Friday, July 1, 2016

1.7.2016...ကြေးမုံ စာတည်းရှုထောင့်




အခြေခံပညာအထောက်အပံ့ကောင်းပျိုးထောင်


အခြေခံပညာမြင့်မားရေးအတွက် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နေသည်ကို မြင်တွေ့နေရသည်။ ကျောင်းသား ကျောင်းသူ ကလေးသူငယ်များအား ကျောင်းလခ၊ စာရေးကိရိယာမှအစ လိုလေသေး မရှိအောင် ဖြည့်ဆည်းပေးနေသည်ကို မြင်တွေ့ရသည်။ ဆရာ ဆရာမများ အတွက်လည်း ပညာရေးမြှင့်တင်ပေးမှုနှင့် အထောက်အပံ့များကို တတ်နိုင်သလောက်ဖြည့်ဆည်းပေးသည်ကို ကြားသိရသည်။

သို့သော် ကျောင်းသား ကျောင်းသူများလောကတွင် ကျူရှင်စနစ် ရှိနေသေးသည်မှာ အခြေခံပညာလိုအပ်ချက်ဟု ထင်မြင်မိသည်။ ကျူရှင် ယူခြင်း၊ မယူခြင်းမှာ ကျောင်းသား ကျောင်းသူလေးများနှင့် မိဘများအပေါ်တွင်မူတည်သည်။ ကျူရှင်မယူဘဲ ထူးချွန်ပေါက်မြောက်သော ကလေးသူငယ်တို့ကို ကျေးလက်များတွင် တွေ့ရသည်။ ထို့ကြောင့် ပညာရေးတွင် ကျူရှင်ယူခြင်း၊ မယူခြင်းထက် ကျောင်းသား ကျောင်းသူများ၏ ကြိုးစားအားထုတ်မှုသည်သာ ပို၍အရေးပါလိမ့်မည်။ အကယ်၍ ကျူရှင်ပြ သောဆရာ ဆရာမထံတွင် ကျူရှင်မတက်သော ကျောင်းသား ကျောင်းသူမှာ စာတော်ပါလျက် အမှတ်ကောင်းမရလျှင် လိုအပ်ချက်တစ်ဖက်ဖက်တွင်ရှိနေမည်မှာ အမှန်ဖြစ်သည်။

ကျူရှင်ဟူသည်မှာ ကျောင်းမှ ဆရာ ဆရာမစာမပြလျှင်လည်း ပြင်ပမှဆရာ ဆရာမများက အခကြေးငွေဖြင့် ပြသလိမ့်မည်ဖြစ်သည်။ အရင်းခံအဓိကအချက်မှာ ဆရာ ဆရာမများသာ အခရာဖြစ်၍ ကလေးငယ်များအား ကျောင်းတွင်သင်ကြားမှု၊ သင်ယူမှုပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ရေးပင်ဖြစ်သည်။ ဆရာဟူသည် နာသုံးနာဖြင့် အသက်မွေး ဝမ်းကျောင်းပြုသူများဖြစ်သည်။ စာသင်ကျောင်းနှင့် ဆရာများ၏လိုအပ်ချက်များ ပြည့်စုံနေပါက ဆရာ့စေတနာနှင့် ဆရာ့ပညာတို့ကို ဆရာစားမချန်ဘဲ ကျောင်းသား ကျောင်းသူတို့၏ ဦးနှောက်နှင့် နှလုံးသားအတွင်း စိမ့်ဝင်ပျံ့နှံ့ဝင်ရောက်နေမည်ဖြစ်သည်။

ပင်ကိုအခံကောင်းရုံဖြင့် ကျောင်းတွင်ပျော်၍ စာတော်သော ကလေးများဖြစ်လာစေရန် ကျောင်းသား၊ ဆရာနှင့်ပတ်ဝန်းကျင်တည်းဟူသော ဤသုံးချက် ဟန်ချက်ညီဖို့လိုအပ်မည်။ ပတ်ဝန်းကျင်ဟုဆိုရာ၌ မိဘအုပ်ထိန်းသူများ၊ ရပ်ကွက်၊ကျေးရွာမှ မိဘပြည်သူများ၊ စေတနာရှင်များ၊ အသင်းအဖွဲ့များလည်း တက်ညီလက်ညီ ပါဝင်ဖို့လိုမည်။ အဓိကကျသော အဖွဲ့အစည်းမှာ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်သည်။ ထိုအထဲတွင် အရေးအကြီးဆုံးဖြစ်သည့် ဆရာ ဆရာများအား လုံလောက်သော အထောက်အပံ့ကောင်းများ ဖြည့်ဆည်းပေးထားနိုင်ရေးလည်း လိုအပ်မည်။

ကျောင်းသား၊ ဆရာ၊ ပတ်ဝန်းကျင်အခြေခံကောင်းများ ရရှိထားမှသာလျှင် သာယာချမ်းမြေ့သော ပျော်ရွှင်ဖွယ်ရာ ကျောင်းတော်သာဖြစ်လိမ့်မည်။ ကျူရှင်စနစ်မှာလည်း တဖြည်းဖြည်းတိမ်ကောပပျောက်၍ ကျောင်းနေပျော်ပြီး ပတ်ဝန်းကျင်ကောင်းကို ဖန်တီးနိုင်သော ပညာချွန်သည့် ကလေးငယ်များ အမြောက်အမြားပေါ်ထွက်လာပေလိမ့်မည်။ လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက ကျူရှင်စနစ်မှာ ပေါ်ထွက်ခဲ့သည်။ ကျောင်းတွင်းသင်ကြားတတ်မြောက်မှုထက် ပိုတော်အောင်၊ ဂုဏ်ထူးထွက်အောင်၊ အတန်းအောင်အောင် ကျောင်းသင်ပညာကိုသာမက ပြင်ပကျူရှင်များကိုလည်း ကျောင်းသားများကိုယ်တိုင် ရွေးချယ်တက်ရောက်ခဲ့ကြသည်။ ထိုစဉ်က စေတနာဆရာများ သင်ပြမှုလိုအပ်ချက်ကြောင့်မဟုတ်ချေ။ ကျောင်းသားများ၏ ရွေးချယ်မှုအရ အပိုသင်ကြားမှု ကျူရှင်အလေ့အထများဖြစ်လာပြီး ယနေ့ထက်တိုင် အမြစ်ပြတ်သွားခြင်းမရှိချေ။ ကျူရှင် မယူသောသူများ စာပိုတော်သည့် ပုံရိပ်ကိုဖော်ဆောင်နိုင်မှသာလျှင် ကျူရှင်စနစ်မှာ တိမ်ကောသွားနိုင်သည်။

ပတ်ဝန်းကျင်ကောင်းကို ဖန်တီးနိုင်ရန်မှာ ကျောင်းတွင်သင်ကြားမှု လုံလောက်ပြီး စာသင်ချိန်ပြင်ပတွင် ကလေးသူငယ်များ ကာယ၊ ဥာဏ စာရိတ္တမှအစ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ပတ်ဝန်းကျင်ကောင်းများ ပြန်လည်ဖော်ထုတ် ဖန်တီးပေးသွားနိုင်ရန်လိုအပ်သည်။ ယခုအခါ ကျောင်းပတ်ဝန်းကျင်တွင် ကျောင်းသားကလေးငယ်များအတွက် ဝန်းကျင်ကောင်းများ ကွယ်ပျောက်ခဲ့ပြီဖြစ်သည်။ ယင်းတို့ကို ပြန်လည်ဖော်ထုတ် ဖန်တီးပေးရန် လိုအပ်ပေလိမ့်မည်။

သို့မှသာ ကျောင်းနေပျော်ပြီး ပညာချွန်သောကလေးငယ်များ ပေါ်ထွက်လာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ရပ်ရွာပတ်ဝန်းကျင်ကောင်းမှသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ။

No comments:

Post a Comment