Tuesday, June 28, 2016

မြန်မာ့ဂီတနေ့ အထိမ်းအမှတ်ပွဲတော် မန္တလေးမြို့၌ ကျင်းပ



မန္တလေး ဇွန် ၂၇

မန္တလေးဂီတအစည်းအရုံးမှ ကျင်းပသော စတုတ္ထအကြိမ်မြောက် မြန်မာ့ ဂီတနေ့ အထိမ်းအမှတ်ပွဲတော်ကို မန္တလေးမြို့ (၂၆)လမ်းနှင့် (၇၅)လမ်း ထောင့် YMCA ရှိ ဦးဘအုန်းခန်းမ၌ကျင်းပရာ ဂီတရပ်ဝန်းနယ်ပယ် အသီးသီးမှပညာရှင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ဂီတအစည်းအရုံးဥက္ကဋ္ဌနှင့် မြို့မအပျော်တမ်းတူရိယာအသင်းဥက္ကဋ္ဌ ဒေါက်တာလှခိုင်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံဂီတအစည်း အရုံးမှ ဂီတနှင့်ပတ်သက်သည့် မြန်မာ့ ဂီတနေ့အဖြစ် နေ့တစ်နေ့ကို သတ်မှတ်သင့်ကြောင်း ဆုံးဖြတ်ခဲ့ရာ လွတ်လပ်ရေးမရမီခေတ်က မြန်မာ နိုင်ငံလုံးဆိုင်ရာ တို့ဗမာအစည်းအရုံး အစည်းအဝေးပွဲကြီးတွင် ဝိုင်အမ်ဘီ သခင်တင် ရေးသားစပ်ဆိုခဲ့သည့် 'တို့ဗမာ'သီချင်းအား ပထမဦးဆုံး စတင်သီဆိုခဲ့သည့် ဇွန် ၂၇ ရက်ကို မြန်မာ့ဂီတနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ မန္တလေးမြို့တွင် ၂ဝ၁၄ ခုနှစ် မြန်မာ့ ဂီတနေ့ကျင်းပစဉ်က ရရှိခဲ့သော အလှူငွေများများကို ဘိုးဘွားရိပ်သာ၊ စစ်ကိုင်းနားမကြားသူများကျောင်း၊ ပန်းပျိုးသူတို့ စာသင်ဝိုင်းများသို့ လှူဒါန်းခြင်း၊ ၂ဝ၁၅ ခုနှစ် မြန်မာ့ဂီတ နေ့ကရရှိခဲ့သည့် အလှူငွေများကို သုခရိပ်မြုံမိဘမဲ့ကလေးများကျောင်းသို့လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင်ရရှိမည့် အလှူငွေများကို ဇွန် ၂၈ ရက်တွင် စတင်ဖွဲ့စည်းမည့် ''ဂီတလူငယ်များ ပရဟိတအဖွဲ့''သို့ လွှဲအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယနေ့အခမ်းအနားတွင် မြို့မ အပျော်တမ်းတူရိယာအဖွဲ့၊ မြန်မာမှု တေးဂီတအဖွဲ့များ၊ ခေတ်ပေါ်တေး ဂီတအဖွဲ့များက အခမ်းအနားတက် ရောက်လာသူများကို တေးသံသာများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။

''အဖွဲ့အစည်းဆိုင်ရာ၊ ပညာရပ် ဆိုင်ရာနယ်ပယ်များတွင် သတ်မှတ်နေ့တစ်နေ့ရှိသင့်ကြောင်း၊ ထိုနည်းတူ အဖွဲ့အစည်းတွင် ပါဝင်သူများအတွက် သာရေး၊ နာရေးမှအစပြုပြီး ကိစ္စ အရပ်ရပ်တွင် အတူတကွပူးပေါင်း ဆောင်ရွက်ရန် ပရဟိတအဖွဲ့အစည်း တစ်ရပ်လည်းရှိသင့်ကြောင်း၊ မြန်မာနိုင်ငံတွင် မြန်မာ့ဂီတနေ့ဖြစ်ပေါ်လာပြီ ဖြစ်သကဲ့သို့ မန္တလေးမြို့တွင်လည်း ဂီတနယ်ပယ်မှလူများအတွက် ဂီတလူငယ်ပရဟိတအဖွဲ့ ပေါ်ပေါက်လာတော့မည်ဖြစ်သည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း'' မန္တလေးတိုင်းဒေသကြီး ဂီတအစည်း အရုံးဥက္ကဋ္ဌနှင့် မြို့မအပျော်တမ်း တူရိယာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ လှခိုင်တို့က မှတ်ချက်ပြုပြောကြားသည်။

အေးမြ(မန္တလေး)

No comments:

Post a Comment