Wednesday, June 1, 2016

တိုင်းရင်းသားအရေးနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

အယ်ဒီတာအာဘော်

အစိုးရသစ်လက်ထက်ဖွဲ့စည်းခဲ့သော ဝန်ကြီးဌာန ၂၁ ခုတွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနတစ်ခု ပါဝင်ခဲ့သည်။ ၄င်းဝန်ကြီးဌာနကို မူလက တိုင်းရင်းသားရေးရာဝန်ကြီးဌာနဆိုရာမှ ယခုတိုင်းရင်းသား အားလုံးကို ကိုယ်စားပြုရာရောက်စေရန် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲခေါ်ဝေါ်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ယခုယူဆချက်များအရ ထိုတိုင်းရင်းသားများတွင် ဗမာလူမျိုးကြီး သည်လည်း တိုင်းရင်းသားတစ်မျိုးအဖြစ် ပါဝင်နေပါသည်။

တိုင်းရင်းသားများအရေးကို သီးခြားဆောင်ရွက်ပေးနိုင်မည့် ပုံစံ တစ်ရပ်ကို ရှာဖွေခဲ့ခြင်းမှာ အောင်ဆန်း-အက်တလီစာချုပ်ကတည်းက ဟုဆိုရမည်ဖြစ်သည်။ ၄င်းစာချုပ်၏ နယ်ခြားဒေသများဆိုသော အခန်း တွင် ''နယ်ခြားဒေသကိစ္စများပေါ်တွင် ဘုရင်ခံမင်းကြီးကို အကြံပေး ရန်နှင့် အမှုဆောင်ကောင်စီနှင့် ရင်းနှီးစွာဆက်ဆံရန် နယ်ခြားကိုယ်စား လှယ်ခန့်ထားခြင်းဖြင့် လည်းကောင်း (သို့မဟုတ်) နယ်ခြားကိစ္စများကို အုပ်ချုပ်သောဝန်ကြီးအဖြစ်ဖြင့် နယ်ခြားဒေသကိုယ်စားလှယ်တစ်ဦး ခန့်ထားခြင်းဖြင့်လည်းကောင်း'' ဆိုပြီး ဖော်ပြပါဝင်ခဲ့ခြင်းဖြစ်သည်။
ထို့အတူအောင်ဆန်း-အက်တလီစာချုပ်၏ အဆက်ဖြစ်သည့် ပင်လုံစာချုပ်တွင်လည်း တောင်တန်းသားများ၏ ကိုယ်စားလှယ်တစ်ဦးကို ဘုရင်ခံကရွေးချယ်ပြီး နယ်စပ်ဒေသကိစ္စများနှင့်ပတ်သက်၍ ဆောင်ရွက် ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရန်၊ ထို့နောက် ''အဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်ကို ၄င်းလူမျိုးချင်းမတူသော ဒုတိယအတိုင် ပင်ခံပုဂ္ဂိုလ်နှစ်ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ် နှစ်ဦးတို့သည် ၄င်းတို့အသီးသီးသက်ဆိုင်သည့်နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြားနယ်စပ်ဒေသအားလုံး တို့၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်လည်းဖြစ်သည်''ဟု ဖော်ပြထားခြင်း ဖြစ်သည်။
၁၉၅၅ ခုနှစ် အစိုးရဖွဲ့စည်းပုံတွင် ဝန်ကြီးဌာန ၂၄ ခုရှိရာတွင် 'အမျိုးသားစည်းလုံးညီညွတ်ရေးဝန်ကြီး'ဟူ၍ တစ်နေရာပါဝင်ခဲ့ပြီး ဆမားဒူးဝါးဆင်ဝါးနောင်က ဝန်ကြီးတာဝန်ယူခဲ့သည်ကို တွေ့ရသည်။ ထိုဝန်ကြီးနေရာမှာ ယခုဖွဲ့စည်းသော တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် အလားသ္ဌာန်တူဌာနဟု ယူဆရသည်။ ထို့နောက်ပိုင်း ခေတ်များတွင်မူ သက်ဆိုင်ရာတိုင်း/ပြည်နယ်များတွင် သက်ဆိုင်ရာ လူမျိုးများ ခန့်ထားခဲ့ခြင်းရှိသော်လည်း လူမျိုးများအားလုံးကိုခြုံငုံ၍ သက်ရောက်စေမည့် ဝန်ကြီးဌာနမျိုးမရှိခဲ့ပေ။ မဆလအစိုးရလက်ထက် ၁၉၈ဝ လောက်ကKIA နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်KIA ဘက်မှ ထိုဝန်ကြီးဌာနနှင့် အလားသ္ဌာန်တူ ဝန်ကြီးဌာနမျိုး ဖွဲ့စည်းပေးရန် တင်ပြချက်တစ်ခုပါဝင်ခဲ့သည့်မှတ်တမ်းများတွေ့ရသည်။

ယခု တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဖွဲ့စည်းနိုင်ခြင်းမှာ ခေတ်အဆက်ဆက်က လိုအပ်လာသော လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်း ပေးနိုင်ခြင်းဟု ယူဆနိုင်ပါသည်။ ယခု ထိုဝန်ကြီးဌာနကို လူအင်အား ၁၁ဝဝ ကျော်၊ ဦးစီးဌာနနှစ်ခုဖြင့် ဖွဲ့စည်းရန် စတင်ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ ၄င်းဦးစီးဌာနနှစ်ခုမှာ တိုင်းရင်းသားအခွင့်အရေး ကာကွယ် စောင့်ရှောက်သည့်ဌာနနှင့် တိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ ဖွံ့ဖြိုးတိုးတက်ပြီး လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိလာစေ ရန် ဆောင်ရွက်မည့် ဌာနဟူ၍ ဖြစ်သည်။

တိုင်းရင်းသားရေးရာများနှင့် ပတ်သက်၍ 'တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ' တစ်ရပ်ကို ၂ဝ၁၅ ဖေဖော်ဝါရီလက ပြဋ္ဌာန်းခဲ့ခြင်းရှိခဲ့သည်။ ဝန်ကြီးဌာနများတွင်လည်း နယ်စပ်ရေးရာဝန်ကြီးဌာနတစ်ခုရှိနေပြီး သက်ဆိုင်ရာ တိုင်း/ ပြည်နယ် များတွင်လည်း သက်ဆိုင်ရာ တိုင်းရင်းသားရေးရာဝန်ကြီးများရှိနေပါ သည်။ ထိုရှိပြီး ဝန်ကြီးဌာနများနှင့် ချိတ်ဆက်လုပ်ဆောင်ရမည့် အစီ အစဉ်များလည်း ခိုင်မာစွာရှိရန်လိုအပ်ပါသည်။ ထို့ပြင် ဝန်ကြီးဌာန အနေဖြင့် တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့်ပါ ထိတွေ့ဆက်ဆံပြီး ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါဝင်ကူညီနိုင်မှုလည်း ရှိရန် လိုပါသည်။
အားလုံး၏ရည်မှန်းချက်ပန်းတိုင်မှာ သမ္မတမိန့်ခွန်းပါအတိုင်း ဒီမို ကရေစီအခြေခံသော ဖက်ဒရယ်နိုင်ငံတစ်ခု ပေါ်ထွန်းရေးဖြစ်သည်။ ထိုဦးတည်ချက်သို့သွားရာ ဖြစ်စဉ်တစ်လျှောက်လုံးတွင်လည်း ထင်သာ မြင်သာသောရလဒ်များပေါ်ထွက်အောင် ကြိုးပမ်းရမည်ဖြစ်ရာ တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာနသည် အရေးကြီးသောနေရာမှ ပါဝင် လာမည်ဟု မျှော်လင့်ရပါကြောင်း ရေးသားရပါသည်။

No comments:

Post a Comment