Tuesday, June 28, 2016

ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဆဋ္ဌမအကြိမ်အစည်းအဝေးပြုလုပ်




The Mirror Daily's photo.


ရန်ကုန် ဇွန် ၂၇

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC-U) ၏ ဆဋ္ဌမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ပိုင်းက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရန်ကုန်ရုံးခွဲ၌ ပြုလုပ်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)၏ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဥက္ကဋ္ဌ(၁) စောအိုင်း ဇက်ဖိုးနှင့် JMC-U ဒုတိယဥက္ကဋ္ဌ(၂)ဦးကိုကိုကြီးတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

ယနေ့ပြုလုပ်သည့် အစည်အဝေး နှင့်ပတ်သက်၍ JMC-U ဒုတိယ ဥက္ကဋ္ဌ(၁) စောအိုင်းဇက်ဖိုးက "JMC-U အစည်းအဝေးမှာ ဆွေးနွေးတဲ့ ကိစ္စရပ်တွေကို မနက်ဖြန်အစည်းအဝေးမှ သိနိုင်မယ်။ လောလောဆယ်တော့ JMC-S ပေါ့။ မွန်နဲ့ကရင်မှာ လုပ်ဖို့ရှိတယ်။ အခုလောလောဆယ် JMC အဖွဲ့ တွေ ထပ်ဖွဲ့ဖို့ပဲရှိတယ်။ CSOs အဖွဲ့တွေကိုတော့ JMC နဲ့ပတ်သက်တာတွေ ဦးကိုကိုကြီးက ပြောပြပါလိမ့်မယ်။ လုပ်ငန်းတွေဖွဲ့စည်းဖို့၊ ရုံးအဖွဲ့ဖွဲ့ဖို့နဲ့ ငွေရေးကြေးရေးကိစ္စတွေ ဆွေးနွေးဖြစ်တယ်။ ငွေရေးကြေးရေးက အခုထိအဆင်ပြေတာ မဟုတ်သေးဘူး။ မနက်ဖြန်မှာတော့ JMC မှာ အရပ်သား အဖွဲ့က အရပ်သားပါဝင်မှုနဲ့ပတ်သက်ပြီး ဆွေးနွေး မယ်'' ဟုပြောသည်။

ဇွန် ၂၇ မှ ၂၈ ရက်နေ့အထိ နှစ်ရက်တာ ကျင်းပသွားမည့် ဆဋ္ဌမအကြိမ်မြောက် JMC-U အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် JMC-S အား ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် JMC-S ဖွဲ့စည်းနိုင်ရန် ခရီးစဉ်ဆွေးနွေးခြင်း၊ JMC-TSC ယာယီအဖွဲ့ရုံး၏ သုံးလတာနောက်ပိုင်းဖြစ်ပေါ်လာမည့် အခြေအနေများအပေါ် လုပ်ဆောင်ရမည့်အပိုင်းများ၊ JMC ၏လုပ်ငန်းများ အကောင်အထည်ဖော်ရန်အတွက် သုံးနှစ်စာဘတ်ဂျက်နှင့် လုပ်ငန်းအစီအစဉ်ရေးဆွဲရန် အလုပ်အဖွဲ့ဖွဲ့စည်းရေးဆွေးနွေးခြင်း၊ အရပ်သားစောင့်ကြည့်ရေးဆိုင်ရာ အကြောင်းအရာများ ဆွေးနွေးခြင်း၊ JMC ဆိုင်ရာအချက်အလက်စနစ် (database) တည်ထောင်ရန် အလုပ်အဖွဲ့ဖွဲ့စည်းရန် ဆွေးနွေးခြင်း၊ မိုင်းရှင်းလင်းရေး(Demining) ကိစ္စအား ဆွေးနွေးခြင်းတို့ ပါဝင်မည်ဖြစ်သည်။

JMC-U ဒုတိယဥက္ကဋ္ဌ(၂) ဦးကိုကိုကြီးက ''အစည်းအဝေးက နှစ်ရက်လုပ်မှာ။ ဒီနေ့မှာ မပြီး ပြတ်သေးတာတွေကို မနက်ဖြန်လည်း ဆက်ဆွေး နွေးဦးမှာ။ မနက်ဖြန်ပြီးမှပဲ ပြောတာကောင်းတယ်။ အရပ်သားစောင့်ကြည့်ရေးဆိုင်ရာကိစ္စကိုတော့ မနက်ဖြန်မှ ကျွန်တော်တင်ပြမယ်။ CSOs နဲ့ JMC-U က အရပ်သားကိုယ်စားလှယ်တွေ တွေ့တာတော့ ကျွန်တော်တွေ့ပြီးပြီ''ဟု ပြောသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် JMC-S အား ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဖွဲ့စည်းနိုင်ရန် ခရီးစဉ်ဆွေးနွေးခြင်းနှင့် ပတ်သက်၍ ''ပြည်နယ်အဆင့် JMC-S ဖွဲ့ဖို့ အတွက် အဓိကက မွန်နဲ့ကရင်ပဲ အရင်ဖြစ်မယ် ထင်တယ်။ လုပ်ဖြစ်ရင်တော့ ဇွန် ၂၉ နဲ့ ၃ဝ လောက်မှာ စနိုင်မယ်ထင်တယ်။ ပဲခူးကတော့ မဖြစ်လောက်သေးဘူး''ဟု KNU/KNLA မှ စောအိုင်းဇက်ဖိုးက ပြောသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ ဆဋ္ဌမအကြိမ် ဒုတိယနေ့ အစည်းအဝေးကို ဇွန်၂၈ ရက် နံနက် ၉ နာရီတွင် NRPC ၌ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။
(သတင်း-ရဲခေါင်ညွန့်၊ ဓာတ်ပုံ-JMCU)

No comments:

Post a Comment