Friday, June 3, 2016

မြောက်ဒဂုံ-ဆူးလေသွား ၂၃၅၊ ၂၄၅၊ ၂၅၅ လိုင်းကား




သတင်းဆောင်းပါး
ကျော်ဒင်အောင်(သာယာဝတီ)

ရန်ကုန်မြို့နေ ပြည်သူအများစုသည် နံနက်မိုးလင်းသည်နှင့် နီးစပ်ရာ  ကားမှတ်တိုင်များသို့  အပြေးအလွှားသွားကာ လိုင်းကားတိုးစီး၍ မိမိအလုပ်ရှိရာသို့ အချိန်လုပြေးကြရ သည်။  အလုပ်ရှိရာဌာနများသို့  အချိန်မီရောက်ရန် ကားလမ်းပိတ်သောကြောင့် အိမ်မှ နှစ်နာရီခန့် (မြို့တွင်း မြို့ပြင်) စောထွက်ရသည်။ နံနက် ၉ နာရီအလုပ်ထဲအရောက် သွားရမည်ဆိုလျှင် နံနက် ၇ နာရီ ကားမှတ်တိုင်ရောက်ရှိရန် ၅ နာရီအိပ်ရာမှထ၍ ပြင်ဆင်ရသည်။ ကားပေါ်၌ ထိုင်ခုံ မရသည့်နေ့များတွင် မတ်တတ်ရပ်တိုးဝှေ့စီးရသောကြောင့် လုပ်ငန်းခွင်ရောက်သည့်အခါ ပင်ပန်းနွမ်းနယ်ပြီး အလုပ် ကို အာရုံအပြည့်အဝမထားနိုင်၊ လိုင်းကားစီး၍ လုပ်ငန်း ဌာနများသို့ သွားရသူများ၏ ဒုက္ခများ၊ အခက်အခဲများ သည်  များလှပါသည်။  ထိုအခက်အခဲဒုက္ခများအပြင် ကားဒရိုင်ဘာနှင့်    စပယ်ယာများကြောင့်ြေ>ွမပူရာ ကင်းမှောင့်ဆိုသကဲ့သို့   ရှိပါသည်။    အထူးသဖြင့်      မြောက်ဒဂုံ-ဆူးလေပြေးဆွဲနေသည့် ၂၃၅၊ ၂၄၅၊ ၂၅၅ လိုင်းကားများ၏  စည်းကမ်းမဲ့အခြေအနေများကို    တင်ပြ လိုပါသည်။

''စပယ်ယာအော်တော့မှ ရိုင်းတယ်မပြောနဲ့။ မစီးချင် ဆင်းသွားလို့ရတယ်။  ကဲ ဘာလုပ်မှာလဲ  လိုက်မှာလား။ မှတ်တိုင်ကြိုပြောထားတယ်။     အပေါက်ဝထွက်ထား ကိုယ်ပိုင်ကားပေါ်ထိုင်သလို  ထိုင်မနေနဲ့။ ထိုင်ချင်ရင် ကိုယ်ပိုင်ကားဝယ်စီး။ တက္ကစီငှားစီး'' စသည်ဖြင့် ယင်း စကားလုံးများသည် အယဉ်ကျေးဆုံးအသုံးအနှုန်းများ ဖြစ်သည်။ ဒီထက်ဆိုးသည့်စကားလုံးများ ရေးပြလို့မသင့် တော်။

လိုင်းကားများ၏ ယာဉ်နောက်လိုက်များ၊ ယာဉ်မောင်းများမှာ ယဉ်ကျေးသူ များရှိသလို ရိုင်းပျသူများလည်းရှိပါသည်။ သို့သော် စာရေးသူနေ့စဉ်စီးနေသည့်  အထက်ဖော်ပြပါ မြောက်ဒဂုံ-ဆူးလေလိုင်းကားများ၏ ယာဉ်နောက်လိုက်များ သည် ယဉ်ကျေးသူ မတွေ့ရသလောက် ရှားသည်။ ယင်းလိုင်းကားများမှာ မီနီ  ဘတ်စ်(အများအခေါ်-ဘီအမ်)၊ ထိုင်ခုံအရှိ ခရီးသည်တင်ပါက ၅ဝ ခန့်သာ  တင်လို့ရသော်လည်း မှတ်တိုင်မှ ခရီးသည်တက်လျှင် တက်သလောက် တင်ကြ သည်။  ထိုင်ခုံနှစ်တန်းကြားတွင် တစ်ယောက်သာ ရပ်လို့ရသည့်နေရာမှာ  ကျောချင်းကပ် နှစ်တန်းတင်သည်။ ခရီးသည်တင်ခြင်းသည် စီးပွားရေးအရ  နေ့တွက်ဝင်ငွေအဆင်ပြေရန် တင်ခြင်းဖြစ်၍ မပြောလိုပါ။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စည်းကမ်းမဲ့မောင်းနှင်ခြင်း၊ ခရီးသည် များအား ပြောဆိုဆက်ဆံခြင်း၊ လိုင်းကားပေါ်မှ ခရီးသည်များလိုက်ပါရသည့် အခြေအနေများကို တင်ပြလိုပါသည်။ စာရေးသူသည် ယင်းလိုင်းများဖြင့်  ရုံးဆင်း၊ ရုံးတက်စီးလာသည်မှာ ခြောက်နှစ်ဝန်းကျင်ရှိပြီဖြစ်ပါသည်။ လမ်းပိတ် သဖြင့် မြောက်ဒဂုံ-ဆူးလေ ကြာမြင့်ချိန်သည် တစ်ခါတစ်ရံ တစ်နာရီခွဲခန့် ကြာသည်။ အသွား၊ အပြန်အချိန်မှာ ၃ နာရီခန့်ဖြစ်သည်။ လိုင်းကားပေါ်တွင်  ဒရိုင်ဘာ၊ စပယ်ယာတို့နှင့် မျက်နှာချင်းဆိုင် အတူနေရသည့် အချိန်သည်  မိသားစုနှင့် အတူနေရသည့်အချိန်ထက် များပါသည်။

လိုင်းကားများ  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း  မလိုက်နာဘဲ  လမ်း ပြောင်းပြန်မောင်း၍ ကျော်တက်၊ မိမိယာဉ်လိုင်းအတိုင်း မမောင်း၊ ကြားလမ်း များမှ ဖြတ်မောင်းခြင်း၊ မှတ်တိုင်မဟုတ်ဘဲ ခရီးသည်တင်ခြင်း၊ ချခြင်း စသည် တို့မှာ အားလုံးအသိဖြစ်ပါသည်။ ခရီးသည်များ၏ အသက်ပေါင်းများစွာသည်  သင့်လက်ထဲတွင် ရှိသည်ဆိုသည့် သတိပေးစကားကိုလည်း ဥပေက္ခာပြုထား ကြသည်။

ခရီးသည်များ လိုင်းကားစီးနင်းရသည့်အခြေအနေသည် နေ့စဉ် အသက် အန္တရာယ်ရှိလှသည့်ရက်များမှ   သီတင်းကျွတ်ကာလတစ်ရက်  ဆူးလေမှ မြောက်ဒဂုံအပြန် လိုင်းတူ ဘီအမ်တစ်စီးက ကျော်တက်စဉ် စာရေးသူ လိုက်ပါ လာသည့် လိုင်းကားမှ ဒရိုင်ဘာပေါ်သို့ ဗြောက်အိုးတစ်လုံးပစ်ထည့်လိုက် သည်။ ဒိုင်းခနဲ ပေါက်ကွဲသံနှင့်အတူ ကားပေါ်ရှိ ခရီးသည်များအားလုံး  အထိတ်တလန့် ဖြစ်ကုန်ကြသည်။ တစ်ဖက်လိုင်းကားပေါ်မှ ဗြောက်အိုး ပစ်ထည့်သည့် လူငယ်ဒရိုင်ဘာက သူ၏ အောင်မြင်မှုကို လက်မထောင်ပြ ကာ  အရှိန်ဖြင့်မောင်း၍  ကျော်တက်သွားသည်။  စာရေးသူစီးလာသည့် လိုင်းကားမှ ဒရိုင်ဘာက ဒေါသဖြင့်  ဝရုန်းသုန်းကား ဟိုကျော်ဒီဖြတ်ဖြင့်  လိုက်သည်။ ကားဘေးချင်းယှဉ်မိသည့်အခါ ဗြောက်အိုးတစ်လုံးဆွဲထုတ် မီးခြစ် ဖြင့် မီးတို့ပြီး တစ်ဖက်လိုင်းကား ဒရိုင်ဘာပေါ်သို့ ပစ်သည်။ (ဒရိုင်ဘာခန်း သည် လက်ဝဲဘက်တွင် ရှိသောကြောင့် လက်ယာဘက်ကားရှေ့ ခေါင်းခန်း၌  စီးလာသူ ခရီးသည်အပေါက်မှ တစ်ဖက်ကားဒရိုင်ဘာပေါ်သို့ ပစ်သည်။)ကားကအရှိန်ဖြင့် မောင်းနှင်နေသောကြောင့် လက်မှန်းမတည့် တံခါးပေါင် ကို ထိမှန်၍ ခရီးသည်ပေါင်ပေါ်ကျကာ ဒိုင်းခနဲ ပေါက်ကွဲသည်။ (ခရီးသည်က  မိန်းကလေး) ''လုပ်ကြပါဦး'' အလန့်တကြားအော်ပြီး လုံချည်ကို ပျာပျာသလဲ ခါသည်။ (ဒရိုင်ဘာက ဆောရီးအစ်မ တစ်ခွန်းပြောသည်)။ ဗြောက်အိုးနောက် တစ်ခုပစ်ဖို့ ထပ်ထုတ်သည်။

စာရေးသူက ဆက်မလုပ်ဖို့ ဂတ်စ်ဖြင့် မောင်းသည့်ကားဖြစ်၍ အန္တရာယ် များကြောင်းပြော၍ သတိပေးသည်။ ဒရိုင်ဘာက ''သေမှာကြောက်ရင်ဆင်းလေ'' ဟု ပြောသည်။ ခရီးအတူမသွားသင့်သူနှင့် မသွားခြင်းသည် အကောင်းဆုံး ဖြစ်၍  ရှေ့မှတ်တိုင်၌  ဆင်းလိုက်ပါသည်။ ဒရိုင်ဘာနှင့် စပယ်ယာတို့၏  အသက်များသည် (၂ဝ)ကျော် (၃ဝ) ဝန်းကျင်သာရှိမည်။ ခရီးသည်များ၏  အသက်ပေါင်းမြောက်မြားစွာအား  ဝကွက်အပ်ထားရသည်။  ဒရိုင်ဘာ၊ စပယ်ယာများ၏ အသွင်သဏ္ဌာန်သည် ယုံကြည်စိတ်ချစရာ အသွင်အပြင် ရှိရန် လိုပါသည်။ ခရီးသွားပြည်သူများမှာ ရွေးချယ်စရာ အခွင့်အလမ်းမရှိ။  အသက်ကိုရင်း၍  စီးနေကြရသူများဖြစ်ပါသည်။  ထိုသို့ ဖြစ်ပျက်နေသည့် အခြေအနေကို ကားပေါ်မှ လိုက်ပါလာသူခရီးသည်များက ဝိုင်းဝန်းတားသင့်၊  ဖျောင်းဖျသင့်သည်။ သို့သော် မည်သူမျှ ပြောဆိုတားမြစ်ခြင်းမရှိကြသည့် အပြင် တားမြစ်သည့် စာရေးသူအနားမှ ခရီးသည်များပင် ခပ်ဝေးဝေးသို့  ခွာသွားကြသည်။

မိမိဝန်းကျင် လူ့အသိုင်းအဝိုင်း၌ ဥပဒေနှင့်မညီ (အကြောင်းအမျိုးမျိုး ကြောင့် ဥပဒေလက်တံမမီသော ဥပဒေမသက်ရောက်နိုင်သေးသော အခြေ အနေမှ) စည်းမဲ့ကမ်းမဲ့ပြုနေသူများကို ဝိုင်းဝန်းတည့်မတ်ပေးမှသာ စည်းကမ်း ရှိသော ပြည့်စုံသည့် လူမှုအသိုင်းအဝိုင်းတစ်ခု ဖြစ်ထွန်းလာပေမည်။ ဥပဒေ နှင့် အာဏာပိုင်အဖွဲ့အစည်းကိုချည်း အားကိုး၍မရ။ ပြည်သူများ မိမိအသိစိတ် ဖြင့် ပြုပြင်ထိန်းကျောင်းသင့်သော်လည်း အသက်သာ အသေခံမည် စကား နည်း ရန်စဲနေကြသည်ကို တွေ့ရပါသည်။

စည်းကမ်းမဲ့ခြင်း နောက်တစ်နည်းမှာ ''ကားဖိုက်နေလို့ (ကားအပြိုင် မောင်း၍ မှတ်တိုင်ကို လုဝင်ခြင်းကို ဆိုလိုသည်။) တန်းတွေ ကွင်းတွေကိုင်ထား၊  လိုအပ်ရင် ဘရိတ်သုံးမယ်'' ကားဖိုက်နေသည့် အခိုက်အတန့်သည် အသက်ပင် မရှူရဲ၊  တချို့အမျိုးသမီးများ  မျက်လုံးစုံမှိတ်ကာ  ဘုရားစာရွတ်ကြသည်။ ကားကြိုကားကြား ဟိုဖြတ်သည်ကျော် အဝေးပြေးလမ်းမ၌ တစ်စီးတည်းပြေး နေသည့်အလား အရှိန်ဖြင့် မောင်းနေစဉ် ရှေ့မှ ကားတစ်စီးထိုးရပ်ခြင်း၊ မီးပွိုင့် အစိမ်းကို လွတ်မည်အထင်ဖြင့် ဖြတ်မောင်းစဉ် မီးဝါသွား၍ ဘရိတ်ဆောင့် အုပ်သည့်အခါ ခရီးသည်များအားလုံး အလဲလဲအပြိုပြို ဖြစ်ကြရသည်။

စာရေးသူလည်း အရှိန်ဖြင့် လွင့်သွားစဉ် ခြေထောက်ဘရိတ်အုပ်ရာ ဖိနပ်ပြတ်ဖူးသည်။ ကားစီးနေရင်း ကားပေါ်၌  ဖိနပ်ပြတ်ခြင်းသည် ကိုယ်တိုင် ကြုံဖူးသူများမှသာ ယုံကြည်နိုင်သည်။ ခရီးသည်များမှာ တစ်ဦးကိုတစ်ဦး နားလည်ဖေးမကူညီကြသည်။

ယင်းသို့ စည်းမဲ့ကမ်းမဲ့မောင်းခြင်း၏ အကြောင်းအရင်းနောက်တစ်ခု ရှိပါသေးသည်။ ဒရိုင်ဘာ၏ လက်ယာဘက် သံဃာတော်များသာဆိုသည့်  ထိုင်ခုံတွင်  အမျိုးသမီးကြီးတစ်ဦး  ယပ်တောင်တဖျပ်ဖျပ်ခတ်ပြီး  ဒရိုင်ဘာ၊ စပယ်ယာကို ညွှန်ကြားမောင်းစေခြင်းကြောင့် အရှိန်ဖြင့် စည်းမဲ့ကမ်းမဲ့ မောင်းခြင်းကိုလည်း ကြုံတွေ့ဖူးသည်။ အမျိုးသမီးကြီး ညွှန်ကြားချက်ကြောင့်  အရှိန်ဖြင့်မောင်းခြင်းသည်  ကားဖိုက်၍ စည်းမဲ့ကမ်းမဲ့ မောင်းခြင်းထက် ဆိုးပါသည်။ အကြောင်းမှာ ထိုအမျိုးသမီးကြီးက ''နင်ဘယ်လိုမောင်းနေတာလဲ၊  ဒီလိုမောင်းနေလို့ ထမင်းဝမယ်၊ အုံနာကြေး ကျေအုံးမယ်၊ ကျော်စရာရှိကျော်၊  ဖြတ်စရာရှိဖြတ်၊ ကြောက်တတ်ရင်၊ လူပါးမဝရင် လိုင်းကားပေါ် တက် မမောင်းနဲ့၊ စည်းကမ်းလိုက်နာလို့ နင့်ကို ဘယ်သူမှ ဆုမပေးဘူး။ ထမင်း မကျွေးဘူး။ အုံနာကြေးမပေးဘူး၊ ဟဲ့ ...စပယ်ယာ ကားကွက်ကိုကြည့်ဦး၊  ...ကောင်တွေ၊ ငါမပြောလိုက်ချင်ဘူး'' စသည်ဖြင့် အောင်ဟစ်ပြောဆိုရာ  ကားဒရိုင်ဘာသည် ခရီးသည်များအား အနည်းငယ်စောင်းငဲ့ကြည့်ပြီး မျက်နှာ နီးမြန်း၍ ရှက်ရှက်ဖြင့် သုတ်ခြေတင်မောင်းပါတော့သည်။ (အဆိုပါ ဒရိုင်ဘာ သည် မီးနီနေသော်လည်း တစ်ဖက်ယာဉ်ကြောမှ ဖြတ်မောင်းမည့်ကားမရှိ လျှင် မီးနီကို ဖြတ်မောင်းသည်။ ကားခေါင်းခန်း၌ အုံနာလား၊ ဇနီးလား  ငွေရှင်လားလိုက်ပါ၍ ညွှန်ကြားမောင်းစေခြင်းသည် အန္တရာယ်များလှသည်။

အုံနာကြေး ကျေရေး၊ နေ့တွက်ကိုက်ရေးအတွက် အလျင်အမြန် ခရီးသည် များကို ဆွဲချ၊ တွန်းတင်ခြင်းသည် ရိုးနေချေပြီ။ အဆန်းတော့မဟုတ်ပါ။ ခရီးသည်များကလည်း နားလည်ပေးကြပါသည်။ သို့သော်လည်း ပိုက်ဆံ ရတိုင်း တင်၍ရပါသလား။ ထိုလိုင်း၌ နေ့စဉ် နံနက်တိုင်း လိုက်ပါသည့် စိတ်ဝေဒနာသည် (ကြည့်လျှင် အဝတ်အစားကအစ မထင်ရ) ကို အမြဲတင် သည်။ ထိုအမျိုးသမီးကလည်း ပိုက်ဆံပေးစီးပါသည်။ တစ်ခါတစ်ရံ ထိုအမျိုး သမီးသည် သူမအနီးရှိ ခရီးသည်အမျိုးသားများအား သူ့ကိုထားခဲ့သည်။ ကျောသွားသည်ဟု  အော်ဟစ်ပြောဆိုကာ  ထီးဖြင့် ရိုက်တတ်ပါသည်။ အမျိုးသမီးများကိုလည်း ''.....ခိုးမ'' ဟုဆိုကာ ရန်တွေ့လေ့ရှိပါသည်။  ခရီးသည်များအတွက် အန္တရာယ်များလှပါသည်။ ဓားပါလျှင် မည်သို့ရှိမလဲ (ထိုလိုင်းကားအား အမြဲစီးသူများက  အကြောင်းသိ၍ သူမအနားမနေကြပါ။)  စိတ်ဝေဒနာသည်ဖြစ်သူက ပိုက်ဆံပေးစီး၍ တင်ခေါ်သော်လည်း သီလရှင် အိုကြီးများ၊ ဘုန်းကြီးအိုကြီးများနှင့် အဘိုးအို၊ အဘွားအိုများကို အတင်၊ အချ ကြာမည်စိုး၍ မတင်/မရပ်ပေး။ ဥပဒေတွင် စိတ်ဝေဒနာသည်ကို လိုင်းကားများ တင်ခွင့် ရှိ/မရှိတော့ မသိပါ။

ယင်းယာဉ်လိုင်းမှ အသက် (၅ဝ)ခန့် ဒရိုင်ဘာတစ်ဦးက ¤င်းသည် စည်းကမ်း နှင့်အညီမောင်းကြောင်း၊  လိုင်စင်အပိတ်မခံနိုင်ကြောင်း၊  လိုင်စင်မရှိလျှင်  မိသားစုထမင်းငတ်မည်ဖြစ်ကြောင်း၊   လိုင်စင်မဲ့  မောင်းသူများကြောင့် ယာဉ်လိုင်း  ၂၃၅၊ ၂၄၅၊ ၂၅၅  နာမည်ပျက်ကြောင်း၊  စည်းကမ်းမဲ့ မောင်းနှင်သူအများစုသည် လိုင်စင်မရှိသူများဖြစ်ကြောင်း ပြောသည်။ လူငယ် များသည်  ယာဉ်တိုက်မှုဖြင်လျှင်  ထွက်ပြေးကြောင်း၊  တာဝန်ရှိသူများက လိုင်စင်မဲ့တက်မောင်းသူများကို တင်းတင်းကျပ်ကျပ် စိစစ်၍ အရေးယူပေး စေလိုကြောင်း၊ လိုင်စင်ရှိ ဒရိုင်ဘာများသည် ခရီးသည်ပါးသည့် စနေ၊ တနင်္ဂနွေ  ရုံးပိတ်ရက်များတွင် နားလေ့ရှိကြောင်း၊ လိုင်စင်မဲ့လူငယ် ဒရိုင်ဘာများက  ထိုနေ့တွင် မောင်းကြကြောင်း၊ ပို၍များကြောင်း ပြောသည်။

မြောက်ဒဂုံ-ဆူးလေ လိုင်းကားများ၏ အခြေအနေကို ရေးသားတင်ပြ သော်လည်း အခြားယာဉ်လိုင်းများတွင်လည်း ထိုယာဉ်လိုင်းကဲ့သို့ ခရီးသည် များ၏ အန္တရာယ်များ မလုံခြုံမှု မိမိထက် တစ်နာရီ၊ တစ်မိနစ်၊ တစ်စက္ကန့်ကြီးသူ တို့အား မလေးစားမှု၊ ရိုသေမှုမရှိ ယဉ်ကျေးမှုအားနည်းသည့် ဆက်ဆံရေး မပြေပြစ်သော ဒရိုင်ဘာ၊ စပယ်ယာများ များစွာ တွေ့ဖူးကြပေလိမ့်မည်။ အစိုးရသစ်သည်  လမ်းအန္တရာယ်ကင်းရှင်းရေး၊ ကားလမ်းပိတ်သည့်ပြဿနာ၊  မီးပွိုင့်စနစ်၊ ယာဉ်ထိန်းရဲတို့၏ တာဝန်ပိုင်းစသည်ဖြင့် တိုးမြှင့်ဆောင်ရွက် သည်ကိုလည်း တွေ့ရှိပါသည်။

သို့သော်  အထက်ဖော်ပြပါ  ဒရိုင်ဘာ၊ စပယ်ယာများနှင့် ခရီးသည် များအကြား  ဖြစ်ပေါ်နေသည့်အခြေအနေများတွင်  လိုင်စင်မရှိစည်းကမ်းမဲ့စွာ မောင်းနှင်သူများအား  စိစစ်၍  အရေးယူခြင်း၊  လိုင်စင်ရှိသူများကိုလည်း စည်းကမ်းနှင့်အညီ မောင်းနှင်စေခြင်း၊ ဒရိုင်ဘာ၊ စပယ်ယာတို့အား တစ်ဦးချင်း စိတ်ဓာတ်များကို မြှင့်တင်ပေးကာ ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ  ယုံကြည်မှုဖြင့် လိုင်းကားစီးနိုင်ရေးများကို ဆောင်ရွက်ပေးစေလိုပါသည်။    ။

No comments:

Post a Comment