Wednesday, June 29, 2016

အီတလီအသင်း ကွာတားဖိုင်နယ်တွင် ဂျာမနီအသင်းနှင့် တွေ့မည်




The Mirror Daily's photo.


ယူရို ၂ဝဝ၈ နှင့် ယူရို ၂ဝ၁၂ ချန်ပီယံ စပိန်အသင်းသည် ယူရို ၂ဝ၁၆ ပြိုင်ပွဲ၏ ၁၆ သင်းအဆင့်တွင် အီတလီအသင်းအား နှစ်ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ရပြီးနောက် ပြိုင်ပွဲမှထွက် လိုက်ရပြီဖြစ်သည်။ အီတလီအသင်းနှင့် စပိန်အသင်းတို့၏ ပွဲစဉ်တွင် အီတလီအသင်းသည် ချီယယ်လီနီနှင့် ပယ်လီတို့၏ သွင်းဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းလာခဲ့ရာ ကွာတားဖိုင်နယ်အဆင့်တွင် ၂ဝ၁၄ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းနှင့် ထိပ်တိုက် ရင်ဆိုင်ရမည်ဖြစ်သည်။

အီတလီအသင်းသည် ယခုယူရို ၂ဝ၁၆ ပြိုင်ပွဲ၏ ၁၆ သင်းအဆင့်ပွဲစဉ်တွင် စပိန်အသင်းအား အနိုင်ရရှိ ခဲ့ခြင်းကြောင့် စပိန်အသင်းနှင့် ထိပ်တိုက်ဆုံတွေ့ခဲ့သည့် နောက်ဆုံးငါးပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်နိုင် ခဲ့ပြီဖြစ်သည်။

အီတလီအသင်းသည် ၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တွင် စပိန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်ပြီးနောက် စပိန်အသင်းကို တစ်ပွဲမှ နိုင်ပွဲမရရှိခဲ့ပေ။ စပိန်အသင်းသည် အီတလီအသင်းအား ရှုံးနိမ့်ခဲ့ရခြင်းကြောင့် သုံးကြိမ်ဆက်တိုက် ယူရိုချန်ပီယံ ဖြစ်မည့်အခွင့်အရေးကိုလည်း ဆုံးရှုံးလိုက်ရပြီဖြစ်သည်။

လက်ရှိတွင် ယူရို ၂ဝ၁၆ ပြိုင်ပွဲ၏ ၁၆ သင်း အဆင့်ပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့ပြီးဖြစ်သောကြောင့် ကွာတားဖိုင်နယ်အဆင့်တွင် ပိုလန်အသင်းသည် ပေါ်တူဂီ အသင်းနှင့်လည်းကောင်း၊ ဝေလအသင်းသည် ဘယ်လ် ဂျီယံအသင်းနှင့်လည်းကောင်း၊ ဂျာမနီအသင်းသည် အီတလီ အသင်းနှင့်လည်းကောင်း၊ အိမ်ရှင်ပြင်သစ်အသင်းသည် အိုက်စလန်အသင်းနှင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
(အလင်းသစ်)

No comments:

Post a Comment