်။ တကယ်တမ်းခံစားခွင့်လည်းပေးရော စစ်လိုက်တော့ တခြားစီဖြစ်နေတာတွေ့ရတဲ့ အတွက် ပြဿနာတက်နေတာတွေရှိတယ်။ အလုပ်သမားတွေကို ရက် ၁ဝဝ အတွင်း မှတ်ပုံတင်မရသေးတဲ့သူတွေကို လုပ်ပေးမယ်။ အခုလိုဝန်ကြီးဌာန ပေါင်းစပ်လိုက်တော့ တကယ်ကို အားဖြစ်သွားစေတာပါ။ စက်ရုံ အလုပ်ရုံတွေမှာ ဘေးအန္တရာယ်ကင်းရှင်းရေး စတဲ့အချက်တွေက အလုပ်သမားတွေရော၊ အလုပ်ရှင်တွေရောအတွက်ပါ ထိရောက် အကျိုးရှိစေမယ့်ကိစ္စတွေပဲ ဖြစ်ပါတယ်။

နိုင်ငံခြားသားအလုပ်သမားဥပဒေ(မူကြမ်း) က တော်တော်များများ ပြီးသွားပြီ။ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက တင်ဖို့ကြိုးစား ခဲ့တာ။ နောက်ပိုင်း ထပ်ဖြည့်တာတွေရှိတယ်။ ဝန်ကြီးဌာနအနေနဲ့ ထပ်ပြီးအသေးစိတ် ဆွေး နွေးနေတယ်။ ပြီးရင် အလုပ်ရှင်၊ အလုပ်ရှင် ဆိုတာ နိုင်ငံခြားသားကိုခေါ်ခိုင်းမယ့် လူတွေ နဲ့ ဆွေးနွေးမယ်။ အတွေ့အကြုံရှိတဲ့လူတွေ ခေါ်မယ်။ ခေါ်ပြီးတော့မှ ဒါလေးကို ဆွေးနွေး ပြီးတော့မှ လွှတ်တော်ကိုတင်ဖို့ ကြိုးစားနေပါ တယ်။ ဘေးအန္တရာယ်ကင်းရှင်းရေးကလည်း တော်တော်များများပြီးပြီ။ ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာလုပ်တာ နိုင်ငံတော်သမ္မတရုံး ထိတောင်တင်ပြီးတဲ့အခြေအနေထိ ရောက်ပြီး ပြီ။ ရက် ၁ဝဝ အတွင်းမှာတော့ လွှတ်တော်ကို တင်ပြနိုင်ဖို့အတွက်တော့ ပြင်နေပါတယ်။

ကျွမ်းကျင်လုပ်သား မွေးထုတ်ရေးအတွက် က အပိုင်းနှစ်ပိုင်းပါတယ်။ တစ်ပိုင်းက လူ့ စွမ်းအားအရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်ရမယ်။ ကျွမ်းကျင်လုပ်သားကို မွေးထုတ်ရမယ်။ နောက်တစ်ခုက အာဆီယံအသိုက်အဝန်း (AEC) စတဲ့အခါမှာ အလုပ်သမားရေးရာ ဆိုင်ရာမှာ ကျွမ်းကျင်တဲ့အလုပ်သမားတွေဟာ အပြန်အလှန်သွားရောက်လုပ်နိုင်ရမယ် ဆိုပါ တယ်။ ဒါတွေကို ဆောင်ရွက်နိုင်မှသာလျှင် ကိုယ့်နိုင်ငံက အခွင့်အရေးရမှာပါ။ ဒါကြောင့် အခွင့်အရေးကောင်းတွေရဖို့ အလုပ်သမား ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ရေးဆွဲခဲ့တယ်။ ရေးဆွဲပြီးတော့ ကျွမ်းကျင်မှုစံတွေနဲ့ ပတ်သက် တာတွေကို ရေးဆွဲတယ်။ ပြီးတဲ့အခါမှာ ဒီ ၁၇၃ မျိုးထဲကနေပြီးတော့မှ မြန်မာနိုင်ငံရဲ့ လိုအပ်တဲ့ အလုပ်အကိုင် ၂၅ မျိုးကို ရေးပြီး တော့ ကျွမ်းကျင်တဲ့ အသိအမှတ်ပြုလက်မှတ် တွေ ထုတ်ပေးနိုင်အောင်လုပ်နေတယ်။ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်တဲ့ အခါမှာ ကျွမ်းကျင်မှုရှိတာနဲ့ ကုန်ထုတ် စွမ်းအားက တက်လာမှာပဲ။ ကုန်ထုတ်စွမ်း အား တက်လာတာနဲ့အမျှ စီးပွားရေးလည်း ဖွံ့ဖြိုးလာမှာပဲ။ ဒီလိုဆက်သွယ်မှုတွေကို အလုပ်ရှင်တွေဘက်ကလည်း သိပါတယ်။ အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုကိစ္စရပ်မှာ ဆိုရင် အလုပ်ရှင်တွေက ပူးပေါင်းပါဝင်ဖို့လို တယ်။ အလုပ်သမားတွေကိုလည်း ကျွမ်းကျင် မှုရှိတဲ့ သင်တန်းတွေကို ပေးဖို့လိုပါတယ်။ ဒါကလည်း အရေးကြီးတယ်လို့ထင်ပါတယ်။

လူမှုဖူလုံရေးအဖွဲ့မှာ ဆေးရုံကြီးက သုံးခု ရှိပါတယ်။ ဆေးခန်းတွေက ၉၄ ခန်းရှိပါတယ်။ နောက်တစ်ခါ ဌာနကြီးဆေးခန်းဆိုတာ သက်ဆိုင်ရာ စက်ရုံအလုပ်ရုံတွေမှာရှိတဲ့ ဆေးခန်းတွေနဲ့ပေါင်းပြီး ဖွင့်လှစ်ထားတာပါ။ တိုင်းရင်းဆေးနဲ့ပတ်သက်လို့ ဆေးခန်း တစ်ခန်းလည်းရှိပါတယ်။

ဒါပေမယ့် တကယ်တမ်း လူမှုဖူလုံရေး အကျိုးထည့်ဝင်တဲ့ အလုပ်သမားတွေက တဖြည်းဖြည်းများလာတော့ အခုဆို ရှစ်သိန်း ကျော်လောက်ရှိသွားပြီ။ ဆေးရုံ၊ ဆေးခန်း နည်းတဲ့အခါကျတော့ မလွှမ်းခြုံနိုင်ဘူး။ နည်း နေတာပါ။ ပုဂ္ဂလိကအနေနဲ့ ပေါင်းပြီးလုပ် တာက သုခမင်္ဂလာဆိုတဲ့ ကျန်းမာရေး ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီနဲ့ ပူးပေါင်းလုပ် တာရှိတယ်။ ကဲဝဲလ်ဆိုတဲ့ဟာရှိမယ်။ သုခ မင်္ဂလာနဲ့က ရန်ကုန်အလုပ်သမားဆေးရုံကြီး မှာ ဓာတ်ခွဲခန်းတွေစပြီ။ တချို့နယ်တွေကို ရွေ့လျားဆေးကုသယာဉ်တွေနဲ့ ဆင်းပြီး ကျန်းမာရေးဆေးကုသပေးနေတာတွေ ဒါတွေ ကို လုပ်တယ်။ ကဲဝဲလ်လိုဆေးခန်းမျိုးနဲ့ဆို လှိုင်သာယာလို အလုပ်သမားထုများတဲ့ ဆေး ခန်းနဲ့အတူ ပိုပြီးတော့လုပ်နိုင်အောင်၊ ကူညီ ပေးနိုင်အောင် လုပ်နေတာရှိတယ်။

နောက်လီယိုဆိုတဲ့ ကုမ္ပဏီတစ်ခုနဲ့လည်း ရွှေ့လျားသွားပြီးတော့ ဆေးကုသတဲ့ယာဉ်ကြီး ပါ။ ဒါတွေနဲ့ဆောင်ရွက်နေတာပါ။ အဓိက ကတော့ ဆေးရုံ၊ ဆေးခန်းတွေ အပြည့်အဝ မဖွင့်နိုင်တဲ့အတွက်ကြောင့် လူမှုဖူလုံရေး အာမခံကြေးပေးထားတဲ့ အလုပ်သမားတွေ ကို တတ်နိုင်သမျှ ကာကွယ်ပေးနိုင်ဖို့၊ ဆေး ကုသခွင့်ပေးနိုင်ဖို့ တာဝန်ယူဆောင်ရွက်နေ တာတွေရှိပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကြားမှာ ထိုင်းနိုင်ငံနဲ့ မြန်မာ နိုင်ငံအစိုးရတို့ကြားမှာ ပူးပေါင်းဆောင်ရွက်မှု ဟာ တစ်စတစ်စ အရှိန်လည်းရပါတယ်။ တကယ့်ရလဒ်ကောင်းတွေ အများကြီးရလာ ပါတယ်။ အရင်တုန်းက အစည်းအဝေးတွေမှာ ပြောမယ်ဆို နှစ်နိုင်ငံအစည်းအဝေးတွေမှာ အကြိတ်အနယ်ဆွေးနွေးပြီး သဘောတူညီမှု မရတဲ့ အခြေအနေတွေရှိခဲ့ပါတယ်။ နောက် ပိုင်းမှာကျတော့ ကျွန်တော်တို့က အချက် အလက်တွေနဲ့ ပြောဆိုထောက်ပြတာမို့ ဒါတွေ အပေါ်မှာ လက်ခံလာတယ်။

အခုဆိုရင် ပြုလုပ်ခဲ့တဲ့ ညှိနှိုင်းအစည်း အဝေးမှာ နိုင်ငံသားတွေအတွက် တကယ့်ကို ရလဒ်ကောင်းတွေရခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ လေးနှစ်ပြည့်ပြီးရင် မြန်မာပြည်ပြန်ပြီးမှ နောက်တစ်ကြိမ်ဝင်ရမယ်ဆိုတဲ့ဟာမှာ လေး နှစ်ပြည့်ပြီးတာပဲဖြစ်ဖြစ်၊ ခြောက်နှစ်ပြည့်တာ ပဲဖြစ်ဖြစ် ဆယ်နှစ်အထိ နှစ်တွေတိုးပြီး လုပ် ပေးသွားမယ်ဆိုတဲ့ ဒါမျိုးတွေလည်း သဘော တူခဲ့ကြတယ်။ နောက်တစ်ခါ အထောက် အထားမရှိလည်း မြန်မာအလုပ်သမားတွေကို ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ကတ်ပြား တွေကို ထုတ်ပေးခဲ့တယ်။ တကယ်တမ်းကျ တော့ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ထုတ်ပေး တယ်။ ဒီကတ်ပြားကိုင်ထားရင် ဥပမာ-ဗန်ကောက်နေတဲ့သူက တောင်ပိုင်းသွားချင် ရင် သွားလို့မရဘူး။ ပြီးခဲ့တဲ့ အစည်းအဝေး တွေမှာ ဒါတွေကိုလည်း သွားခွင့်ပြုပါလို့ တောင်းဆိုတဲ့အခါမှာ အခုထိုင်းနိုင်ငံအစိုးရ က ကြေညာပြီ။ တရားဝင် ပြည်ထဲရေးဝန်ကြီး ဌာနကနေ ခုနစ်ရက်သွားခွင့်ပြုတယ်လို့ပါ တယ်။ ဘာပဲပြောပြော ကျွန်တော်တို့ ထောက် ပြခဲ့တာက အလုပ်သမားတွေအတွက် တကယ့် ကို ကောင်းတဲ့အခွင့်အရေးတစ်ခုက ရက် ပေါင်း ၉ဝ ပြည့်ရင် ထိုင်းလဝကမှာသွားပြီး တော့ သူရှိနေပါတယ်၊ အလုပ်လုပ်ပါတယ်လို့ သွားတင်ပြရတယ်။

အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပြော ခဲ့တာက သူများနိုင်ငံကိုလည်း ဘုမသိဘမသိ ရောက်လာတယ်။ ပြီးရင် ထိုင်းလဝကမှာသွား ပြီး ရက်ပေါင်း ၉ဝ မှာ သတင်းပို့ရတယ်ဆိုတဲ့ ကိစ္စရပ်က ဒါကလက်တွေ့နဲ့မဆိုင်ဘူး။ ပြဿနာကိုဖြစ်စေတယ်။ အဲဒီအချက်ကိုလည်း လျှော့ပေးတဲ့ ကိစ္စတွေပေါ့နော်။ ဒီနှစ်နိုင်ငံမှာ နောက်ဆုံးဆွေးနွေးပွဲကျတော့ တိုးတက်မှုက အများကြီးရှိလာတယ်။ တစ်ခုပဲရှိတယ်။ ကျွန်တော်တို့နိုင်ငံက အလုပ်သမားတွေက လည်း သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေနဲ့အညီ နေကြဖို့လိုပါတယ်။ တရားမဝင်မသွားဖို့ဆို တာလည်း လိုပါတယ်။ တချို့နေရာတွေမှာ လည်း အော်နေတာတွေရှိပါတယ်။ လုပ်ခ လစာအပြည့်မရလို့ သူသတ်မှတ်တဲ့ ဘတ်ငွေ ၃ဝဝ မရလို့ ထိုင်းနိုင်ငံနဲ့ပတ်သက်တဲ့ ဒီ Issue တွက အများကြီး။

သူတို့ဖြေရှင်းတာ တရားဝင်အလုပ်သမား အထောက်အထားရှိခဲ့ရင် ဘတ် ၃ဝဝ မရရင် အချိန်မရွေးတိုင်။ အရေးယူပေးမယ်ဆိုတာ ရှိခဲ့တယ်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဟာ ကောင်းတယ်။ အလုပ်သမားတွေရဲ့ အခွင့် အရေးဟာ အရင်ကထက်ပိုလာပါတယ်။ အချုပ် ပြောရရင်တော့ အလုပ်သမားတွေ တရားဝင် ဖြစ်ဖို့ တရားမဝင်ရောက်သွားရင်တောင် တရားဝင်ဖြစ်မယ့်လမ်းကြောင်းတွေ ပြန်လုပ် ပေးနေတယ်။ နောက်ပြီး ထိုင်း-မြန်မာနှစ်နိုင်ငံ အကြား ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအလုပ်ခန့်ထားရေးဆိုင်ရာ ကျွမ်းကျင်သူများ ညှိနှိုင်းအစည်းအဝေးမှာ အတည်ပြုခဲ့ပြီးဖြစ်တဲ့ ထိုင်းဘုရင့်နိုင်ငံအစိုးရ နဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရတို့အကြား အလုပ်သမားများ အလုပ် ခန့်ထားရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU)ကို နှစ်နိုင်ငံညှိနှိုင်းပြီး မေလ (သို့ မဟုတ်) ဇွန်လအတွင်းမှာ လက်မှတ်ရေးထိုး ဆောင်ရွက်သွားဖို့လည်း ရှိပါတယ်။

အခုလိုဖြေကြားပေးတဲ့ ဝန်ကြီးနဲ့ အမြဲတမ်းအတွင်းဝန်တို့ကို ကျေးဇူးတင်ပါ တယ်ရှင့်။ ။




No comments:

Post a Comment