Tuesday, June 28, 2016

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဆဋ္ဌမအကြိမ်စည်းဝေး



သတင်း - ရဲခေါင်ညွန့်
ဓာတ်ပုံ - JMC-U 

ရန်ကုန် ဇွန် ၂၇
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U )၏ ဆဋ္ဌမအကြိမ် အစည်း အဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ရန်ကုန်ရုံးခွဲတွင် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဥက္ကဋ္ဌ(၁) စောအိုင်းဇက်ဖိုးနှင့်JMC-U ဒုတိယဥက္ကဋ္ဌ(၂) ဦးကိုကိုကြီး တို့က နှုတ်ခွန်းဆက်စကားများ ပြော ကြားကြသည်။
ယနေ့ကျင်းပသည့် အစည်းအဝေး နှင့်ပတ်သက်၍ JMC-U ဒုတိယ ဥက္ကဋ္ဌ(၁)စောအိုင်းဇက်ဖိုးက '' JMC-U အစည်းအဝေးမှာ ဆွေးနွေးတဲ့ ကိစ္စရပ်တွေကို မနက်ဖြန်အစည်းအဝေး မှ သိနိုင်မယ်။ လောလောဆယ်တော့ JMC-S ပေါ့၊ မွန်နဲ့ ကရင်မှာ လုပ်ဖို့ရှိ တယ်။ အခုလောလောဆယJMCအဖွဲ့ တွေ ထပ်ဖွဲ့ဖို့ပဲရှိတယ်။ CSOs အဖွဲ့ တွေ ကိုတော့ JMC နဲ့ပတ်သက်တာတွေ ဦးကိုကိုကြီးက ပြောပြပါလိမ့်မယ်။ လုပ်ငန်းတွေဖွဲ့စည်းဖို့၊ ရုံးအဖွဲ့ ဖွဲ့ဖို့နဲ့ ငွေရေးကြေးရေးကိစ္စတွေ ဆွေးနွေးဖြစ် တယ်။ ငွေရေးကြေးရေးက အခုထိ အဆင်ပြေတာမဟုတ်သေးဘူး။မနက်ဖြန် မှာတော့JMC မှာ အရပ်သားအဖွဲ့က အရပ်သားပါဝင်မှုနဲ့ပတ်သက်ပြီး ဆွေးနွေး မယ်''ဟု ပြောသည်။
ဇွန် ၂၇ ရက်မှ ၂၈ ရက်အထိ နှစ်ရက် တာ ကျင်းပသွားမည့် ဆဋ္ဌမအကြိမ် မြောက်JMC-U အစည်းအဝေးတွင် ပြည်နယ် တိုင်းအဆင့် JMC-S အား ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင်JMC-S ဖွဲ့စည်းနိုင် ရန် ခရီးစဉ်ဆွေးနွေးခြင်း၊JMC-TSC ယာယီအဖွဲ့ရုံး၏ သုံးလတာ နောက်ပိုင်း ဖြစ်ပေါ်လာမည့် အခြေအနေများအပေါ် လုပ်ဆောင်ရမည့်အပိုင်းများ၊JMC၏ လုပ်ငန်းများ အကောင်အထည်ဖော်ရန် အတွက် သုံးနှစ်စာဘတ်ဂျက်နှင့် လုပ်ငန်း အစီအစဉ်ရေးဆွဲရန် အလုပ်အဖွဲ့ ဖွဲ့စည်း ရေးဆွေးနွေးခြင်း၊ အရပ်သားစောင့် ကြည့်ရေးဆိုင်ရာ အကြောင်းအရာများ ဆွေးနွေးခြင်း၊ JMC ဆိုင်ရာ အချက် အလက်စနစ်( database) တည်ထောင် ရန် အလုပ်အဖွဲ့ဖွဲ့စည်းရန် ဆွေးနွေးခြင်း၊ မိုင်းရှင်းလင်းရေး(Demining) ကိစ္စ အား ဆွေးနွေးခြင်းတို့ ပါဝင်မည်ဖြစ် သည်။ 

JMC-U ဒုတိယဥက္ကဋ္ဌ(၂) ဦးကိုကိုကြီးက ''အစည်းအဝေးက နှစ် ရက်လုပ်မှာ။ ဒီနေ့မှာ မပြီးပြတ်သေးတာ တွေကို မနက်ဖြန်လည်း ဆက်ဆွေးနွေးဦး မှာ။ မနက်ဖြန်ပြီးမှပဲ ပြောတာကောင်း တယ်။ အရပ်သားစောင့်ကြည့်ရေးဆိုင်ရာ ကိစ္စကိုတော့ မနက်ဖြန်မှ ကျွန်တော် တင်ပြမယ်။ CSOs နဲ့JMC-U ကအရပ် သားကိုယ်စားလှယ်တွေ တွေ့တာတော့ ကျွန်တော်တွေ့ပြီးပြီ''ဟု ပြောသည်။
ပြည်နယ် တိုင်းအဆင့်JMC-S အား ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဖွဲ့စည်းနိုင်ရန် ခရီးစဉ်ဆွေးနွေးခြင်းနှင့် ပတ်သက်၍ ''ပြည်နယ်အဆင့်JMC-S ဖွဲ့ဖို့အတွက် အဓိက က မွန်နဲ့ကရင်ပဲ အရင်ဖြစ်မယ် ထင်တယ်။ လုပ်ဖြစ်ရင်တော့ ဇွန် ၂၉ နဲ့ ၃ဝ လောက်မှာ စနိုင်မယ်ထင်တယ်။ ပဲခူးကတော့ မဖြစ်လောက်သေးဘူး''ဟုKNU/KNLA မှ စောအိုင်းဇက်ဖိုးက ပြောသည်။
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U) ၏ ဆဋ္ဌမအကြိမ် ဒုတိယနေ့အစည်းအဝေးကို ဇွန် ၂၈ ရက် နံနက် ၉ နာရီတွင် NRPC ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

No comments:

Post a Comment