Tuesday, June 28, 2016

(28.6.2016) ကြေးမုံစာတည်းရှုထောင့်

ဗြိတိန်ခွဲထွက်ရေးမှပေးသော အတွေးအမြင်များ
=============================
ဗြိတိန်လူထုက ဥရောပသမဂ္ဂမှ နုတ်ထွက်မည်ဟုဆုံးဖြတ်လိုက်သောအခါ အံ့သြတုန်လှုပ်မိပါသည်။ ဥရောပသမဂ္ဂမှ ခွဲထွက်ရန်ဆုံးဖြတ်လိုက်သော ဗြိတိန်လူထု၏ဆန္ဒမဲအရေအတွက်သည် တွဲရေးလိုလားသော ဗြိတိန်လူထု၏ ဆန္ဒမဲအရေအတွက်ထက် များစွာကွာခြားမှုမရှိသည်ကို သတိပြုမိပါသည်။ ဆန္ဒမဲအရေအတွက်အရ ပြောမည်ဆိုပါက ခွဲရေးသည်တွဲရေးထက် ဆန္ဒမဲ ၁၂၆၉၅ဝ၁ သာများခြင်းဖြစ်ပြီး ရာခိုင်နှုန်းအရ ပြောမည်ဆိုပါက ၃ ဒသမ ၈ရာခိုင်နှုန်းသာ အသာရရှိခြင်းဖြစ်ပါသည်။ ဤလူထုဆန္ဒခံယူပွဲမှ ထွက်ပေါ် လာသော ဆန္ဒမဲများအရ ဗြိတိန်-ဥရောပသမဂ္ဂဆက်ဆံရေးနှင့်စပ်လျဉ်း၍ ဗြိတိန်နိုင်ငံသည် နှစ်ပိုင်းကွဲနေသည်ဟု ပြောနိုင်ပါသည်။ ဗြိတိန်နိုင်ငံနှင့် ဥရောပတစ်တိုက်လုံးသာမက တစ်ကမ္ဘာလုံးကိုပါ ပြင်းထန်သောငလျင် လှုပ်ခါယမ်းသကဲ့သို့ တုန်လှုပ်ချောက်ချားစေသောရလဒ်ကို ဤမျှသော ဆန္ဒမဲအသာဖြင့် ဆုံးဖြတ်ခဲ့ခြင်းသည် ပို၍တုန်လှုပ်ချောက်ချားစရာကောင်း သည်ဟု ခံစားရပါသည်။
မများလှသော အသာရဆန္ဒမဲတို့၏ ဆုံးဖြတ်ပြဋ္ဌာန်းချက်ဖြင့် ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂမှခွဲထွက်ရေးလုပ်ငန်းစဉ်တို့ကို စေ့စပ်ညှိနှိုင်းရတော့မည် ဖြစ်ပါသည်။ ဗြိတိန်နှင့်တကွ ဥရောပတစ်တိုက်လုံးသည် မရေရာသော အနာဂတ်ကာလတစ်ရပ်ကို ဖြတ်သန်းရတော့မည်ဖြစ်ပါသည်။ ဤမရေရာသော အနာဂတ်ကို ကျန်တစ်ကမ္ဘာလုံးလည်း အတူတကွ ဖြတ်သန်းရမည်မှာ သေချာနေပြီဖြစ်ပါသည်။ လန်ဒန်ထိပ်သီးကုမ္ပဏီတို့၏ စတော့ရှယ်ယာသည် ၃ ဒသမ ၁၅ ရာခိုင်နှုန်းကျဆင်းခဲ့သကဲ့သို့ ဝေါလ်စထရိစတော့ရှယ်ယာတို့ သည်လည်း ၃ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။ ရှန်ဟိုင်းစတော့ရှယ်ယာ ဈေးနှုန်းတို့သည်လည်း ၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ဥရောပ သမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေးဆုံးဖြတ်ချက်သည် တစ်ကမ္ဘာလုံးကိုကိုင်လှုပ်ခဲ့သည်မှာ ရှင်းလင်းမြင်သာသော အချက်ဖြစ်ပါသည်။ ဗြိတိန်အရေး ဗြိတိန်သာ ဆုံးဖြတ်ရမည်ဟူသော အမျိုးသားရေးဇာတိမာန် နှလုံးသားခံစားချက်တို့သည် ဥရောပတိုက်၏ တောက်ပြောင်သောအနာဂတ်ကို ဥရောပတိုက်သားတို့၏ စုစည်းညီညွတ်သောအင်အားဖြင့် ဖန်တီးရမည်ဟူသော ဥာဏ်ပညာအမြော် အမြင်ကို အလဲထိုးလိုက်ခြင်းဖြစ်ပါသည်။ နိုင်ငံရေးသုံးသပ်ဝေဖန်သူတို့က ဗြိတိန်၏နမူနာကို လိုက်ပါဆောင်ရွက်မည့် ဥရောပနိုင်ငံများရှိနေသည်ကို ထောက်ပြကြပါသည်။
ဤထောက်ပြချက်သာ မှန်ကန်ပါက ဥရောပသမဂ္ဂ ဗျူရိုကရေစီယန္တရား၏ကြိုးနီစနစ်သည် တင်းကျပ်လွန်းသည်ဆိုသော အယူ အဆတို့အပေါ် အလေးအနက်ထားသုံးသပ်ရန် လိုအပ်မည်ဟု ယူဆမိပါသည်။
ဗြိတိန် ဥရောပသမဂ္ဂမှခွဲထွက်ရေး ကိစ္စရပ်သည် မြန်မာနိုင်ငံ၏ ပြည်ထောင်စုရေးရာကိစ္စရပ်များ(သို့မဟုတ်) တိုင်းရင်းသားလူမျိုးစုရေးရာကိစ္စရပ်များကိုင်တွယ်ရာ၌ သတိထားသင့်သောကိစ္စရပ်များကို မီးမောင်းထိုးပြသ နေသည်ဟု ယူဆမိပါသည်။ ဗြိတိန်သည် ဥရောပသမဂ္ဂမှခွဲထွက်မည်လား (သို့မဟုတ်) ဗြိတိန်သည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်ဆက်နေမည်လား ဟူသော လူထုဆန္ဒခံယူပွဲမေးခွန်းသည် ဗြိတိန်လူထုကို အစွန်းနှစ်ပါးသို့တွန်းပို့ နေသည်ဟုခံစားမိပါသည်။ ဗြိတိန်လူထု၏ နစ်နာသည်ဟုခံစားရသော အချက်များအပေါ် ဥရောပသမဂ္ဂနှင့်ဆွေးနွေးညှိနှိုင်းရန်မည်မျှအချိန်ပိုယူ မည်လားဟူသောမေးခွန်းမျိုးပါဝင်ပါက လူထုဆန္ဒခံယူပွဲ၏ရလဒ်သည် တစ်မျိုး တစ်ဖုံဖြစ်ကောင်းဖြစ်မည်ဟု ထင်မြင်မိပါသည်။ မြန်မာနိုင်ငံ၌လည်း ရှစ် ပြည်နယ်ဖက်ဒရယ်ပြည်ထောင်စု ထူထောင်မည်လား(သို့မဟုတ်) ပြည်တွင်းစစ် ဆက်ဆင်နွှဲမည်လားဟူသော အတွေးအမြင်သည် အဖြေမရနိုင်သောအစွန်း နှစ်ပါးသို့တွန်းပို့နေသကဲ့သို့ လက်နက်စွန့်မည်လား (သို့မဟုတ်)ငြိမ်းချမ်းရေး ဆွေးနွေးပွဲထိုင်မည်လားဟူသော မေးခွန်းမျိုးသည်လည်း ပြည်တွင်းစစ်သံသရာ ဝဲသြဃအတွင်းသို့သာသက်ဆင်းစေမည်သာဖြစ်ပါသည်။
တိုင်းရင်းသားလူမျိုးစု တို့၏ ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းပိုင်ခွင့်ကို မည်သို့မည်ပုံအကောင်အထည်ဖော် မည်ဟူသော ချဉ်းကပ်ပုံမျိုးသည်သာ စစ်မှန်သောအဖြေရရှိရေးအတွက် အခြေအနေကောင်းတို့ကို ဖန်တီးပေးမည်ဖြစ်ပါသည်။
အာဆီယံနိုင်ငံတို့ကြား စီးပွားရေးအနိမ့်အမြင့်ကွာခြားသည်ဖြစ်၍ အာဆီယံစီးပွားရေးရိပ်မြုံ(ASEAN Economic Community)ကို အပြည့် အဝကျင့်သုံးဆောင်ရွက်သောအခါ အာဆီယံသည် ဥရောပသမဂ္ဂရင်ဆိုင်ရ သော အလားတူပြဿနာတချို့ကို ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ပစ္စုပ္ပန်အနေအထားပေါ်မူတည်စဉ်းစားပါက အခြားအာဆီယံနိုင်ငံများ၏ ပညာရှင်၊ ဝန်ထမ်း၊ လုပ်သားများက တိုင်းပြည်စီးပွားရေး၏ အချက်အချာ နေရာများ၌ နေရာယူလျက် မြန်မာနိုင်ငံသား ပညာရှင်၊ ဝန်ထမ်း၊ လုပ်သားတို့ က အမိန့်ပေးခံနေရာ(သို့မဟုတ်) ထောက်ပံ့ပြုနေရာများတွင်သာ လုပ်ကိုင်ရသော အနေအထားမျိုးဖြစ်လာနိုင်ပါသည်။ အာဆီယံစီးပွားရေးလုပ်ငန်းများက မြန်မာ့စီးပွားရေးကို ဝါးမျိုသွားခြင်းမျိုးလည်း ဖြစ်လာနိုင်ပါသည်။ မြန်မာ နိုင်ငံ၏ အတတ်ပညာ၊ ကျွမ်းကျင်မှု၊ ကုန်ထုတ်စွမ်းအား၊ အခြေခံအဆောက် အအုံစသည့် စသည့်လိုအပ်ချက်များကို အရှိန်အဟုန်မြှင့် ပျိုးထောင် တည်ဆောက်ရန် အရေးတကြီးလိုအပ်နေပြီဖြစ်ပါသည်။
တိုင်းပြည်က ရင်ဆိုင် ရလျက်ရှိသော ပြဿနာအခက်အခဲများကို ကိုင်တွယ်ရာတွင် တိုင်းပြည်၏ ပကတိအခြေအနေအပေါ်မူတည်ပြီး လိုအပ်သလို အလျှော့အတင်းလုပ် ချိန်ဆကိုင်တွယ်ရန် ဗြိတိန်ခွဲထွက်ရေးက မီးမောင်းထိုးညွှန်ပြနေသည်ဟု ခံယူမိကြောင်း တင်ပြအပ်ပါသည်။ ။

No comments:

Post a Comment